ပြည်တော်ပြန်

ပြည်တော်ပြန်ဆိုတာ မဲဆောက်မှာခေတ်စားတယ် တပတ်မှာတခါပြည်တော်ပြန်ဆိုတာရှိတယ်

်တနင်္လာနေ့မှာ အဖမ်းခံရတဲ့သူတွေကတော့ ပြည်တော်ပြန်ထဲပါဖို့များတယ်
ပြည်တော်ပြန်ဆိုတာကလည်း မဲဆောက်ကနေပြန်ပို့ခံရတဲ့မြန်မာပြည်သားကိုမိမိတို့နေရပ်ဌါနေကိုပြန်ပို့တာကိုခေါ်တာပါ။
မြန်မာဘက်ခြမ်း မြ၀တီမြို့မှာ ပြည်တော်ပြန်စခန်းဖွင့်ထားတယ်။
ပြီးခဲ့တဲ့လက ကျနော်နေထိုင်ရာ အလုပ်သမားတန်းလျှားမှာ နံနက်စောစော စစ်တပ်တွေနဲ့ဝိုင်းပြီးလာဖမ်းကြတော့
အလုပ်သမား လက်မှတ် (work permit ) မရှိတဲ့ကျနော်လည်းဖမ်းတဲ့အထဲပါသွားတယ် ။
တောမောရုံး(လူဝင်မှုကြီးကြပ်ရေးရုံး) အချုပ်ခန်းထဲမှာတနေကုန်ဖမ်းထားပြီးဘာမှလဲမကျွေးဘူးနေ့လည် ၃နာရီလောက်ကြတော့
ဖေါင်တွေဘာတွေဖြည့်ခိုင်းပြီး မြ၀တီဘက်ခြမ်း ချစ်ကြည်ရေးတံတားထိပ်မှာပို့ပေးတယ်။
တခါ တံတားထိပ်ကနေပြီးတော့ပြည်တော်ပြန်စခန်းကိုပို့တယ်။
စခန်းထဲမှာ ပထမဦးဆုံးတန်းစီပြီးထိုင်ခိုင်းတယ် ပြီးတော့ အရာရှိတယောက်ကမိန့်ခွန်းချွေတယ် မြန်မာပြည်ပြန်ပို့ရတဲ့အကြောင်းက ဘာညာကွိကွပေါ့ အဖမ်းခံရတဲ့ ယောင်္ကျား၊ မိန်းမ အယောက် ၁၈၃ ယောက်စလုံး ဘယ်သူမှအိမ်မပြန်ချင်ကြဘူး။
ပြီးရင်သွေးစစ်တယ်၊ ဘိုင်အိုအပြည့်အစုံပါတဲ့ဖောင်ဖြည့်ရတယ်။ အားလုံးပြီးစီးတာနဲ့ ထမင်းကျွေးတယ်။ ထမင်းစားရတဲ့အချိန်က ည ၈နာရီထိုးနေပြီ။ ညအိပ်ခါနီးမှာ အကုန်တန်းစီထိုင် အမှတ်စဉ်ရေ ကိုယ့်နံပါတ်ကိုအော်ရတယ်။ ပြီးရင်အိပ်။
နောက်နေ့မနက် ၁၀ နာရီလောက်မှာ လိုင်းကားလေးစီးနဲ့လာခေါ်တယ်။ အကုန်လုံးကိုဖားအံအထိပို့ပေးမယ်တဲ့။
ဖားအံကနေမှ မိမိနေထိုင်ရာမြို့ကို တဆင့်ကားပြန်စီးပေါ့ ညထဲကတယောက်ကို လမ်းစားရိပ် ငါးရာစီပေးပြီးသား
ဒေါ်လာမဟုတ်ဘူး ဗမာငွေ ။ ပဲခူး ရန်ကုန်လိုခရီးဝေးတဲ့သူတွေဘယ်လိုဆက်သွားမလဲနော်။
ကျနော်လည်းဒီပုံစံနဲ့အိမ်မပြန်ချင်ဘူးလေ။ တပ်မဟာဂိတ်အလွန် ဒေါနတောင်ခြေရောက်တော့
ကားပေါ်ကခုန်ချဆင်းပြေးခဲ့ရတယ်။ အဲဒါမဲဆောက်ကပြည်တော်ပြန်အကျဉ်းချုပ်ပဲရှိသေးတယ်
ပြည့်ပြည့်စုံစုံရေးရင် စာဖတ်တဲ့သူစိတ်ညစ်သွားမှာစိုးရတယ်။

Read More...

ငါးရိုးနင်တဲ့ငွေလမင်း

ဆာကလည်းဆာလောင်
မြို့လယ်ခေါင်ကြီး

လရောင်တောင်မရှိ
ကောင်းကင်မော့ကြည့်မှ
ဟောဟို့ တိုက်အမိုးပေါ်မှာ
ထိုးထိုးထောင်ထောင် အပြိုင်အဆိုင်
တီဗွီတိုင်တွေရှုပ်ယှက်ခတ်
လမျက်နှာ အရိုးနင်နေပုံ
မြင်ရုံနဲ့မော
တောပဲပြန်ချင်တော့ပါတယ်။

( ကဗျာဆရာအောင်ပွင့်ရဲ့ ကောင်းကင်တော်တမ်းချင်း ကဗျာစာအုပ်မှကူးယူဖေါ်ပြသည်။)

Read More...

လူတကာ့ လူ

အမဲတကာ့ အမဲဆုံးက
အိမ်ကြက်ခြင်းသုတ်တဲ့ အိုးမဲကအမဲဆုံး

အမှောင်တကာ့ အမှောင်ဆုံးက
စဉ်းစားဆင်ခြင်ညာဏ်မရှိတဲ့ အမိုက်ကမ္ဘာကအမှောင်ဆုံးပဲ
ရူးတကာ့ အရူးဆုံးက
ဆွေမသိ မျိုးမသိတဲ့ အရိုင်းဆုံးလူသား
ချမ်းသာတကာ့ အချမ်းသာဆုံးက
ဒုစရိုက်နဲ့ ယာဉ်ပါးသောသူ
ဆင်းရဲတကာ့ အဆင်းရဲဆုံးက
စစ်ဖိနပ် အောက်ကလူ
အကြောက်တကာ့ အကြောက်တတ်ဆုံးလူ
အာဏာရှင်
ရဲတကာ့ အရဲဆုံးလူ
ပြည်သူ

Read More...

အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ထိုင်းနိုင်ငံရေးအကြပ်အတည်း

ထိုင်းဝန်ကြီးချုပ် ဆူရာယွတ် ချူလာနွတ် ဆန္ဒမဲပေးနေပုံ


ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံတနိုင်ငံလုံးမှာ ဆန္ဒခံယူပွဲကျင်းပပါတော့မယ်။ ဒါနဲ့ပတ်သက်ပြီး Update ထိုင်းအကြောင်း နဲနဲလောက်မြည်းကြည့်ပါလား၊

သူတို့ ပြည်သူတွေရဲ့ ဘ၀ကလဲ ကျနော်တို့ နဲ့ တူပါ သကောဗျာ။
၂၀၀၆ စက်တင်ဘာ ၁၉ ရက်မှာ စစ်တပ်က အာဏာသိမ်းတယ်။ ၁၉၉၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာ သိမ်းသူတွေက သူတို့အကြိုက် ပြင်ဆင်ရေးဆွဲတယ်။ ဒီနေ့ သြဂုတ်လ ၁၉ ရက်မှာ အတည်ပြုနိုင်ဖို့ ဆန္ဒခံယူပွဲ လုပ်မယ်။မဲပေးခွင့်ရှိတဲ့အသက်ပြည့်သူဦးရေက ၄၅ သန်းလောက်ရှိတယ်။
ဇူလိုင် ၃၁ မှာ အခြေခံဥပဒေမူကြမ်းစာတန်း တွေကို အိမ်ထောင်စု ၁၉ သန်းမှာ ဝေထားတယ်။ ဒါကြောင့် လေ့လာဖို့ အချိန် ၁၈ ရက်ပဲ ရပါမယ်။ အချိန်တိုလွန်းတဲ့အတွက် ဒါကိုလည်း အများက ဝေဖန်ကြ ထောက်ပြကြ ပါတယ်။ အရင်ဖွဲ့စည်းပုံတွေအရဆိုရင် ဆန္ဒခံယူမယ်ဆိုရင် လေ့လာချိန် ၃ လလောက် ပေးရမယ်ဆိုပြီး သတ် မှတ်ထားပါသတဲ့။ အခုတော့ ၁၈ ရက်ပဲ ပေးပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုကထဲက ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၁၇ ခုရှိပြီ။ ဒီတကြိမ်က ၁၈ ခုမြောက်ဖြစ်ပါတယ်။ အာဏာသိမ်းတာတွေကလည်း အဲဒီအချိန်ကစလို့ ၁၇ ကြိမ် ကျော်ပါပြီ။
၁၉၉၇ ဖွဲ့စည်းပုံက ထိုင်းမှာ ဒီလိုခဏခဏဖြစ်နေတဲ့ အာဏာသိမ်းတာတွေကို ကာကွယ်နိုင်ဖို့ ဦးတည်ရေးဆွဲ ထားတာပါ။ ဒါကြောင့် ၉၇ အခြေခံဥပဒေက အာဏာသိမ်းမှုတွေကို ကာကွယ်နိုင်ပြီး ထိုင်းနိုင်ငံဟာ နိုင်ငံရေး တည်ငြိမ်ပြီး စီးပွားရေးတိုးတက်လာတာ အများအသိပါပဲ။ ဒါပေမဲ့ တခြားအန္တရာယ်တခုက ထပ်ပေါ်လာပြန် တယ်။ အဲဒါကတော့ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ လို အရာရာကို ငွေနဲ့ဝယ်ယူလိုက်နိုင်တဲ့ စီးပွား ရေးဘီလူးကြီးတကောင်ပေါ်လာပြန်တယ်။ ထပ်စင်ဟာ သူ့ရဲ့ အာဏာသက်တမ်း ၆ နှစ်အတွင်းမှာတော့ ပိုင်ဆိုင် မှု ၂ ဘီလျံ ရှိလာပါသတဲ့။ အဲဒီပမာဏ ဟာ ထိုင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁ % ရှိပါတယ်။
ဒါကတော့ ၉၇ အခြေခံဥပဒေရဲ့ အားနည်းချက်ပဲ။ အခုတော့ ဒါကိုထပ်ကာကွယ်ဖို့ ပြင်တဲ့ ၁၈ကြိမ်မြောက် အခြေခံဥပဒေမူကြမ်းတခု ထပ်ပေါ်လာပြန်ပါပြီ ဒါကို ထိုင်းပြည်သူတွေက ဘယ်လို အသိအမှတ်ပြုကြမလဲ ဆို တာကတော့ ဒီကနေ့ ဆန္ဒခံယူပွဲမှာ စောင့်ကြည့်ကြရမှာပါ။
ဝေဖန်သူများအဆိုအရ အာဏာသိမ်းစစ်အုပ်စုအတွက် အမြဲတန်း အသာစီးရစေမယ့် ဖွဲ့စည်းပုံလို့ ပြောကြ တယ်။ အချက်အလက်အနေနဲ့ ထောက်ပြကြတာကတော့ ၉၇ အခြေခံဥပဒေအရ အထက်အလွှတ်တော်အမတ် ၂၀၀ ရွေးကောက်တင်မြှောက်ခွင့်ရှိတယ်။ အခု ဆွဲထားတဲ့ ၂၀၀၇ ဥပဒေအရ ဆိုရင် အထက်လွှတ်တော်အမတ် ၇၆ ယောက်ပဲ အရွေးခံနိုင်ခွင့်ရှိပြီး နောက်ထပ် ၇၄ ယောက်ကို ၀ါရင့်ဗျူရိုကရက်အဖွဲ့က ခန့်အပ်ရမှာဖြစ်ပါ သတဲ့။ ဒီဥပဒေရေးဆွဲတာရဲ့ မူလဘူတ ကိုယ်၌ကို က ထပ်စင်ကိုဝိုင်းပယ်ဖို့ အခြေခံထားတာဖြစ်တော့ အာဏာ သိမ်းခံရတဲ့ စီးပွားရေးလက်ဝါးကြီးအုပ် ဘီလျံနာကြီး ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ ရဲ့ လူတွေက အပြင်းအထန်ဆန့်ကျင်ကြတာတော့ အဆန်းမဟုတ်ပါဘူး။ အရင်ရွေးကောက်ပွဲတွေမှာ ထိုင်း ၁၆ သန်းက ထပ် စင်ကို မဲပေးထားကြတာပါ။ ဒါကြောင့် ဒီ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူ ၄၅သန်းမှာ ထပ်စင်ထောက်ခံထားသူ က ၁၆ သန်း ပါပြီးသားဖြစ်နေပါတယ်။
ဆန္ဒခံယူပွဲ မှာ ဆန့်ကျင်ကန့်ကွက်မဲ များရင် အရင်ရှိပြီးသား ဖွဲ့စည်းပုံဟောင်း(၁၇ ခု) တွေထဲက ကြိုက်ရာတခုကို ပြင်ပြီး ယူသုံးလို့ရတယ်လို့ တည်ဆဲဥပဒေက ဆိုထားပါတယ်။ ဒါကလည်း လက်ရှိစစ်အုပ်စုဦးစီးတဲ့ အမျိုးသား လုံခြုံ ရေးကောင်စီနဲ့ သူတို့စိတ်ကြိုက်ခန့်အပ်ထားတဲ့ ၀န်ကြီးအဖွဲ့ သဘောပါပဲ။ ဝေဖန်သူတွေအပြောဆိုရင် သူတို့က ၉၇ အခြေခံဥပဒေကို ပြန်မသုံးဖူး ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အခြေအနေတွေ က နောက်တလှမ်း ပြန်ဆုတ်သွားဖို့ပဲ ဖြစ်မှာပါပဲတဲ့။
ဥပဒေပညာရှင်တယောက်အဆိုအရဆိုရင် ထိုင်းမှာ ဒီမိုကရေစီ ပုံစံ သုံး ရပ်ပဲ ရှိတယ်တဲ့။
ပထမက အရင် ၀န်ကြီးချုပ်ဟောင် ထပ်စင် တို့ စီးပွားရေး သမား အီလစ် တွေအတွက် ပုံစံတခု။
ဒုတိယက လက်ရှိစစ်အုပ်စိတ်ကြိုက် ပုံစံတခု နဲ့
တတိယနဲ့ နောက်ဆုံး တခုကတော့ ပြည်သူလူထု ကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီပုံစံ ဖြစ်ပါသတဲ့။
အဲဒီအထဲမှာ ပြည်သူတွေအတွက် ဒီမိုကရေစီပုံစံကတော့ ၁၉ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာမှပဲ မျှော်လင့်နိုင်မှာ ဖြစ်ပါသတဲ့ဗျာ။ အခုဖွဲ့စည်းပုံကတော့ ၁၈ ကြိမ်မြောက် ဖြစ်ပါတယ်။
Jakrapob Penkair က ထိုင်းလူမျိုးတွေရဲ့ လူ့သဘောလူ့သဘာဝ ကိုလည်း ဟောဒီလို ဖွင့်ဟပြခဲ့ပါသေးတယ်။ "ထိုင်းလူမျိုးတွေက ရှုံးတဲ့သူတွေအပေါ်စာနာတတ်တယ် ၊ ဒါပေမဲ့ နိုင်သူဘက် ကိုပဲ ရပ်ကြတယ်" တဲ့
ကျနော်တို့ တိုင်းပြည်လိုဘဲ ထိုင်းပြည်သူတွေရဲ့ ဘ၀က ထွက်ပေါက်ပိတ်နေပါလား။
နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် ကဲ ဆိုတာ ဒါမျိုး များလားပဲ။
မိုးကြိုးမောင်
၁၉၊ ဩဂုတ်၊ ၂၀၀၇

မှတ်ချက်။ ။မိုးကြိုးမောင်မှကူးယူဖေါ်ပြသည်။

Read More...

၈၈ မျိုးဆက်ကျောင်းသားများရဲ့ လမ်းလျှောက်ပွဲ


ယနေ့နံနက်က ရန်ကုန်မြို့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ပြည်သူများ ပူးပေါင်းကာ လောင်စာဆီဈေးများ အဆမတန် မြင့်တက်လာမှုကြောင့် ဘတ်(စ်)ကားခများ တိုးမြင့်သွားသည့် အတွက် လမ်းလျှောက်ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌ ဦးကြည်မောင်၏ ကွယ်လွန်ခြင်း (၃)နှစ်ပြည့် အစီအစဉ် သို့ သွားရောက်ခဲ့ပြီးနောက် ၈၈ မျိုးဆက်များက နေအိမ်များသို့ လမ်းလျှောက်ကာ လောင်စာဆီ ဈေးနှုန်း မြင့်တက်လာမှုကြောင့် ဘတ်(စ်)ကား မစီးနိုင်တော့သည့် ပြည်သူများအတွက် အေးချမ်းစွာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုသည် ရန်ကုန်မြို့ကုက္ကိုင်းလမ်းဆုံမှ ရွှေဂုံတိုင်၊ ၎င်းမှတဆင့် တာမွေဈေးဘက် သို့ ဦးတည်ခဲ့ရာ လမ်းဘေးဝဲယာမှ ပြည်သူများ ပူးပေါင်းပါဝင်လာခဲ့ပြီး အင်အား (၁,၀၀၀) ခန့် ထိ ဖြစ်လာခဲ့သည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြပွဲသို့ ဝင်ရောက်လာသူ လှိုင်မြို့နယ်မှ အမျိုးသမီးတဦးက “အခုဆိုလို့ရှိရင် ပြည်သူတွေက အိမ်ထဲကနေ အိမ်ပြင်ကိုထွက်ပြီးတော့ ကြည့်နေကြပါတယ်။ ကျမတို့ လမ်းလျှောက်တာကို လက်ခံလာတယ်၊ ထောက်ခံပါတယ်ဆိုတဲ့အကြောင်းကိုလည်း သူတို့ လက်ဝှေ့ယမ်းပြီးတော့ လက်တွေပြနေကြပါတယ်။ တိုက်တွေပေါ်ကနေဆို ၀ရံတာတွေမှာ ထွက်ပြီးတော့ ကျမတို့ကို အားပေးနေတဲ့သူတွေ အများကြီးပါပဲ” ဟု ဆိုသည်။

၎င်းအနေဖြင့် တနေ့လျှင် ကားခ အသွားအပြန် (၈၀၀) ကျပ် ကုန်ကျနေရပြီး ရသည့်လစာဖြင့် သုံးရသည့် ခရီးစရိတ်မှာ မမျှတတော့သည့်အတွက် ဒုက္ခတွေ့နေရသည်ဟု ဆိုသည်။ ယခုကိစ္စ သည် ၀န်ထမ်းများနှင့် ပြည်သူများပါ ဒုက္ခရောက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် အခြေခံ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များပါ ဈေးတက်လာသဖြင့် လူအများအနေဖြင့် တော်ရုံတန်ရုံ ဝယ်မစားနိုင်ကြတော့ကြောင်း သူမက ဆက်လက်ပြောဆိုသည်။

သူမက “၀မ်းမဝရင်တော့ ပြဿနာဆိုတာ တခုခုတော့ ပေါ်လာတော့မှာပဲ။ အဲ့ဒီပြဿနာ ပေါ်အောင် လုပ်တာဟာ ပြည်သူလူထုလည်းမဟုတ်ပါဘူး။ ၈၈ ကျောင်းသားတွေလည်း မဟုတ်ပါဘူး၊ ပါတီအဖွဲ့အစည်းတွေလည်း မဟုတ်ပါဘူး၊ သက်ဆိုင်ရာ အစိုးရပဲဖြစ်ပါတယ်” ဟု ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများက ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ကာ လောင်စာ ဆီဈေး မြှင့်တင်လိုက်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကြပ်အတည်းများကို စစ်အစိုးရအနေဖြင့် အရေးတကြီး ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

ကိုမင်းကိုနိုင်က ယမန်နေ့က ကြေညာချက်သည် ပြည်သူများ၏ ဘ၀ခံစားနေမှုကို ဖော်ပြခဲ့ပြီး ယင်းကို အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကာ ယနေ့လှုပ်ရှားမှုသည် ပြည်သူ ဘဝကို ဖော်ညွှန်းခြင်းဖြစ်သည်ဟု ဆိုသည်။

တာမွေဈေးအနီးတွင် လမ်းလျှောက်ဆန္ဒပြနေသော ကိုမင်းကိုနိုင်က “တကယ့်ပြည်သူတွေဟာ နောက်ဆုံးကျရင် လမ်းလျှောက်ရတဲ့ဘ၀ကို ရောက်နေပြီ။ ဘတ်(စ်)ကားတောင်မစီးနိုင်တော့တဲ့ ဘဝ ရောက်သွားပြီဆိုတာကို အားလုံးသိစေချင်တယ်။ ပြည်သူတွေတရပ်လုံးကော တကမ္ဘာလုံး ကို သိစေချင်တယ်။ ဒီအစိုးရတခုထဲမကပါဘူး၊ တကမ္ဘာလုံးကို သိစေချင်ပါတယ်။ ကျနော်တို့က တတ်နိုင်တာ လောလောဆယ်ဆယ် ပြည်သူဘဝဟာ ဘယ်လိုရှိတယ်ဆို ကျနော်တို့ တသား တည်းကျအောင် နေပြရင်းနဲ့ ပြည်သူ့ဘဝကို ဖော်ညွှန်းဖို့က အရေးကြီးဆုံးပဲလေ” ဟု ဆိုသည်။

ယခုကဲ့သို့ ငြိမ်းချမ်းသေ၀ပ်စွာ ဆန္ဒပြနေခြင်းသည် လက်ရှိ ပကတိဘဝကို ဖော်ညွှန်းနေခြင်းသာ ဖြစ်ပြီး အာဏာပိုင်များအနေဖြင့် ရိုင်းစိုင်းစွာ ပြုမူခြင်းများ မရှိသေးဘဲ ကိုယ့်အိမ် ပြန်သည့် အတွက်ကြောင့် ထိုလုပ်ရပ်အပေါ် တုန့်ပြန်လာပါကလည်း တည်ငြိမ်စွာဖြင့် ရင်ဆိုင်ရန် အသင့်ရှိသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

“ကားခတွေ မတတ်နိုင်တော့လို့ လမ်းလျှောက်ပြီးပြန်တဲ့လူကိုဗျာ ကြိုက်သလို အာဏာပိုင်က ပြုမူပေါ့ဗျာ၊ ကျနော်တို့ တည်တည်ကြည်ကြည် ရင်ဆိုင်ဖို့ပဲ ရှိတာပေါ့၊ ဒါပါပဲ။ ကျနော်တို့အိမ်တွေ ကို ကိုယ့်ဖာသာကိုယ် လမ်းလျှောက်ပြီးတော့ ပြန်ကြမယ်။ အဲ့လိုပဲ သူတို့ပြည်သူတွေဘဝ သူတို့အိမ်ကိုသူတို့ လမ်းလျှောက်ပြီးပြန်ကြမယ်ဆိုရင်တော့ ကျနော်တို့ တားမှာမဟုတ်ပါဘူး” ဟု ကိုမင်းကိုနိုင်က ဆိုသည်။

Read More...

အခန်းထဲကမိတ်ဆွေများ

ငါ့အခန်းတလျှောက်စီတန်းလှည့်လည်နေတဲ့
ပုရွက်ဆိတ်တွေ
ငါ့ကိုသူဌေးလို့ထင်နေကြလား
ငါဟင်းကောင်းစားရတာဒီနေ့မှတခါထဲရယ်.......

ဘာမှရှိပါဘူးဆိုမှ
ညအချိန်မတော် အိုးခွက်လာလှန်စားတဲ့
ကြွက်လေးတွေ
မင်းတို့ကိုငါသနားတယ်.......

နှူတ်ခမ်းမွေးတထောင်ထောင်နဲ့
ပိုးဟပ်တွေ
ငါ့ကိုပညာရှိလို့များထင်နေကြလား
ဒီစာစောင်စာရွက်တွေက
ငါ့အိမ် အပေါက်တွေဖါမလို့ကွ......

ငါ့သွေးတွေဖေါက်သောက်ပြီးအသက်ဆက်ဖို့
ညညခိုးကြောင်ခိုးဝှက်လာတဲ့ကြမ်းပိုး(ဂျပိုး)တွေ
အိပ်မရအောင်တ၀ီဝီအော်နေကြတဲ့ ခြင်ကောင်တွေ
လက်နက်နဲ့ ငြိမ်းချမ်းရေးယူလို့ မရဘူးလား......

ငါမခေါ်ဘဲလာတဲ့ ကောင်တွေ
မင်းတို့ ကအိမ်ရှင်လား
ဒါမှမဟုတ်
ငါကဧည့်စာရင်းတိုင်ရမလား......

ဟူး... တကတည်း
ဆတ်ကြေးမပေးရတာကိုပဲ
ကြံဖန်ပြီးကျေးဇူးတင်ရမယ်
သူငယ်ချင်းတို့ .......

Read More...

ဘလော့ဂါများသို့ 

ဒီနှစ်ဆယ့်တစ် ရာစုမှာ
ဘလော့ဂါတွေ အထွက်တိုး
ပြိုးပြိုးပြိုက်ပြိုက်နဲ့ 
အဖိုးထိုက်စရာပါ


တဦးနဲ့ တဦး လက်ခြင်းချိတ်
Update လုပ်နေကြ
အရေးအသားပညာပါ
တကယ်ကိုအလေးထားစရာဗျာ

အသဲနှလုံးကို ၀က်ဘ်ခြံထဲမှာမြုပ်နှံ
ရှာဖွေရသမျှ နည်းပညာတွေ
ဘလော့ပေါ် ဖြန့် ခင်း ဝေမျှ
လိုသူတွေလှမ်းလို့ ယူစေတော့ရယ်လို့ 
လှည့်ကူအကျိုးမဖက်လေတော့
Thanks you so much ပေါ့

ဘာပဲဖြစ်ဖြစ် အကို အမတို့ ရေ
အတည်ပေါက်နဲ့ ပြောရရင်
စီဘောက်တော့ဖြည့်ခဲ့ပါဦး

Read More...

မဲဆောက်အလုပ်သမား

ကုန်းတွင်းပိတ်မြို့လည်းဖြစ်တောင်ပေါ် မြို့လေးလဲဖြစ်တဲ့ထိုင်းနိုင်ငံမဲဆောက်မြို့လေး ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာတာဟာ များပြားလှတဲ့မြန်မာ ပြည်သား တွေရဲ့ လုပ်အားကြောင့်ဆိုရင်မမှားနိုင်ဘူးလို့ ပြောရပါမယ်။
ဒီ်မြို့လေးမှာရှိတဲ့ လမ်းတံတား၊ တိုက်တာအဆောက်အဦး၊ ကုန်ကြမ်း ကုန်ချောစတဲ့ အရာတော်တော်များများဟာ မြန်မာပြည်သားရဲ့ လုပ်အားမပါတဲ့အရာကရှားပါးပါတယ်။


အမှိုက်သိမ်း တံမြက်စည်းလှည်း၊ အိမ်ဖေါ် စတဲ့အောက်ခြေသိမ်းအလုပ်ကအစ လမ်းတံတား၊ ပန်းရံ၊ လက်သမား၊ လယ်သမား၊ တောင်ယာနဲ့စက်ရုံအလုပ်ရုံများအထိ မြန်မာပြည်သားချည်းပါပဲ။ အိမ်တအိမ်ကို ရက်ကွက်အကူနဲ့ ၀ိုင်းဆောက်လိုက်သလိုမျိုး မြန်မာပြည်သားများရဲ့အင်အားနဲ့မဲဆောက်မြို့လေး တဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာ တာဘာမှ မထူးဆန်းပေမဲ့ မြန်မာပြည်သားတွေရဲ့ဘ၀တွေကတော့ ဒုံရင်းကဒုံရင်းပါပဲ။
အလုပ်များများခိုင်းပြီး လုပ်အားခနဲနဲပဲပေးချင်ကြတဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ များပြားလှတဲ့မြန်မာပြည်သားတွေရဲ့လုပ်အားကတော့ သကာခဲ ကြီးပေါ့။
ပေါလိုက်တဲ့ အလုပ်သမားတွေကလည်း “အလုပ်သမားအလိုရှိသည်”လို့ဆိုင်းဘုတ် တင်လိုက်တာနဲ့စက်ရုံတွေအရှေ့မှာ ပုရွက်ဆိတ်တွေအုံသလို အုံနေတော့တာပဲ။ ဒီတော့လုပ် ငန်းရှင်တွေကလည်း အလုပ်သမားတွေကို စိတ်ကြိုက်ချယ်လှယ်နေတော့တာပေါ့။
ကျနော်လုပ်တဲ့သိုးမွှေးစက်ရုံအပါအ၀င် အခြားစက်ရုံတော်တော်များများမှာပါ တနေ့ ၂၄ နာရီမှာ ၁၄ နာရီလောက်အထိအလုပ်သမားတွေကိုခိုင်းတတ်ကြတယ်။ နေ့စားအလုပ် သမားတွေဆိုရင် ည ၁၁ - ၁၂ နာရီ လောက်အထိအလုပ်လုပ်ကြရတယ်၊ တခါတရံ မိုးလင်း ပေါက်တိုင်အောင်ခိုင်းတတ်ကြသေးတယ်။ တနေ့ကို ၁၁ နာရီ (နံနက်၈း၀၀ မှ ည ၉း၀၀နာရီ) အထိ ပုံမှန်အလုပ်ချိန်အဖြစ်သတ်မှတ်ထားပြီး ည ၉ နာရီကျော်မှ OT ( Over- Time) အဖြစ်သတ်မှတ်ပေးတယ်၊ မဲဆောက်မြို့ကစက်ရုံအလုပ်ရုံတိုင်းဒီအတိုင်းချည်းပဲ။ OT ကြေးကို ၂ နာရီ ၁၅ ဘတ်ပေးပြီး တချို့စက်ရုံတွေမှာဆို ၃ ဘတ်တန် မားမားနှစ်ထုပ်လောက်ပဲ ပေးတယ် OT ကို ၃ နာရီလောက်ခေါ်လိုက်လို့ အလုပ်ရှင်အတွက် ၂၀ ဘတ်နဲ့ နေ့စားခ ၅၀ ဘတ် ပေါင်း ၇၀ ပဲရှိတယ် တန်လိုက်တဲ့လုပ်အား အလကားရသလိုပါပဲ၊ အလုပ်သမားအတွက် တော့ တနေ့ကိုနှစ်ရက်စာနီးပါးလုပ်ရပြီး လုပ်အားခကြတော့ရက်ဝက်စာလောက်ပဲရကြတာ အလွန်နစ်နာပါတယ်။ နေ့စား Sections တွေ၊ မိန်းခလေးအများဆုံးရှိတဲ့စက်ရုံတွေမှာ အားလုံး ဒီပုံစံချည်းပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံထက်စာရင်တော်ပါသေးတယ်ဆိုပြီး ဖြေသိမ့်နေကြရတဲ့ မြန်မာပြည်သားတွေရဲ့ ဒုက္ခကမသေးလှသလို အနာဂတ်တွေကလည်းရင်လေးစရာပါ။
အရင်းစစ်တော့အမြစ်မြေကဆိုသလို အလုပ်လည်းမပေးနိုင်၊ ကုန်ဈေးနှူန်းတွေကကြီး စီးပွားရေးတွေကကြပ်တည်းရတဲ့အထဲ အားအားရှိလုပ်အားပေးခိုင်းလိုက် ကြက်ဆူပင်စိုက်ခိုင်း လိုက်နဲ့ဆိုတော့ ဘယ်သူကနေနိုင်မလဲ၊ နိုင်ငံအတော်များများမှာ မြန်မာပြည်သားအလုပ်သမား တွေအများကြီးပဲ၊ ကမ္ဘာ့အရပ်ရပ်အတွက် မြန်မာနိုင်ငံတွင်အလုပ်သမားများမွေးဖွားပေးနေပါ သည်လို့တောင်ဆိုင်းဘုတ်တင်စရာမလိုအောင် ဖြစ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ်သူတပါးနိုင်ငံမှာ တော့နှစ်ရှည်လများမနေနိုင်ပါဘူး ကိုယ့်နိုင်ငံကိုယ့်ဒေသမှာပဲ အေးအေးချမ်းချမ်းနေချင်ကြ တာပါ။ ဒါပေမဲ့ လမ်းတခု တံတားတစင်းကိုတောင် တမိုးခံအောင်မဆောက်နိုင်ကြတဲ့၊ ရသမျှအိပ်ထဲထိုးထည့်ပြီး တကိုယ်ကောင်းဆန်တတ်ကြတဲ့၊ ၁၀ စုနှစ်တခုအတွင်း ဘဲဥတလုံး ၁၅ ကျပ်ကနေ ၁၅၀ ဖြစ်အောင်စွမ်းဆောင်ပေးတတ်တဲ့ဒီလိုအစိုးရမျိုးရဲ့လက်အောက်မှာ ဘယ်လိုသွားလုပ်စားမလဲ။
မြန်မာပြည်မှာဒီမိုကရေစီဆိုတာကြီးမရသေးရင်လဲနေပါစေ၊ စစ်တပ်နဲ့အုပ်ချုပ်တဲ့စစ် အစိုးရဆိုတာနဲ့ ဒီစနစ်ဆိုးကြီးတွေမရှိတော့ရင်တော်ပါပြီ၊ မြန်မာပြည်ပြည်ကိုပြန်ချင်လှပါပြီ။

Read More...

ပြည်ပမီဒီယာများ

ပြည်ပမီဒီယာများ

ခေတ်ပြိုင်...... www.khitpyaing.org/

မိုးကြိုး..... www.binamojo.org/


အားကစား
http://www.goals365.com/
http://www.first-11.com/
http://www.myanmargoal.com/
http://www.livescore.com/default.dll?page=home
http://www.limso.net/

ဖျော်ဖြေရေး
http://pawthwut.googlepages.com/gallery
http://myanmarlovestories.t35.com/Stories.html
http://myanmarsexcartoons.googlepages.com/
http://www.myanmarcupid.net/main.php
http://www.burmeseclassic.com/movie.htm
http://www.khayanpyareinmet.com/index.htm
http://www.myanmarmp3.net/
http://www.shwedream.com/

မြန်မာဘလော့ဂါများ

စေတန် (ခေါ်)စနေဂြိုလ် www.saturngot.blogspot.com/
သားသားလေး http://www.tartarlay.blogspot.com/
Tesla http://teslanetblog.blogspot.com/
ကိုစစ်အိမ် http://sisain.blogspot.com/
ကိုစိုးဇေယျ http://www.soezeya.blogspot.com/
ကိုဆန်းဦး http://www.sannoo.blogspot.com/
ကိုညီလင်းဆက် http://nyilynnseck.blogspot.com/
ကိုမင်းကျော် http://kminnkyaw.blogspot.com/
ကိုမိုးတိမ် http://shwemoetain.blogspot.com/
ကိုမျက်လုံး http://www.myatlone.blogspot.com/
ကိုပွတ် http://myanmaroa6.blogspot.com/
ကိုရန်အောင် http://www.yanaung.blogspot.com/
ကိုသန့်ဇင် http://mgthantzin.blogspot.com/
နေနေ www.naythwin.blogspot.com/
ဆောင်းလူ www.saungluu.blogspot.com/
မင်းရဲကျော်စွာ www.minyekyawswar.blogspot.com/
ကိုမောင်လှ http://mghla.blogspot.com/
ကိုဝေဖြိုးကျော် http://edwardwitten.blogspot.com/
ကဒေါင်းညင်သာ http://kadaung.blogspot.com/
ညလေး http://www.ainmetdiary.blogspot.com/
မယ်လိုဒီမောင် http://melodymaungmm.blogspot.com/
မတင်ဇာဦး http://thinzar00.blogspot.com/
အိမွန်စိုး http://www.ems-dailydiary.blogspot.com/
မောင်ဥပေက္ခာ http://mgequanimity.blogspot.com/

Read More...