တာတေစနေသား အခန်း(၅) ဦးနု

၁၉၂၅ ခုနှစ်မှာ မောင်နုဟာ ခ တန်းနဲ့ အိုင်အေ အောက်တန်းစာမေးပွဲကို တနှစ်ထဲနဲ့ အောင်ပြီး အထက် တန်းကို တက်ရတယ်။ သူ့အသက်ဟာ အဲဒီအခါမှာ ၁၈နှစ်ရှိသွားပြီ။ ကောလိပ်ကျောင်းကို ဇွန်လ အစ လောက်မှာ ပြန်ဖွင့်တယ်။ နဲနဲပါးပါး လည်ပတ်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မောင်နုနဲ့ သူ့သူငယ်ချင်း ကိုထွန်းတင် တို့ဟာ ကျောင်းမဖွင့်ခင် တနင်္ဂနွေ တပတ်လောက်ကြိုပြီး ရန်ကုန်ကိုလာကြတယ်။ ကိုထွန်းတင်ဟာ မောင်နုထက် ၂နှစ်လောက် ပိုကြီးတယ်။ စာဘက်မှာ သိပ်တော်တယ်။ မောင်နုနဲ့ တခြား စီဘဲ။ အဲဒီနှစ်မှာ ကိုထွန်းတင်ဟာ ဘီအေ အောက်တန်းကို ရောက်နေပြီ။ ရန်ကုန်ရောက်တဲ့နေ့မှာ ရှေးဦးစွာ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်ကြတယ်။

နောက်ပြီးတော့ မြို့ထဲမှာ နဲနဲပါးပါး လျှောက်လည်ကြတယ်။ ညနေ ၃နာရီခွဲမှာ ရုပ်ရှင်ဝင်ကြည့်တယ်။ ညနေ ၆နာရီခွဲလောက်ရှိတော့ တရုတ်ပျော်ပွဲစားရုံတခုမှာ ညစာစားပြီး အရက်နဲနဲသောက်ကြတယ်၊ နဲနဲမူး လာတဲ့အခါ ပြည့်တန်ဆာမတွေ ဆီကို သွားကြဘို့ သူတို့နှစ်ဦးဆွေးနွေးကြတယ်၊ ကောလိပ်မှာ သူတို့ နှစ်ဦးစလုံးဟာ အရင်တုန်းကလို အရမ်းမသွားကြဘူး။ အက်ဖ်အယ် (F.L) ဆိုတဲ့ အကာအကွယ် ကိုယူပြီး သွားကြတယ်။ ပြည့်တန်ဆာမ အိမ်မှာ ကိုထွန်းတင်နဲ့ မောင်နုတို့ဟာ သူတို့ မျက်စိကျရာ မိန်းကလေး တယောက်စီကို ခေါ်ပြီး အခန်းထဲ ဝင်သွားကြတယ်။ မောင်နုခေါ်သွားတဲ့ အမျိုးသမီးဟာ မောင်နုထက် အတော်ကလေးကြီးတယ်။ အသက်အစိပ် လောက် ရှိနေပြီ။ အသားညိုတယ်။ မလှဘူး။ ဒါပေမဲ့ မောင်နုရဲ့ မျက်စိထဲမှာ အတော်ယဉ်တယ်။ မောင်နုဟာ အရပ်ပုတဲ့ မိန်းမထက် အရပ်ရှည်တဲ့ မိန်းမကို ပိုပြီးမက်တယ်။ သူခေါ်သွားသူဟာ သူ့မျက်စိထဲမှာ ယဉ်ရတဲ့အထဲ အရပ်ကလည်း သူ့စိတ်တိုင်းကျ ပေမှီ နေပြန်တဲ့အတွက် မောင်နုမျက်စိထဲမှာ အဲဒီသူငယ်မဟာ အတော် မက်စရာဖြစ်နေတယ်။ ခင်ဗျားနာမည်ဘယ်သူလဲ။ မခင်မြင့်။ (ဒါဟာ သူ့နံမယ် အစစ်မဟုတ်ဘူး) ရန်ကုန်သူလား။ မဟုတ်ဘူး။ ဘယ်ကလာတာလဲ။ တိုက်ကြီးက။ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ။ မခင်မြင့်ဟာ ဒီမေးခွန်းကို ရုတ်တရက်မဖြေနိုင်ဘူး။ သူ့ခေါင်းကို အသာ ငုံ့ထားပြီး မျက်ရည်တွေ ကျနေတယ်။ မောင်နုဟာ မိန်းမတယောက် မျက်ရည်ကျနေတာကို ဒီလောက် နီးနီးကပ်ကပ် သူ့တသက်မှာ တခါမှ မမြင်ဖူးဘူး။ အဲဒါကြောင့် အခုလို မြင်ရတဲ့အခါ ဘာဖြစ်မှန်း မသိဘူး။ သူပါရောပြီး ငိုချင်သလိုလို ဖြစ်လာတယ်။ တအောင့် လောက်ကြာတဲ့အခါ မခင်မြင့်ဟာ မောင်နုကို မော့ကြည့်တယ်။ မျက်ရည်ကျတာတော့ ရပ်သွားပြီ။ ဒါပေမဲ့ သူ့မျက်နှာပေါ်မှာ မျက်ရည်စ ကလေးတွေ နဲနဲပါးပါး ရှိနေသေးတယ်။ ကျမဟာ အခုလိုအစားထဲက မဟုတ်ပါဘူး။ ကျမယောင်္ကျားဟာ မယားငယ်တယောက်ကို ယူပါတယ်။ အဲဒီမယားငယ်က ဂုံးတိုက်ပေးတဲ့အတွက် ကျမကို သိပ်နှိပ်စက် ပါတယ်။ မယားငယ်ဘက်ကို လုံးလုံးပါသွားပြီး ကျမကို အိမ်ပေါ်က နှင်ချလိုက်တာပါပဲ။ ကျမလည်း အလုပ်ရှာရအောင် ရန်ကုန် ရောက်လာပါတယ်။ ရန်ကုန် ကျတော့ နေရေးစားရေးဟာ သိပ်ကြပ်တည်း လာတဲ့အတွက် ခိုကိုးရာမဲ့ ဖြစ်ပြီး ဒီဘဝကို ရောက်လာရတာပါဘဲ။ လို့ မခင်မြင့်က ပြောတဲ့အခါ မခင်မြင့်ကို သနားတဲ့စိတ်နဲ့ မခင်မြင့် ယောင်္ကျားကို ဒေါသဖြစ်တဲ့စိတ် တွေဟာ သူ့ရင်ထဲမှာ အရှိန်ပြင်းပြင်းထန်ထန်၊ တလှည့်စိ။ ငုပ်ချိ ပေါ်ချီ ဖြစ်နေတယ်။ အဲဒါကြောင့် မခင်မြင့်ပြောပြီးတာနဲ့ တပြိုင်နက် ခင်ဗျားဘာဖြစ်လို့ အိမ်ပေါ်က ဆင်းလာတာလဲ၊ ခံချပြီးဒီကောင့်ကို အိမ်ပေါ်က ဆင်းခိုင်းပါလား။ ကိုယ့်မယားကို အနိုင်ကျင့်တဲ့ မအေ - တွေဟာေ-ာက်ကြောက်တွေ။ ငုံ့ခံတဲ့လူတွေ ကိုသာ သူတို့အနိုင်ကျင့်ရဲတာ။ ခံချရင်သူတို့ အိမ်ပေါ် က ပြေးမှာဘဲ။ ဘာဖြစ်လို့ ခင်ဗျားမခံချသလဲ။ ခံမချပဲ အခုလိုဆင်းလာတာ ခင်ဗျား သိပ်မှားတာပဲလို့ သူ့ဝမ်းထဲက ပေါက်ကွဲ ထွက်လာတဲ့ မခံချင်စိတ်တွေ။ ဒေါသစိတ်တွေ၊ သနားတဲ့စိတ်တွေကို မထိန်း သိမ်းနိုင်ဘဲ မောင်နု လျှောက်ပြောနေတယ်။ မိန်းမသားဆိုတော့ ဘယ်ခံချရဲမလည်း။ အဲဒီလို မခင်မြင့်ကို နှင်ချ နေတုန်းက သူသာအနားမှာ ရှိနေရင် ပွဲကောင်းတခုတော့ ကြည့်ရမှာပဲလို့ စဉ်းစားရင်း အတော် ကလေးကြာအောင် ငေးနေမိတယ်။ မခင်မြင့်ရဲ့ ကိုယ်မှာလူးထားတဲ့ ပေါင်ဒါနံ့ ကလေးတွေဟာ သူနှာခေါင်းထဲကို ဝင်ကလိတော့မှ မခင်မြင့်အနားမှာ ထိုင်နေတာကို သူသတိရပြန်တယ်။ အဲဒီအိမ်ပေါ်က ဆင်းလာတဲ့အခါမှာရော လမ်းတလျှောက်လုံးမှာရော၊ ကျောင်းဆောင်ပြန်ရောက်ပြီး အိပ်ရာဝင်တဲ့အခါမှာပါ၊ မခင်မြင့်ရဲ့မျက်နှာကလေးဟာ မောင်နုရဲ့ မျက်လုံးအိမ်ပေါ်မှာ စုပ်တံနဲ့ ဆေးချယ်ထားသလို ဖြစ်နေတယ်။ နောက်တနေ့ နေ့လည်စာစားပြီးတဲ့အခါ မောင်နုဟာ ကိုထွန်းတင်ရဲ့ အခန်းကို ပြန်ရောက်လာပြီး မခင်မြင့်တို့ ဆီကို သွားရအောင်လို့ခေါ်တယ်။ ကိုထွန်းတင်လည်း သူဖတ်နေတဲ့စာအုပ်ကို ပိတ်ပြီး မောင်နုနဲ့ အတူ မြို့ထဲကို ထွက်လာခဲ့တယ်။ နေ့ခင်းဘက်မှာ လူရှင်းတဲ့အတွက် မောင်နုတို့ဟာ မခင်မြင့်တို့ အိမ်မှာ ညတုန်းကထက် ပိုပြီး ကြာတယ်။ နောက်တနေ့နေ့လည်စာ စားပြီးတဲ့အခါမှာလည်း မောင်နုဟာ ကိုထွန်းတင်ရဲ့ အခန်းကို ရောက်လာပြီး မခင်မြင့်တို့ဆီကို သွားရအောင်လို့ခေါ်ပြန်တယ်။

တခါနှစ်ခါလောက်သွားရင် တော်ရောပေါ့ကွာ။ မောင်နုရေ မင့်ဟာ နဲနဲများလာပြီ ထင်တယ်။ မခင်မြင့်ကို ကျွန်တော်ယူတော့မယ်။ ကိုထွန်းတင်ဟာ မောင်နုကို အံ့အားသင့်ပြီး ကြည့်နေရာမှ ဘယ်လိုယူမှာလဲလို့ မောင်နုကို မေးလိုက်တယ်။ မယားအဖြစ်နဲ့ ယူမှာပေါ့။ မဟုတ်တာပဲကွာ။ ဘာဖြစ်လို့ မဟုတ်တာလဲ။ ဟာ-သူက ဖာသည် ပဲကွ။ ဖာသည်ကို မယူရဘူးလား။ မောင်နု မင်းခပ်တည်တည် ပြောနေတာလား။ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ငါကန့်ကွက်တယ်ကွာ။ ကိုထွန်းတင်လည်း သူ့အခန်းနံရံကို စိုက်ကြည့်ပြီး စကားမပြောပဲ ငြိမ်နေတယ်။ နောက် နှစ်မိနစ်လောက်ကြာတဲ့အခါ ငါအခုချက်ချင်း မလိုက်နိုင်သေးဘူးကွာ။ စာရေးစရာ နည်နည်းရှိနေတယ်။ နေ့လည် ၁ ချက်လောက်မှ ပြန်လာ။ အဲဒီတော့မှ ငါလိုက်မယ်။ မောင်နုဟာ တချက်တီး ပြန်လာတဲ့အခါ ကိုထွန်းတင်ဟာ သူ့အခန်းမှာ မရှိတော့ဘူး။ သူအခန်း ပိတ်ထားတယ် အခန်းရဲ့ သော့ခလောက်တံထဲမှာ သူဟာ မိတ်ဆွေ တယောက်လာခေါ်လို့ မြို့ထဲကို လိုက်သွားရတယ်၊ အဲဒီမြို့ထဲကမှ မောင်နုနဲ့ ချိန်းထားတဲ့ အိမ်ကိုသွားပြီး အဲဒီမှာ စောင့်နေမယ်ဆိုတဲ့ မောင်နုအတွက် စာ တစောင်ကို ညှပ်ထားပစ်ခဲ့တယ်၊ မခင်မြင့်တို့အိမ်ကို မောင်နုလိုက်သွားတဲ့အခါ ဧည့်ခန်းထဲမှာ ကိုထွန်းတင်ကိုလည်း မတွေ့ဘူး။ မခင်မြင့်ကိုလည်း မတွေ့ဘူး။ အဲဒီအိမ်က အကြီးအကဲဖြစ်တဲ့ ခေါင်းနဲ့ အတော်ကလေး အကျွမ်းတဝင် ဖြစ်နေကြပြီ ဖြစ်တဲ့အတွက် မောင်နုက ကျွန်တော့်သူငယ်ချင်း ကိုထွန်းတင် မရောက်သေးဘူးလားလို့ လှမ်းမေးလိုက်တယ်၊ အဲဒီခေါင်းက ရောက်နေပြီ အခန်းထဲမှာ လို့ဖြေတယ်။ မခင်မြင့်ကော ဘယ်သွားသလည်းလို့ မောင်နုက ထပ်ပြီးမေးတဲ့အခါ ကိုထွန်းတင် ခေါ်သွားတယ်။ နှစ်ယောက်လုံး အခန်းထဲမှာလို့ ထပ်ဖြေတယ်။ မခင်မြင့်က ဖာပဲ (စာသားအတိုင်း ရိုက်ရခြင်းဖြစ်ပါသည်၊) ဘယ်သူမဆို ခေါ်နိုင်တယ်။ သူနဲ့ မတွေ့ခင်တုန်းကလည်း ဘယ်သူခေါ်ခေါ် လိုက်နေတာပဲ၊ သူနဲ့တွေ့ပြီး ဘယ်သူခေါ်ခေါ် လိုက်နေမှာဘဲ ဆိုတာတွေကို အဲဒီအချိန်မှာ မောင်နုမေ့နေတယ်။ ငါယူတော့မယ်လို့ ပြောထားတဲ့ မိန်းမကိုမှ သူဒီလို လုပ်တာကောင်းသလားလို့ တွေးမိပြီး မောင်နုဟာ ထောင်းကနဲဒေါသ ထွက်လာတယ်။ အဲဒီဒေါသကြောင့် ထရမလား။ ထွက်သွားရမလား။ အခန်းထဲကို ဝင်ပြီး အတင်းရိုက်ရ မလား။ အပြင်ကပဲ ကလော်ဆဲရမလား ဆိုတာတွေကို မဆုံးဖြတ်နိုင်သေးပဲ တွေဝေနေတဲ့အချိန်မှာ မောင်နုကို သိသလားလို့ ကိုထွန်းတင် ခပ်ကျယ်ကျယ် မေးလိုက်တဲ့အသံဟာ အခန်းထဲက ရှေးဦးစွာ ထွက်လာတယ်။ အဲဒီနောက်သိသားပဲ ဆိုတဲ့ မခင်မြင့်ရဲ့ ဖြေသံ ထွက်လာတယ်။ မောင်နုလည်း ဒေါသ ဖြစ်ရာက အဲဒီအသံတွေကို နားထောင်နေတယ်။ မခင်မြင့် မောင်နုကို မေတ္တာရှိလား။ မရှိဘူး။ မခင်မြင့် မောင်နုကို ယူမလား။ ဒီချာတိတ်ကို မယူချင်ဘူး။ မခင်မြင့် ကိုယ့်ကို မေတ္တာရှိလား။ ရှိတာပေါ့ကိုကို။ ကိုထွန်းတင်နဲ့ မခင်မြင့်တို့ဟာ အခန်းထဲမှာ အမေးတွေ အဖြေတွေနဲ့ ဆက်ပြီးနှစ်ပါးသွား နေကြတာကို မောင်နုဟာ ဆက်ပြီးနားမထောင်ချင်တော့ဘူး။ အဲဒါကြောင့် ဒုံးဒိုင်းနဲ့ အိမ်ပေါ်က ဆင်းချသွားတယ်။ အိမ်နဲ့ ကိုက်တရာလောက် ရောက်တဲ့အခါ သူ့လက်ထဲက ထီးကို ပြောင်းပြန်ကိုင်ပြီး စောင့်နေတယ်။ ၁၅မိနစ် လောက်အကြာ ကိုထွန်းတင် ဆင်းလာတဲ့အခါ မောင်နုဟာ ကိုထွန်းတင်ကို ထီးနဲ့ရိုက်ရအောင် အတင်း ပြေးသွားတာပဲ။ အဲဒီ (၃၆) လမ်းထဲမှာ ရှိတဲ့ ကလားတယောက်က မောင်နုကို ဆီးဖက်ပါသေးတယ်။ မောင်နုဟာ ဒေါသနဲ့ တအားတွန်းပစ်လိုက်တာကြောင့် အဲဒီကုလားဟာ လွင့်ပြီးလဲကျသွားတယ်။

လမ်းထဲက ကုလားတွေခပ်များများ အဲဒီ လဲသွားတဲ့ကုလားကို မြင်ရတဲ့အတွက် ကုလားလို အော်ဟစ်ပြီး မောင်နုကို အတင်းပြေးဖက် ထားကြတယ်။ အဲဒါကြောင့် မောင်နုဟာ ကိုထွန်းတင်ကို မရိုက်ရဘူး။ ကိုထွန်းတင်ဟာ ခပ်လှမ်းလှမ်းကနေပြီး မင်းငါ့ကို အခုအများကြီး စိတ်ဆိုးမယ်။ နောက်ကြရင် မင်းငါ့ကို အများကြီး ကျေးဇူးတင်မယ်လို့ မောင်နုကိုပြောတယ်။ မောင်နုလည်း ဒေါသသိပ်ထွက်နေတာကြောင့် စကားများများ မပြောနိုင်ဘူး။ မင်းကောင်းကောင်းသတိထား။ ဆိုတာလောက်ကိုပဲ ပြန်ပြောနိုင်တယ်။ ဘာထပ်ပြောရမလည်း လို့စဉ်းစားနေတုန်း ရန်ကုန်ရောက်တဲ့နေ့က ကိုထွန်းတင်မှာ လက်ကြယ်သီး တစုံ ပျောက်သွားတယ် ဆိုလို့ ကိုထွန်းတင်ကို သူပေးထားတဲ့ ရွှေကြယ်သီးတွေကို မောင်နု ပြေးပြီးသတိရတယ်။ အဲဒါကြောင့် ခလေးလိုဖြစ်ပြီး။ ငါ့ရွှေလက်ကြယ်သီးတွေ ပြန်ပေးလို့ အော်ပြီးတောင်းတယ်။ ကိုထွန်းတင် လည်း ရွှေကြယ်သီးလေးတွေ ကဗျာကယာဖြုတ်ပြီး သူ့အနားမှာ ရပ်နေတဲ့ ကုလားတယောက်နဲ့ မောင်နုကို အပေးခိုင်းလိုက်တယ်။ မောင်နုဟာ သူ့အခန်းကို ပြန်ရောက်တဲ့အခါ တံခါးပိတ်။ အတွင်းက မင်းတုံးကို သေသေ ချာချာထိုး။ ခြင်ထောင်ချ။ စောင်ခေါင်းမြီးခြုံပြီး ရှိုက်ကြီးတငင် ငိုပွဲဆင်ပစ်လိုက်တယ်။ ဒါပေမဲ့ ဒီလိုငိုတာဟာ မခင်မြင့်ကို မရလို့ငိုတာ ဟုတ်မယ်မထင်ဘူး။ ဒီအချိန်မှာ ဖာသယ်မ မခင်မြင့်ကို သူအတော် စိတ်နာနေပြီ။ သူ့ဒေါသကို သူနိုင်အောင် မထိန်းနိုင်တဲ့ အတွက် ငိုချလိုက်တာပဲလို သူယူဆ နိုင်စရာ အကြောင်းရှိတယ်။ နောက်တနင်္ဂနွေ နှစ်ပတ်လောက်ကြာတော့ မခင်မြင့်ကို မေ့ပြီး စာကြည့်ခန်းထဲက ပြဇာတ်တွေနဲ့ ဆွန်းနက်တွေထဲမှာ စိတ်ပြန်လည်လာတဲ့အခါ မောင်နုဟာ ကိုထွန်းတင်ကို တစိမ့်စိမ့် ကျေးဇူးတင်လာတယ်။ ဟိုနေ့က လမ်းမလည်ခေါင်ကြီးမှာ လူတွေဝိုင်းပြီး ကြည့်နေတဲ့ကြားထဲက ဖာသယ်မ တယောက်အတွက် လူသိရှင်ကြား အော်ကြီးဟစ်ကျယ် ရန်ဖြစ်ခဲ့ရတာကိုလည်း တစိမ့်စိမ့်တွေးပြီး မောင်နု ရှက်နေတယ်။ အဲဒါကြောင့် တနေ့မှာ မောင်နုဟာ ကိုထွန်းတင်ဆီကို သွားပြီးတောင်းပန်တယ်။ သူပြန်တောင်းထားတဲ့ ရွှေလက်ကြယ်သီးကိုလည်း ကိုထွန်းတင်ကို ပြန်ပေးလိုက်တယ်။ မခင်မြင့်အပေါ်မှာ မောင်နုစိတ်ပျက်သွားအောင် ကိုထွန်းတင်ဒီလို လုပ်ရတယ်။ အဲဒီနေ့ မောင်နုကို တချက်တီးမှာ လာလို့ ချိန်း လိုက်ပြီးတဲ့နောက် သူတယောက်ထဲ မခင်မြင့်တို့ဆီကို ထွက်လာတယ်။ ခေါင်းလုပ်သူက မခင်မြင့်နဲ့ အတော် စီးပွားဖြစ်နေတော့ မခင်မြင့်ကို ဘယ် လက်လွှတ်ချင်မလဲ။ အဲဒါကြောင့် ကိုထွန်းတင်ဟာ သိပ်ပြောနေဘို့ မလိုဘူး။ ကိုထွန်းတင်ရဲ့ အကြံကို ခေါင်းလုပ်သူဟာ ချက်ချင်းသဘောတူပြီး ဟိုနေ့က အတိုင်း ဖြစ်သွားအောင် သူပါ ဝိုင်းကူလိုက်တာပါပဲ၊ မောင်နု အင်မတန် ကံကောင်းတယ်။ အဲဒီနေ့က စိတ်ပျက်မသွားဘဲ တခေါက်ပြန်လာရင် သူ့တပည့်တွေ ဝိုင်းရိုက်တာကိုမောင်နု မရှုမလှ ခံရမယ်။

နောက်တလလောက်ကြတဲ့အခါ ဂျင်မခါနာ ပြဇာတ်အသင်းက တင်ဆက်တဲ့ 'ချီးကျူးစရာကောင်းတဲ့ ကရိုက်တန်' ( Admirable Creighton )ဆိုတဲ့ ပြဇာတ်ကို ကြည့်ဘို့အတွက် မောင်နုဟာ ဂျုဗလီဟော ထဲမှာ ထိုင်နေတယ်။ မောင်နုရဲ့ဘေးမှာ ပါရစီမကလေး နှစ်ယောက်နဲ့ သူတို့ရဲ့မိဘ နဲ့တူတဲ့ ပါရစီ ယောင်္ကျားကြီး တယောက် ပါရစီ မိန်းမကြီးတယောက် ထိုင်နေကြတယ်။ ပါရစီမကလေး နှစ်ယောက်စလုံး ဟာ မိန်းမချောလေးတွေပဲ။ ဒါပေမဲ့ မောင်နုရဲ့ဘေးမှာ ထိုင်နေတဲ့ အကြီးမကလေးက ပိုပြီးချောတယ်။ မောင်နု မက်လောက်အောင် အရပ်ရှည်တယ်။ အထူးသဖြင့် သူ့မျက်လုံး ကလေးတွေဟာ သိပ်လှတာပဲ။ အသက်က မောင်နုထက် နဲနဲပိုကြီးလိမ့်မယ်လို့ ခန့်မှန်းရတယ်။ ဒီပါရစီမ ကလေးဟာ လှရုံတင်မကဘူး။ သိပ်ပြီးတော့လည်း ဖော်ရွေတာဘဲ။ မောင်နုဟာ မေ့ပြီး အခမ်းအနား အစီအစဉ်ကို မဝယ်ခဲ့ဘူး။ အဲဒါကို ပါရစီမကလေးက မြင်တယ်၊ အဲဒါကြောင့် မောင်နုကို သူ့လက်ထဲက အစီအစဉ် စာအုပ်တအုပ်ပေးတယ်။ မောင်နုက ခင်ဗျားဘာနဲ့ ကြည့်မလည်း လို့မေးတဲ့အခါ သူ့ညီမနဲ့ အတူတူ ကြည့်မယ်လို့ ပြန်ပြောတယ်။

ပြဇာတ်မပြခင် ပြဇာတ်ကို ဖတ်ဘူးလားလို့ သူက မောင်နုကိုမေးတယ်။ မောင်နုက မဖတ်ဘူးဘူးလို့ ဖြေတယ်။ အဲဒီအခါ သူက ဖတ်ပြီးပြီလို့ ပြောပြီးပြဇာတ်နဲ့ ပတ်သက်လို့ သူ့သဘောထားကို ပြောတယ်။ ပြဇာတ် ပထမပိုင်းနဲ့ ဒုတိယပိုင်းပြီးတဲ့အခါ မှာလည်း ပြဇာတ်ကောင်တွေနဲ့ ပတ်သက်ပြိး ဘယ်သူတွေက ကောင်းတယ်။ သရုပ်ဆောင်နိုင်တယ်။ ဘယ်သူတွေကညံ့တယ်။ ဘယ်သူတွေကပျော့တယ်။ အစရှိသဖြင့် အဲဒီပါရစီမ ကလေးက မောင်နုကို ဖော်ဖော်ရွေရွေ ပြောပြတယ်။ မောင်နုကလည်း သူ့သဘောထားတွေကို ပြန်ပြောပြချင်နေတယ်။ ဒါပေမဲ့ ပါရစီမ ကလေးက အင်္ဂလိပ်စာ ကောင်းလွန်းတဲ့ အတွက် မောင်နုဟာ သူပြောချင်တာတွေကို ပြန်မပြောရဲဘူး။ ပါရစီမ ကလေးပြောတာတွေကိုသာ ခေါင်းငြိမ့်လိုက်။ ရယ်လိုက်၊ ပြုံးလိုက်နဲ့ လုပ်နေရတယ်။ ပြဇာတ်ပြီးလို့ ထပြန်ကြခါနီး အင်မတန် တိုတောင်းတဲ့ အချိန်ကလေး အတွင်း မှာတောင် ကရိုက်တန်ဟာ တကယ်ချီးကျူးစရာ မကောင်းဘူးလားလို့ မေးပြီး မောင်နုကို ဂွတ်ဘိုင်လို့ နှုတ်ဆက်သွားလိုက်သေးတယ်။ ပါရစီမ ကလေးတွေရဲ့ မော်တော်ကား ထွက်သွားတဲ့အခါ မောင်နုဟာ ခပ်လှမ်းလှမ်းက ငေးပြီးကျန်ရစ်တယ်။ မောင်နုဟာ တလမ်းလုံးမှာရော၊ သူ့အခန်းကို ပြန်ရောက်တဲ့ အခါမှာရော ပါရစီမကလေး ကိုယ်က ထွက်ထွက်လာတဲ့ သင်းပျံ့ပျံ့ အမွှေးနံ့ ကလေးတွေ ချိုသာနွဲ့ပြောင်း အင်မတန် နားထောင်လို့ကောင်းတဲ့ အသံကလေးတွေ၊ သူ့ဟဒယနှလုံးကို သိမ်းကြုံးထားတဲ့ မျက်လုံး ကလေးတွေ အပေါ်မှာဘဲ သူ့စိတ်တွေဟာ တဝဲလည်လည် ဖြစ်နေတယ်။ အဲဒီည ဆွန်းနက်တပုဒ်ကို မောင်နု ထိုင်ရေးနေတာ မနက်လင်းအားကြီး ၄နာရီလောက်ကြာမှ ပြီးသွားတယ် ဒါပေမဲ့ ဆွန်းနက်ကို ဘယ်သူ့ဆီ ပို့ရမလဲ။ ဂျုဗလီဟောထဲမှာတုန်းက အဲဒီပါရစီမ ကလေးကို ခင်ဗျာ့နာမည် ဘယ်လိုလည်းလို့ မေးချင်လိုက်တာ မောင်နုရဲ့ ပါးစပ်ဖျားမှာကို ယားနေတာပဲ။ မမေးရဲလို့ လက်လျော့ လိုက်ရတယ်။ သူ့အခန်းကို ပြန်ရောက်တော့ မှ ဒီလိုမမေးမိတာ မှားလေခြင်းလို့ သူ့ကိုယ်သူ ပြန်ပြီး အပြစ်တင်နေတယ်။ ဟိုဟာမကလေးကတော့ မေးရင်ပြောမဲ့ပုံပဲ။ ပြောချင်လွန်းလို့ အခွင့်ရတိုင်း သူကချည်းပြောနေတာ။ မင်းစောက်သုံးမကျလို့ ဒီလိုဖြစ်ရတာ ဆိုပြီး။ သူကိုယ့်သူ ထိုးချင်သလိုလို။ ကြိတ်ငိုချင်သလိုလို မချင့်မရဲ ဖြစ်နေတယ်။ မောင်နုဟာ သူ့ဝမ်းထဲမှာ ဖြစ်နေတာ တရက်နှစ်ရက်လောက်ပဲ မျိုသိပ်ထားလို့ရတယ်။ တတိယနေ့ လောက်ရောက်တော့ သူ့သူငယ်ချင်း အရင်းတွေထဲက လည်လည်ပတ်ပတ်ရှိတဲ့ သူငယ်ချင်း နှစ်ဦးသုံးဦးကို သူ့ကိစ္စ တိုင်ပင်ကြည့်တယ်။ ရန်ကုန်မှာ ပါရစီတွေက အများကြီး အဲဒီတော့ အဲဒီကောင်မလေးကို ရှာဘို့ဆိုတာ မလွယ်ဘူး။ အနည်းဆုံး နံမယ်လောက်သိရင် ရှာတွေ့ဘို့ဆိုတာ ဖြစ်နိုင်စရာ အကြောင်းရှိသေးတယ်လို့ သူငယ်ချင်းတွေက ဖြေကြတယ်။ အဲဒီအဖြေတွေ ကြားရတော့မှ မင်း အ လို့ ဒီလိုဖြစ်ရတာပဲ လို့သူကိုယ်သူ ကြိမ်းမောင်းပြီး မောင်နုဟာ ရှေးကထက်တောင် သူကိုယ်သူ ပိုပြီး စိတ်ဆိုးနေသေးတယ်။ သူငယ်ချင်းတွေက ဘယ်လိုမှ မကူညီနိုင်တဲ့အခါ မောင်နုဟာ ကျောင်းက အားလပ်ခွင့် ရတိုင်း အဲဒီ ပါရစီမ ကလေးကို ရုပ်ရှင်ရုံတွေမှာ၊ ဖိုက်(ခ်) စကွဲယား(ယခု ဗန္ဒုလပန်းခြံ)ထဲမှာ ၊ ကန်တော်ကြီးမှာ သွားသွားပြီး ရှာတယ်။ ဂျင်မခါနာ ပြဇာတ် အသင်းက စေးဝှင်း (Say When) ဆိုတဲ့ ရီဗြူး (သီချင်းနဲ့ အကပါသော ပြဇာတ်တမျိုး) ကို ဂျုဗလီဟောမှာ တင်ပြန်တဲ့ အခါမှာလည်း မောင်နုဟာ ပါရစီမ ကလေးကို တွေ့လိုတွေ့ငြား နှစ်ညတိုင်တိုင် သွားစောင့်ပါသေးတယ်။ မတွေ့ဘူး။

နောက်တလကြာတဲ့အခါ လှမောင်ဆိုတဲ့ သူငယ်ချင်းတယောက်က ကိုနု ခင်ဗျာ့ ပါရစီမ ကလေးရဲ့ လိပ်စာ ရပြီ ဆိုပြီး လိပ်စာတခု ပေးတယ်။ အဲဒီလိပ်စာထဲမှာ ပါရစီမကလေးရဲ့ နံမယ်ဟာ မစ်ဟိုးမက်စ်ဂျီ ဆိုပြီး ပါလာတယ်။ မောင်နုသိပ်ပြီးဝမ်းသာ သွားတယ်။ သူရေးထားတဲ့ ဆွန်းနက်ရယ်။ မစ်ဟိုးမက်စ်ဂျီကို သူအင်မတန် တွေ့ချင်တယ်လို့ ရေးထားတဲ့ စာတစောင်ရယ် အဲဒီလိပ်စာအတိုင်း ချက်ချင်းပို့လိုက်တယ်။ တနင်္ဂနွေ တပတ်ကြာလည်း စာပြန်မလာ၊ နှစ်ပတ်ကြာလည်း စာပြန်မလာတဲ့အခါ မောင်နုဟာ လှမောင်ဆီ သွားပြီး ခင်ဗျာ့ လိပ်စာဟုတ်ရဲ့လား။ စာလဲပြန်မလာဘူးလို့ မောင်နုက ညည်းတယ်။ စာတစောင်ထဲ ရှိသေးတယ်။ ဘယ်ပြန်လာမလဲ။ အိနြေ္ဒရှင်ဆိုတာ ဒီလိုပဲ ဟန်လုပ်နေရသေးတယ်။ စာတစောင်ပေးရုံနဲ့ ချက်ချင်းစာပြန်ရင် အပေါစားဖြစ်သွားမှာပေါ့ လို့ လှမောင်က ရှင်းပြပြီး ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုတဲ့ စကားအတိုင်း ဇွဲကောင်းကောင်းနဲ့ ဆက်ကြိုးစားဖို့ မောင်နုကို အားပေးတယ်။ မောင်နုလည်း အဲဒီ အားပေးချက်အရ နောက်ထပ် တစောင်ထဲ့လိုက်တယ်။ စာပြန်မလာဘူး။ နောက် တနင်္ဂနွေ ၂ပတ်လောက် ကြာတဲ့အခါ တတိယစာကို ထည့်လိုက်ပြန်တယ်။ နောက်တနင်္ဂနွေ ၂ပတ်လောက်ကြာတော့လည်း စာပြန် မရတဲ့အခါ ရှေ့တလှမ်းတိုးမယ် ဆိုတဲ့အနေနဲ့ မစ်ဟိုးမတ်စ်ဂျီရဲ့အိမ်ကို အလည်သွားချင်တယ်။ လိုက်ပြ ပါလို့ မောင်နုက လှမောင်ကိုပူဆာတယ်။ လှမောင်ကလည်း ခဏစောင့်ပါဦးလို့ တောင်းပန်ထားရတယ်။ ပူဆာတဲ့ အကြိမ်ပေါင်းများလာတဲ့ အခါကျတော့မှ ကဲ-ကိုနု ခင်ဗျားကို သက်သက်နောက်တာ။ ဒီလိပ်စာ ကောင်မလေးရဲ့ လိပ်စာမဟုတ်ဘူး။ တယ်လီဖုန်း စာအုပ်ထဲက ပါရစီနံမယ်နဲ့ လိပ်စာတခု ကူးလာပြီး ခင်ဗျားကိုပေးတာလို့ အူတက်အောင် ရယ်ရင်းလှမောင်က မောင်နုကို ရှင်းပြတယ်။ မောင်နုလည်း ဝါးခယ်မ တုန်းက မောင်ရှန်နဲ့ ထွန်းရင်ဆိုတဲ့ သူငယ်ချင်းတွေကို ဒီလိုပဲ နောက်ခဲ့ဘူးတယ်။ ဒီသူငယ်ချင်းတွေ ပိုးနေတဲ့ ကောင်မလေးတွေရှိတယ်။ ကောင်မလေးတွေက ဘာမှ မသိရဘဲ ကောင်မလေးတွေရဲ့ လက်ရေးနဲ့ တူအောင် စာတွေရေးပြီး မောင်ရှန်နဲ့ ထွန်းရင်ဆီပို့တယ်။ ညကို ဘယ်လမ်းက လာခဲ့ပါဆိုပြီး ချိန်းတယ်။ လာတဲ့အခါ မောင်နုနဲ့ သူငယ်ချင်းတစုဟာ မှောင်ရိပ်ထဲက ချောင်းပြီး အဲဒီ မောင်ရှိန်နဲ့ ထွန်းရင်ကို ရေတွေနဲ့ ဝိုင်းလောင်းတယ်။ အဲဒါတွေကိုမောင်နု ပြန်သတိရပြီး ငါလည်း ဝဋ်လည်တာပဲလို့ သဘောပေါက်တဲ့အတွက် လှမောင်ကို ဘာမှ မပြေတော့ဘူး။ မချိသွားဖြဲ လုပ်နေလိုက်တယ်။

အိုင်အေ ဒုတိယနှစ်မှာ မောင်နုဟာ အရက်ကို ရှေးကထက် ပိုပြီး သောက်လာတယ်။ စနေညတိုင်း စိတ်တူ သဘောတူ မိတ်ဆွေတွေစုပြီး အရက်သောက်လေ့ရှိကြတယ်။ သူတို့သောက်ပုံ သောက်နည်း ကို စုံစမ်း ကြည့်လို့ သိရတဲ့ အတိုင်းဆိုရင် ပျော်စရာကြီးပါဘဲ။ ဂျော်နီဝါးကား ဝီစကီတပုလင်းကိုဝယ် ဇလုံကြီးထဲမှာ ဗင်မတို။ ဘိလပ်ရေ။ ရေခဲတွေနဲ့ရော အဖွဲ့ထဲပါတဲ့ ကျောင်းသားတွေဟာ ဒီဝီစကီဖျော်ရေကို ကြိုက် သလောက် ခပ်သောက်ကြတာပဲ။ မောင်နုဟာ သာမန်အားဖြင့် ဆေးလိပ် မသောက်တတ်ဘူး။ အဲဒိဝီစကီ ဖျော်ရည်သောက်တဲ့အခါ ကျတော့ အရက်တကြိုက်။ စီးကရက် တဖွာ သောက်လေ့ရှိတယ်။ တခြား ကျောင်းသားတွေဟာ အရက်မူးပေမဲ့ အတော်အိနြေ္ဒရတယ်။ မောင်နုကတော့ ဒီလိုမဟုတ်ဘူး။ အရက်မူး လာရင် အလွန် အိနြေ္ဒမဲ့တယ်။ အဲဒီနှစ်က တကောင်းနဲ့ ပြည်ကျောင်းဆောင် နှစ်ခုစုပြီး လုပ်ကြတဲ့ ခရစ်စမတ်ပွဲမှာ ကျောင်းအုပ်ကြီး ဆလော့။ ကျောင်းဆောင်မှုးတွေ။ ဆရာတွေ ကျောင်းသူကျောင်းသားတွေ ထိုင်ပြီး အငြိမ့်ကြည့်နေတုန်း။ မောင်နုဟာ အရက်ကို အလွန်အကျွံမူးပြီး ပွဲလည်ခေါင်မှာ လဲနေလို့ သူ့အခမ်းကို ထမ်းပြီးခေါ်သွားရတယ်။ ဘယ်လောက်မူးလဲ ဆိုရင် ကြိုးနဲ့ ခိုင်ခိုင်ချည်ထားတဲ့ သူ့ရှုးဖိနပ် တဘက်ဟာ ကျွတ်ကျန်နေရစ်တာကို မောင်နုမသိဘူး မနက်ကျတော့ တံမြက်စီးလှဲသမား တယောက်က ယူလာလို့ ပြန်ရတယ်။

မောင်နုဟာ ကောလိပ်ကျောင်းကို ရောက်ကတည်းက စင်မြင့်ပေါ်က စကားပြောနေတဲ့ ကျောင်းသူ ကျောင်းသား တွေကို မြင်ပြီး သူလည်းအဲဒီ ကျောင်းသူကျောင်းသားတွေလို သိပ်ဖြစ်ချင်နေတယ်။ အဲဒါ ကြောင့် စကားရည်လုပွဲတွေ ဆွေးနွေးပွဲတွေဆိုရင် သူကြိုးစားတက်တယ်။ ဒါပေမဲ့ တက်ခါစ သုံးလေးပွဲမှာ စကားပြောမယ်လို့ ထခါနီး တကိုယ်လုံး ဆက်ဆက်တုန်နေတာနဲ့ မထရဲပဲ လက်လျော့ပေးခဲ့ရတယ်။ နောက်ပွဲတွေ ကျတော့ အဲဒီပွဲမှာ စကားမပြောရဲရင် တရက်လုံးလုံး အစာမစားဘူးလို့ အဓိဌာန် လုပ်သွားတယ်။ ဒါပေမဲ့ အဓိဌာန်လည်း မကယ်နိုင်ပါဘူး။ တကိုယ်လုံး နတ်ပူးသလိုလို ဖြစ်ပြီး လက်လျော့ခဲ့ ရတာဘဲ။ အဲဒီလို လက်လျော့ ခဲ့ရတိုင်း အဓိဌာန်တွေ တိုးတိုးပြီး တင်လာလိုက်တာ စကားမပြောရဲရင် သုံးရက်တိုင်တိုင် အစာမစားဘူး ဆိုတဲ့အဓိဌာန် အထိရောက်လာတယ်။ တညကျတော့ ကျောင်းသူ အသင်းက ကြီးကြပ်ပြီး စကားရည်လုပွဲတခု ကျင်းပတယ်။ ပြောရမယ့် ဘာသာရပ်က ဒါးသွားထက်၊ ကလောင်သွားက ပိုပြီးထက်သည်။ ဆိုတဲ့ ဘာသာရပ်ပဲဖြစ်တယ်။ ဒီပွဲမှာ အင်္ဂလိပ်လိုပြောရမယ်။ စင်မြင့်ပေါ်မှာ အဆိုနဲ့ အတိုက်အခံဘက်က ပြောကြမဲ့ ပုဂ္ဂိုလ်လေးဦးစလုံးဟာ ကျောင်းသူတွေချည့်ပဲ။ နောက်ပြီးတော့လည်း ကျောင်းသူဟောင်းကြီးတွေ စကားရည်လုပွဲမှာ ကျင့်သားအများကြီး ရပြီးသူတွေ မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ကမှ မောင်နုနဲ့ အတူတူ ကောလိပ်ကျောင်းကို ရောက်လာကြသူတွေ ဖြစ်နေတယ်။ အဲဒါကြောင့် မောင်နုဟာ စကားရည်လုပွဲ မစမှီကတဲက မောင်နု ဒီကောင်မလေးတွေ ပြောနိုင်တဲ့ပွဲမှာ မင်းမပြောရဲရင် မင်းကို လေးရက် အငတ်ထားမယ်။ လို့သူ့ကိုယ်သူ ကြိမ်းမောင်းထားတယ်။ အဲဒီပွဲမှာ အဆို တင်သွင်းမယ့် ကျောင်းသူဟာ စီစီအောင်ကြီး ဖြစ်တေယ်။ ဒီကျောင်းသူဟာ အသက်အားဖြင့် မောင်နုနဲ့ ရွယ်တူ ချင်းလောက်ဖြစ်မှာပဲ။ ဒါပေမဲ့ စီစီအောင်ကြီးဟာ ဘော့ဘ် ဆံတောက် ထားတဲ့အပြင် သူ့မျက်နှာ ကလေးဟာ အင်မတန်ချိုပြီး နုနေတဲ့အတွက် သူ့ကိုမြင်ရသူတိုင်းက ခလေးလို့ ထင်ကြတယ်။ စီစီဟာ သူ့အချိန်ရောက်တာနဲ့ တပြိုင်နက်၊ သူ့အဆိုကို မကြောက်မရွံ့ မတုန်မလှုပ်၊ ခပ်အေးအေး ကလေး တင်သွင်းသွားတာဘဲ။ စကားပြောသိပ်ကောင်းတယ် မဆိုနိုင်ဘူး။ ဒါပေမဲ့ မညံ့ဘူး။ အခြားကျောင်းသူ သုံးဦးကလည်း အတော်နားထောင်ကောင်းအောင် သူ့နည်းနဲ့သူ ပြောဆိုသွားကြတာပဲ။ စင်မြင့်ပေါ်က ကျောင်းသူလေးယောက် ပြောပြီးတဲ့အခါ နာယကလုပ်သူက ပုရိဿတ်များလည်း ဝင်ရောက်ဆွေးနွေး နိုင်တယ်လို့ ခွင့်ပြုလိုက်တာနဲ့ တပြိုင်နက် မောင်နုဟာ ဗြုန်းကနဲ ထလိုက်တာဘဲ။ သူ့မျက်စိထဲမှာ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး ။ ရေထဲငုပ်ပြီး မျက်စိဖွင့်ကြည်နေရသလို ဝါးတားတားကြီး ဖြစ်နေတယ်။ အဲဒီ တုန်းက သူဘာတွေ ပြောခဲ့တယ်ဆိုတာတော့ စုံစမ်းလို့မရဘူး။ သူဟာ အဆိုကို ကန့်ကွက်တယ် ဆိုတာ လောက်ပဲ သိရတော့တယ်။ အဲဒီည စကားပြောတာ အောင်မြင်သွားတဲ့အတွက် မောင်နုဟာ သိပ်ပျော် နေတယ်။ ဒါပေမဲ့ ပျော်တာချည်းသက်သက် မဟုတ်ဘူး။ မကြာခဏ ထနေကြ သူ့ရောဂါဟာ ပျော်တာနဲ့ အတူတူ တလှည့်စီ သူ့စိတ်ထဲမှာ ပေါ်နေတာ မောင်နုတွေ့ရတယ်။ ဒီတကြိမ်မှာတော့ ရောဂါ ထအောင် လုပ်ပေးသူဟာ တခြားမဟုတ်ဘူး။ စကားရည်လုပွဲမှာ အဆိုတင်သွင်းသွားတဲ့ စီစီအောင်ကြီး ဖြစ်နေတယ်။ စီစီအောင်ကြီးကို ကြည့်လိုက်ရင် သူ့မျက်နှာကလေးဟာ အစဉ်ပြုံးနေသလို ထင်ရတယ်။ ဒါကလွဲပြီး သူ့ မျက်နှာမှာ မက်စရာ ဆိုလို့ ဘာမှမတွေ့ဘူး။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပိန်ကပ်ကပ်ကလေး။ ရောဂါသည် ကလေးနဲ့တူတယ်။ ဘော့ဘ်ဆံတောက်နဲ့ ဗမာအဝတ်အစားကို ဝတ်ထားပြန် တယ်ဆိုတော့ ဗျုံးကနဲဆိုရင် အဆင်မပြေသလိုလို ဖြစ်နေတယ်။ ဒီလိုဆိုရင် မောင်နုဟာ စီစီမှာ ဘာကို မက်သွားတာလဲ။ စကားရည်လုပွဲညက မောင်နုဟာ အတင်းသာ စကားထ ပြောလိုက်ရတယ်။

ကြောက်စိတ်တွေ လွှမ်းနေတာ ကြောင့် သူပြောချင်သလောက် ကျကျနန မပြောလိုက်ရဘူး။ စီစီကတော့ ဒီလိုမဟုတ်ဘူး။ ခပ်အေးအေး ခပ်တည်တည်ဘဲ အဆိုတင်သွင်းတဲ့အခါမှာ သူအဆိုဟာ ကျက်လာတဲ့အဆိုလို့ ပြောချင်ပြောနိုင်တယ်။ ဒါပေမယ့် အတိုက်အခံဘက်က ပြောတာတွေကို ပြန်ဖြေဘို့ကျတော့ ကျက်ထားလို့မရဘူး။ အဲဒါကို အချက်ကျကျ ပြန်ဖြေရတယ်ဆိုတာ မလွယ်ဘူး။ အဲဒီမလွယ်တဲ့ အလုပ်ကို စီစီအောင်ကြီးဟာ ခပ်အေးအေး ခပ်တည်တည် လုပ်နိုင်တယ်။ အဲဒီ တည်ကြည်မှု သတ္တိရှိမှု ညာဏ်ထက်မြက်မှု တွေဟာ မောင်နုရဲ့ မျက်စိနဲ့ နားထဲက အသည်းနှလုံးထဲအထိ စိမ့်ပြီးဝင်သွားတယ်။ ဒီအစာစားမိရင် ဒီအဖျားဖျားတာပဲ ဆိုတဲ့စကားကို ဓါတ်မ တခုခုရဲ့ အာရုံဟာ အခုလို သူ့အသည်းနှလုံးထဲ ဝင်လာပြီဆိုရင် မောင်နုမှာ ထနေကြရောဂါ ဟာ ထလာတာပါဘဲ။ ဒါပေမဲ့ မောင်နုဟာ မေတ္တာစာရေးတိုင်း ဘယ်တော့မှ တုံ့ပြန်မှု မရတာကြောင့် ဒီတခါကျတော့ ရှေးတုန်းကလို အလျင်စလို မလုပ်ဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူချိန်ဆ နေတယ်။ တနေ့ကျတော့ နာမည်ကျော် မြန်မာရုပ်ရှင်တကားကို ၃နာရီခွဲပွဲမှာ ကြည့်ရအောင် ရုပ်ရှင်ရုံတခုရဲ့ ရှေ့ကို မောင်နုရောက်သွားတယ်။ အဲဒီရုံရှေ့မှာ စီစီအောင်ကြီးနဲ့ ကျောင်းသူ သူငယ်ချင်း နှစ်ယောက်လည်း ရောက်နေတယ်။ ပရိသတ်က များလွန်း အားကြီးတဲ့အတွက် လက်မှတ်ကို လွယ်လွယ်နဲ့ ဝယ်လို့မရဘူး။ အဲဒါကြောင့် လက်မှတ်သုံးစောင်ဝယ်ပြီး စီစီတို့ကို ပေးဖို့ မောင်နု ရှေးဦးစွာ စဉ်းစာမိတယ်။ ဒါပေမဲ့ မလိုချင်ဘူးလို့ ဆိုလိုက်ရင် လူတွေအများကြီးရှေ့မှာ အရှက်ကွဲ မှာပဲလို့ စဉ်းစားမိတဲ့အတွက် မောင်နု နောက်တွန့်သွားပြန်တယ်။ ကောလိပ်ကျောင်း သားတွေဟာ အိနြေ္ဒကြီးတဲ့ ကျောင်းသူတွေနဲ့ တွေ့တဲ့အခါ အရှက်ကွဲပြီး ပြန်လာကြရတယ် ဆိုတဲ့ သတင်းတွေကို မောင်နု ခဏခဏ ကြားရတဲ့အတွက် မောင်နုဟာ စီစီတို့အနား ကပ်ရမှာ သိပ်လန့်နေတယ်။ အဲဒါကြောင့် စီစီတို့ အကူအညီတောင်းရင် အဆင်သင့် ပေးဘို့ဆိုတဲ့အနေနဲ့ မောင်နုဟာ ခပ်လှမ်းလှမ်းက ရပ်ပြီးစောင့် နေတယ်။ လူအတော်ပါး သွားတဲ့အခါ စီစီတို့လူစုလည်း သူတို့ဟာ သူတို့ လက်မှတ်ဝယ်ပြီး ရုပ်ရှင်ရုံထဲ ဝင်သွားကြတယ်။
အတော်လေးကြာတော့မှ မောင်နုလည်း ရုံထဲလိုက်ဝင်သွားတယ်။ မောင်နုဟာ ရုပ်ရှင်ကိုသာ ကြည့်နေရ တယ်။ ဘာတွေကို မြင်နေရတယ်ဆိုတာ ကောင်းကောင်းမသဲကွဲဘူး။ စီစီတို့ဆီကို သူသွားပြီးမေးလိုက်ရင် သိပ်ကောင်းမယ်။ မမေးမိတာ သိပ်မှားသွားတယ်။ ဟာ ဘယ်ဖြစ်မလဲ ကိုယ်က စေတနာနဲ့ သွားမေးတာ တော့ ဟုတ်ပါရဲ့ ဟိုက အကူအညီ မလိုချင်ဘူး လို့ဆိုလိုက်ရင် ဘယ်နှယ့်လုပ်မလဲ။ မလုပ်ပါဘူး စေတနာ ကောင်းနဲ့ လာမေးတယ်ဆိုတာ သူတို့လည်းသိမှာပါ။ စီစီတို့ဟာ သူဘက်ကို ခဏခဏ လှည့်ကြည့်နေတာ ထောက်ရင် သူ့ဆီက အကူအညီ လိုချင်တာ အမှန်ဖြစ်မှာပဲ။ သနားစရာပါကွာ။ အစရှိတဲ့ သူ့ကိုယ်သူ အပြစ် တင်ချက်တွေ။ ပြန်လှန်ဖြေကြားချက်တွေ။ သနားစိတ်တွေဟာ သူ့ဦးနှောက်ထဲမှာ စုပုံပြီး ဗလုံးဗထွေး ဖြစ်နေတာဘဲ။ သူ့အခန်းပြန်ရောက်တဲ့ အခါမှာလည်း ဒီဗလုံးဗထွေးဖြစ်နေတာတွေဟာ သူ့ဦးနှောက်ထဲမှာ ဆက်ပြီးပေါ်နေတုန်းဘဲ၊ ဖျောက်ဖျက်ပစ်လို့မရဘူး။ အမှန်စင်စစ် ဆိုရင် သူကသာ တဘက်သပ် ဒီလို ဖြစ်နေတာ စီစီအောင်ကြီးကတော့ ဒါတွေကို ဘာမှ သိမှာမဟုတ်ဘူး။ ဒီအချိန်လောက်ဆိုရင် စီစီ အောင်ကြီးဟာ အိပ်ပျောလို့ တရေးတောင်နိုးလောက်ပြီ။

မောင်နုဟာ အိပ်လို့မရတာနဲ့ စီစီအောင်ကြိးဆီကို ပို့ဘို့ စာတစောင် ထိုင်ရေးတယ်။ သူ့စာဟာ မေတ္တာစာလည်း မဟုတ် ။ ဝတ္တုလို့ ခေါ်ရမှာလည်း အခက်။ ပြဇာတ်လည် မဆိုနိုင်။ အဲဒီတော့ ဒီစာကို ပန်ကြားလွှာ လို့ပဲ ခေါ်ကြပါစို့။ ဒီပန်ကြားလွှာကို ဘလင့်ဗာစ် နဲ့ရေးထားတယ်။ ဒီပန်ကြားလွှာထဲမှာ ပါတာတွေကို အကုန်လုံး မဖေါ်ပြနိုင်ဘူး။ သဘောလောက်ပဲ ပြန်ပြောပြတော့မယ်။ ရှေးအခါတုန်းက မိန်းကလေးတဦး ရှိတယ်။ အဲဒီမိန်ကလေးရဲ့ နံမယ်က စီစီဖြစ်တယ်။ အဲဒီစီစီရဲ့ အချောအလှဟာ ပြိုင်ဘက်ကင်းတယ်။ သူ့မှာမြင့်မြတ်တဲ့ စိတ်လည်းရှိတယ်။ သတ္တိလည်းရှိတယ်။ သူဟာ အင်မတန်နက်ရှိုင်း တဲ့ တောကြီးအလယ်က အင်မတန်သာယာတဲ့ ဥယျာဉ် ထဲမှာနေတယ်။ သူနေတဲ့ ရဲတိုက်ကြီးကလည်း သိပ်ကောင်းတယ်။ သူနေတဲ့ဥယျာဉ်ကြီးကို ရောက်နိုင်ဘို့ လမ်းတလျှောက်လုံးမှာ ဂုမ္တာန်တထောင် စောင့်ကျပ် နေတဲ့အတွက် နုဆိုတဲ့ သူငယ်ဟာ ဥယျာဉ်နားကို မကပ်ရောက် နိုင်ရှာပဲ အဝေးကသာ လှမ်းမျှော်နေရပါတယ်။ နုမှာ နှလုံးသားကို လောင်ကျွမ်းလုမတတ် စွဲကပ်ဖိစီး နှိပ်စက်နေတဲ့ အချစ် ရောဂါဆိုး တခုရှိတယ်။ လမင်းသော်တာလို ပပဝင်းနေတဲ စီစီရဲ့မျက်နှာကို အားရအောင်ကြည့်ရပါမှ နုဟာ ဒီရောဂါဆိုးကြီးက လွတ်မြောက်ပါလိမ့်မယ်။ အဲဒါကြောင့် နုအပေါ် စီစီက ဂရုဏာသက်ပြီး ဘယ်အဆီး အတား အပိတ်ပင်မရှိစေရ။ ငါ့ရှေ့မှောက်ကို နုအရောက်လာစေဆိုတဲ့ အမိန့်တော်မြတ် ချမှတ်ပေးသနား တော်မူရန် အသနား ခံပါတယ်ဆိုတဲ့ သဘောမျိုး ရေးသားထားတယ်ဆိုတာ စုံစမ်းသိရှိရတယ်။ ဒီ ပန်ကြားလွှာကိုဖတ်ရရင် ပညာရှိတွေ ချီးကျူးမလား။ မချီးကျူးဘူးလား မပြောနိုင်ဘူး။ ဒါပေမဲ့ မောင်နု အနေနဲ့ကတော့ သူ့ပန်ကြားလွှာကို သိပ်ကြိုက်နေတာဘဲ ချစ်ဒုက္ခနဲ့ ရင်ဆိုင်ရတိုင်း ဘယ်တော့မှ ကိုယ့်ကိုယ်ကို အားမကိုးဝံ့ပဲ စာပို့ကုလားကိုသာ အစဉ်ထာဝရ အားကိုးရရှာသော မောင်နုဟာ နောက်တနေ့ မနက်ကို ရောက်လာတဲ့အခါ အဲဒီနေ့အတွက် ပထမဆုံးအလုပ်အနေနဲ့ သူ့ပန်ကြားလွှာကို စာတိုက်ပုံးထဲ သွားပြီးထည့်လိုက်တယ်။ စီစီသာ သူ့အပေါ်မေတ္တာရှိမယ်ဆိုရင် တနင်္ဂနွေ တပတ်အတွင်း စာပြန်ရမယ်လို့ မောင်နုတွက်ထားတယ်။ ဒါပေမဲ့ တနင်္ဂနွေ သုံးပတ်ကုန်တဲ့အထိ ဘာသံမှ မကြားဘူး။ စီစီလက်ထဲကို စာမရောက်ဘူး။ လမ်းမှာ ပျောက်သွားတာ ဖြစ်နိုင်တယ်လို့ သူ့ကိုယ်သူ အားပေးပြီး မောင်နုဟာ နောက်ထပ် စာတစောင် ထည့်လိုက်တယ်။ တနင်္ဂနွေ သုံးပတ်ကြာသည့်တိုင်အောင် ဘာသံမှ မကြားရဘူး။ နောက်တစောင်ထပ်ပို့ရင် စာပြန်ကောင်း ပြန်လိမ့်မယ်လို့ သူ့ကိုယ်သူ တရားချပြီး မောင်နုဟာ စီစီအောင်ကြီးဆီကို တတိယစာပို့ပြန်တယ်။ တလလောက်ကြာလို့ ဘာသံမှ မကြားရတဲ့အခါ ဒီကိစ္စကို ဘယ်လိုလုပ်ရမလည်းလို့ မောင်နုဟာ ပန်းကန် ကိုဗဂျမ်းနဲ့ တိုင်ပင်တယ်။ ကိုဗဂျမ်းက သူ့မှာ ရည်းစား ရှိနေပြီ ထင်တယ်လို့ ဖြေတယ်။ ကျွန်တော်ကတော့ ဒီလိုမထင်ဘူး။ ကျွန်တော့ကို မေတ္တာမရှိလို့စာမပြန်တာလို့ ယူဆတယ်။ ဟိုနေ့က ရုပ်ရှင်ရုံရှေ့မှာ သူတို့အနား မသွားမိတာ သိပ် ကံကောင်းတယ်။ သွားမိရင် လူတွေထဲ အရှက်ကွဲမှာပဲလို့ မောင်နုက ပြန်ပြောတယ်။ မောင်နုဟာ အဲဒီ အချိန်ကစပြီး စီစီအောင်ကြီးဆီကို ဘာစာမှ မရေးတော့ဘူး။ မတ်လ စာမေးပွဲကြီး လုပ်တဲ့အခါ စီစီ။ ကိုဗဂျမ်းနဲ့ မောင်နုတို့ဟာ ခန်းမကြီးတခုထဲမှာ အတူတူဖြေရတယ်။ နောက်ဆုံးဘာသာကို ဖြေပြီးတဲ့အခါ စီစီက ခမ်းမကြီးထဲက အရင်ထွက်တယ်။ စီစီရဲ့နောက်က မောင်နုထွက်တယ်။ မောင်နုရဲ့နောက်က ကိုဗဂျမ်းထွက်တယ်။ စီစီဟာ ကိုက်သုံးဆယ်လောက် လျောက်မိတဲ့အခါ မောင်နုတို့ဖက်ကို လှည့်ကြည့်ပြီး ရပ်နေတာကို ကိုဗဂျမ်းမြင်လိုက်တယ်။ အဲဒါကြောင့် ကိုဗဂျမ်းဟာ ကိုနု ဟိုမှာ စီစီရပ်ပြီး စောင့်နေတယ်။ သွားသွားလို့ မောင်နုကို အလန့်တကြား သုတ်သီးသုတ်ပြာ ပြောလိုက်တယ်။ မောင်နုဟာ မသွားရဲဘူးလို့ ကိုဗဂျမ်းကို တိုးတိုးပြောပြီး အနာက အခန်းတခုထဲကို ဝင်ပြေးတယ်။ ကိုဗဂျမ်းလည်း အခန်းထဲကို လိုက်လာပြီး စီစီကခင်ဗျားကို စောင့်နေတာ သွားပါဗျာလို့ မောင်နုကို ထပ်တိုက်တွန်းတယ်။ စာသုံးစောင်ကို ပေးပြီးပြီ။ စီစီိဆီက ပြန်စာမရ ကတဲက စီစီဟာသူ့ကို မချစ်ဘူးလို့ မောင်နုဆုံးဖြတ်လိုက်ပြီးပြီ။ အဲဒါကြောင့် ကျွန်တော့်ကို စောင့်တာဟာ မေတ္တာရှိပါတယ်လို့ စကားပြန်ဘို့ မဟုတ်ဘူး။ သူ့ဆီကို နောက်ထပ် စာမရေးနဲ့တော့လို့ ပြောဖို့စောင့်နေတာ ကျွန်တော်မသွားချင်ဘူးလို့ မောင်နုကပြန်ပြောတယ်။ ခင်ဗျားဟာ တခြားနေရာတွေမှာ အင်မတန်စွာပြီးဒီနေရာမှာ သိပ်သတ္တိကြောင်တယ်။ ကျွန်တော်သာဆိုရင် စီစီိဆီကို သွားမယ်။ သူကစာမရေးနဲ့လို့ ပြောရင် အေးကောင်းပြီ။ ကျေးဇူးတင်တယ်လို့ ခပ်တည်တည် ပြန်ပြောမယ်၊ ခင်ဗျားလိုတော့ ဖိုးသာဝ နသိုးလို သဝေထိုးပြီးမပြေးဘူး။ ခင်ဗျားဟာ မိန်းမတွေကို ချစ်တဲ့နေရာမှာ သူများထက် မြန်တယ် ကြောက်တဲ့နေရာမှာလည်း သူများထက်ပိုတယ်။ လာဗျာ ကျနော်လည်းလိုက်မယ်။ နောက်ထပ်သူ့ဆီကို စာမရေးပါနဲ့ လို့ပြောရင် ခင်ဗျားဘာမှ မပြောနဲ့။ ကျနော်ဖြေမယ်။ လာပါဆိုပြီး ကိုဗဂျမ်းဟာ မောင်နုကို အတင်းဆွဲခေါ်တယ်။ သူတို့နှစ်ယောက်ထွက်လာတဲ့ အခါ စီစီဟာ အဲဒီနေရာမှာမရှိ တော့ဘူး။ ကျောင်းသူတွေ အပန်းဖြေခမ်းမ သွားပြီး စီစီနဲ့တွေ့ရအောင် ကိုဗဂျမ်းက အဆိုသွင်းသေးတယ်။ မောင်နုက အတင်းခေါင်းခါပြီး ငြင်းတာနဲ့ ဒီအကြံ ပျက်သွားခဲ့ရတယ်။ ကောလိပ်ကျောင်းသားတွေဟာ ကျောင်းတက်ချိန်မှာ ကောလိပ်ကျောင်းသူတွေကို တွေ့ချင်ရင် အဲဒီ ကျောင်းသူ အပမ်းဖြေခန်းမကို သွားကြတာပဲ၊ သူတို့ တွေ့ချင်တဲ့ ကျောင်းသူတွေဟာ ခန်းမထဲက ထွက်လာပြီး အဲဒီအနီးတဝိုက်မှာ ကျောင်းသားတွေနဲ့ တွေ့ကြတာပဲ။ ဒီအခန်းနားကို ဖြတ်သွားကြတဲ့ ကျောင်းသားတွေဟာ ဒီအနီးတဝိုက်မှာ ဒီလိုပဲ မတ်တပ်ရပ်ရင်း စကားပြောကြတဲ့ စုံတွဲတွေကို အချိန်မရွေး မြင်နိုင်ပါတယ်။ ကျောင်းဆင်းချိန်မှာ ကောလိပ်ကျောင်းသူတွေကို တွေ့ချင်တဲ့ ကျောင်းသားတွေဟာ အင်းလျားကျောင်းဆောင်ကို သွားကြ တာပဲ။ မောင်နုဟာ ကောလိပ်မှာ ၈နှစ် တိုင်တိုင် နေခဲ့ပေမယ့် အဲဒီအပန်းဖြေခန်းမ အနီးအနားမှာ ဘယ်ကျောင်းသူနဲ့မှ ချိန်းမတွေ့ခဲ့ဖူးဘူး။ မတွေ့ချင်လို့တော့ မဟုတ်ပါဘူး။ ကြောက်လို့မတွေ့တာပါ။ အင်လျားကျောင်းဆောင်ကိုတောင် တခါပဲ ရောက်ခဲ့ဘူးတယ်။ အဲဒါဟာလည်း တခြားကြောင့်မဟုတ်ပါဘူး။ ဘုတလင် ကိုသိန်းဖေက သူ့မိတ်ဆွေ မသိန်းနုကို သွားတွေ့မလို့ လိုက်ခဲ့ပါ ခေါ်တာနဲ့ ပါသွားတာပါဘဲ။ သူ့ အလိုအလျောက် ဘယ်သူနဲ့မှ မတွေ့ဖူးဘူး။ အဲဒီလိုသတ္တိကြောင်တဲ့ စိတ်တွေဟာ အတင်း ဝိုင်းပြီးဖျက်တဲ့ အတွက် အပန်းဖြေခန်းမမှာ စီစီကိုလိုက်တွေ့ဆိုတဲ့ ကိုဗဂျမ်းရဲ့ ဖူးစာရေး အဆိုကြီးဟာ ပျက်သွားရတာ ဖြစ်တယ်။ စီစီဟာ ၁၉၂၆ ခုနှစ်ဇွန်လထဲမှာ ကျောင်းပြန်ဖွင့်တဲ့အခါ ပြန်မလာတော့ဘူး။ မောင်နု စုံစမ်းကြည့်တဲ့အခါ အဆုတ်နာရောဂါနဲ့ အနိစ္စ ရောက်သွားတယ်လို့ ကြားရတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရေစက်ဟာ မကုန်သေးဘူး။ သေသွားတယ်ဆိုတဲ့ စီစီနဲ့ မောင်နု တို့ဟာ ထူဆန်းစွာ ပြန်တွေ့ ကြရ သေးတယ်။ ဘယ်လိုတွေ့တယ်ဆိုတာ သက်ဆိုင်ရာ အခန်းရောက်မှပဲ ဆက်ပြောတော့မယ်။

Read More...

တာတေစနေသား အခန်း(၄)

ဆယ်တန်းစာမေးပွဲ အောင်တဲ့အတွက် မောင်နုက ဘာမှ မဖြစ်ဘူး။ သူ့အဖေ ဦးစံထွန်းဟာ ဝမ်းသာလွန်းလို့ ခြေမိကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပြီး မိတ်ဆွေရင်းချာတွေကို သာမက နဲနဲပါးပါးလောက်သာ သိကျွမ်းဖူးတဲ့ လူတွေကိုပါ။ သူ့သားစာမေးပွဲ အောင်တဲ့အကြောင်း လျောက်ပြောတယ်။ နောက်တနေ့ကျတော့ မောင်နုရဲ့ သူငယ်ချင်း တွေကို အဖိတ်ခိုင်းပြီး သူ့သား စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်နဲ့ အိမ်မှာ ညစာ ထမင်း ကျွေးတယ်။ သူ့သားရဲ့ အောင်ပွဲအတွက် အထူးဟင်း ဆိုပြီး သူကိုယ်တိုင်ချက်တယ်။ ဟင်းတွေက ထူးလည်း ထူးပါတယ်။ ကြက်သားဟင်းကျတော့ ထူးသထက်ထူးအောင် အချိုလည်းမဟုတ်။ အချဉ်လည်း မဟုတ်၊ ငရုပ်သီးထောင်းရော၊ နွားနို့ရော၊ အုံးနို့ရော တပြုံကြီးထည့်တာပဲ၊ ဧည့်သည်တွေ မကြိုက်ကြဘူး ထင်တယ်။ အဲဒီဟင်းကို သိပ်မနှိုက်ကြဘူး။ ဟေ့ကောင်တွေ ထည့်စားကြကွာ၊ ကလျာဏီဟင်းဆိုတာ ဒါပဲ လို့ ဝမ်းသာအားရပြောပြီး မောင်နုသူငယ်ချင်းတွေရဲ့ ပန်းကန် ထဲကို ကလျာဏီ ဟင်းတွေ ဦးစံထွန်း အတင်း လိုက်ထဲ့ပေးတယ်၊ မောင်နုဟာ ကောလိပ်ကျောင်းကို ရောက်တဲ့အခါ ကမ္ဘာ သစ်တခုထဲကို ရောက်လာရသလို ဖြစ်နေတယ်၊ အဆောက်အဦးတွေကလည်း သူအရင်နေခဲ့ရဘူးတဲ့ ဘုန်းကြီးကျောင်း အိုကြီးတွေ စစ်တန်းလျားတွေလို မဟုတ်ဘူး။ အတော်ခမ်းနား သပ်ယပ်တဲ့ အဆောက် အဦးတွေ တွေ့ရတဲ့ ကျောင်းသူကျောင်းသားတွေ အတော်များများကလည်း မြီု့မအထက်တန်း ကျောင်းမှတုန်းက သူတွေ့ခဲ့ရတဲ့ သူလိုငါလို။ ကျောင်းသူကျောင်းသားမျိုးတွေ မဟုတ်ဘူး။ အင်္ဂလိပ်စာ။ မြန်မာစာ။ အက္ခရာ သင်္ချာ။ ကင်မစ္စရီ။ ဖီးဆစ်။ ဥပဒေ အစရှိတဲ့ ဘာသာရပ်အသီးသီးမှာ အင်မတန် ထူးချွန်တဲ့ လူရည်ချွန်တွေ။ စင်မြင့်ပေါ်မှာ စကားပြောကောင်းတဲ့ ကျောင်းသားတွေ။ ဘောကန်ကောင်းတဲ့ ကျောင်းသားတွေ။ တင်းနစ် အရိုက်ကောင်းတဲ့ ကျောင်းသားတွေ။ အတုခိုးစရာ တကယ်ထူးချွန်တဲ့ ကျောင်းသားတွေ ပြည့်နေတာဘဲ၊ အဲဒီကမ္ဘာသစ်ထဲကို ရောက်လာတဲ့အခါ မောင်နုရဲ့စိတ်ဟာ အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲချက်တွေ အများကြီး ဖြစ်နေတယ်။ အရင်တုန်းက အထက်တန်းစားတွေကို ဆက်ပြီးသင်ချင်တဲ့ ဆန္ဒသူ့မှာလုံးဝ မရှိခဲ့ဘူး။ အခုဆိုရင် အများကြီးရှိလာပြီ။ အရင်တုန်းက သူကြီးလာရင် ဘာလုပ်မယ်ဆိုတာ တခုမှ မစဉ်း စားခဲ့ဖူးဘူး။ အခုဆိုရင် အများကြီး စဉ်းစားလာပြီ။ ဆယ်တန်းတုန်းက ရှိတ်စပီးယား ရဲက ပြဇာတ်တွေထဲက ကောက်နှုတ်ချက်ကလေးတွေ ဒီပြဇာတ်တွေကို အင်္ဂလိပ်စကားပြေနဲ့ ပြန်ရေးထားတာတွေကို ကျောင်းစာတွေအဖြစ်နဲ့ သင်ခဲ့ရတယ်၊ အဲဒါကြောင့် မောင်နုဟာ အဲဒီစာတွေထဲမှာ သိပ်စိတ်မဝင်စားလှဘူး။ တက္ကသိုလ်ရောက်တဲ့အခါ ကောလိပ် စာကြည့်ခမ်းထဲမှာ ရှိတ်စပီးယား ရဲ့ ပြဇာတ်တွေ၊ ကဗျာတွေကို အတန်းစာအဖြစ်နဲ့ မဟုတ်ပဲ။ သူ့သဘောနဲ့သူ ဖတ်ရတဲ့အတွက် သိပ်သဘောကျတယ်။ ဒီလိုသဘောကျ တာတွေများလာတော့ မောင်နုဟာ ပြဇာတ်ရေးဆရာ လုပ်ချင်သလိုလို ဖြစ်လာတယ်။ ရှီတ်စပီးယားရေးတဲ့ ဘလင့်ဗါ့စ် (Blank Verse) ကို အတုခိုးပြီး နဲနဲပါးပါး ရေးစမ်းကြည့်တယ်။ ရှိတ်စပီးယားရဲ့ ဆွန်းနက် ကဗျာတွေကို အတုခိုးပြီး ရေးကြည့်တယ်။ အမှန်စင်စစ် ကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့မောင်နုက သူဟာသူ သိပ်ကြိုက်နေတယ်။

မောင်နုကောလိပ်ရောက်လို့ မကြာခင်မှာဘဲ ပြည်ကျောင်းဆောင်နဲ့ တကောင်း ကျောင်းဆောင်တွေဟာ ဘောသင်းတသင်းစီ ထောင်တယ်။ ပြည်ကျောင်းဆေင် ဘောသင်းရဲ့ ကပ္ပတိန်ဟာ စောဓူဝံ၊ တကောင်းဘက်မှာတော့ မောင်ရှင်ဖြစ်တယ်။ မောင်နုဟာ တကောင်းမှာ သုံးယောက်တန်း ဘယ်ဘက်က ကစားတယ်။ မောင်နုဟာ ဆွန်းနက်ကို ရေးတတ်ခါစ သူ့လက်ကို ထိန်းမရ တဲ့ အတွက် စောဓူဝံကို ပြောင်လှောင်တဲ့ ဆွန်းနက်တွေကို မကြာခဏ ရေးရေးပြီး ပြည်ကျောင်းဆောင်ရဲ့ ထမင်းစားခမ်းက နို့တစ်ဘုတ်မှာ ကပ်လေ့ရှိတယ်။ စောဓူဝံဟာ ဒီဆွန်းနက် တွေကို မြင်တိုင်း သိပ်ဒေါပွ တယ်။ တညလသာသာ ၁၁နာရီလောက်မှာ ခပ်လှမ်းလှမ်း နေရာတခုက ကုလားတယောက်ဟာ ဒိုးပတ်ကို တီးနေတာ မောင်နုကြားရတယ်။ ဒီအသံကြားပြီး ဒီလရောင်မြင်ရတဲ့အခါ မောင်နုရဲ့ ရင်ထဲမှာ လှပ်လှပ်။ လှပ်လှပ် ဖြစ်လာတယ်။ အဲဒါကြောင့် Under a Marian tree မရမ်းတပင် အောက်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွန်းနက် ကဗျာ တပုဒ်ရေးတယ်။ နောက်တနေ့ကျတော့ သူ့ကျူတာ တယောက်ကို ဒီဆွန်းနက် ပြကြည့်တယ်။ အဲဒီလိုပြပြီး သူ့ကျောင်းက ထွက်ရင်ပြဇာတ်ရေးဆရာ လုပ်ချင်တဲ့ အကြောင်း ပြောပြတယ်။ ဒီကျူတာဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်။ ဘယ်တပည့်ကိုမှ စိတ်ပျက်သွားအောင်။ ရှက်သွား အောင်။ စိတ်နာသွားအောင် မပြောဘူး။ အဲဒါကြောင့် မောင်နုရဲ့ ဆွန်းနက်ကို ဖတ်ကြည့်ပြီး ကြိုးစားကွာ၊ ကြိုးစားရင် အောင်မြင်ရမှာပေါ့လို့ ချီးမွမ်းတာလည်းမဟုတ်။ ကဲ့ရဲ့တာလည်း မဟုတ် မယုတ်မလွန် ဒီ ကျုတာက ပြောတယ်။ အဲဒီကျုတာရဲ့ တိုက်တွန်းချက်အရမောင်နုဟာ ဘားနတ်ရှောရေးတဲ့ ဂျူးလီးယပ် ဆီဇာနဲ့ ကင်ဒစ်ဒါးဆိုတဲက ပြဇာတ်စာအုပ် နှစ်အုပ်ကို စဖတ်ရတယ်။ စကားပြေဟာ ဘလင့်ဗာစ် နဲ့ ရေးရ တာထက် မောင်နုအတွက် ပိုလွယ်တယ်။ အဲဒါကြောင့် ဘာနတ်ရှောရဲ့ စာအုပ်နှစ်အုပ်ကို ဖတ်ပြီးတာနဲ့ ပြဇာတ်ရေးရင် စကားပြေနဲ့ ရေးဘို့ မောင်နု ဆုံးဖြတ်တယ်။ တနေ့ကျတော့ မောင်နုဟာ ကောလိပ် စာ ကြည့်တိုက်မှာ သူဖတ်ဘို့ စာအုပ်လိုက်ရှာနေတုန်း စပိန်စာရေးဆရာကြီး သာဗင်းတပ်စ်ရေးတဲ့ ဒွန်ကီ ဟိုးတီး ဝတ္တု ကိုသွားတွေ့တယ်။ ဒွန်ကီးဟိုးတီးဟာ မတရားမှုမှန်သမျှကို တိုက်ဖျက်ပစ်မယ် လို့ သူ့ကိုယ်သူ အထင်ကြီးပြီး ဘဝင်မြင့်ရောဂါ စွဲကပ်နေတဲ့ မရူးတရူး၊ ခပ်နှမ်းနှမ်း လူတယောက်ဖြစ်တယ်။ သူ့အဖြစ် အပျက်တွေဟာ အတော်ရယ်စရာ ကောင်းတယ်။ မောင်နုရဲ့ အဖြစ်အပျက်အတော်များများနဲ့ တူလွန်းလို့ မောင်နု ကောလိပ်စာကြည့်ခန်းထဲမှာ အိနြေ္ဒမဆယ်နိုင်ဘူး။ တခိခိ တဝါးဝါးနဲ့ ရယ်ရင်း ဒီဝတ္တုကို သိပ်စွဲနေ တယ်။ ဒီဝတ္တုဟာ မောင်နုအပေါ်မှာ ဘယ်လောက် လွှမ်းမိုးနေတယ်ဆိုတာ ထင်ရှားအောင် သာဓကလေး တခုကို ဖော်ပြချင်တယ်။ ကောလိပ်ကျောင်းကို ရောက်ပြီးလို့ တလလောက်အကြာ မောင်နုဟာ တကောင်းကျောင်းဆောင် အနားမှာ လမ်းလျှောက်နေတုန်း ခွေးကြီးတကောင်က အစာ လုစားချင်တဲ့ အတွက် အစားစားနေတဲ့ခွေးလေး တကောင်ကို အတင်းလှိမ့်ပြီး ကိုက်နေတာ မောင်နု မြင်ရတယ်။ အနားမှာ ရှိတဲ့ ခဲနှစ်လုံးကို ကောက်ပြီး ခွေးကြီးကို အတင်းပြေးပေါက်တာဘဲ။ ခွေးကြီးဟာ ခွေးငယ်ကို လွှတ်ပြီး ထွက်ပြေးတာတောင် မောင်နုရဲ့ဒေါသဟာ မပြေသေးဘူး ခွေးကလေးကို အနိုင်ကျင့်ပြီး သူ့အစာလုစားမဲ့ ခွေးဆိုးကြီးကို နာနာနှက်ပေးရမယ်ဆိုတဲ့ စိတ်ထားနဲ့ ခွေးကြီး နောက်ကို အတော် ကြာအောင် မောင်နုပြေးလိုက်သေးတယ်။ မောင်နုဟာ ဒွန်ကီဟိုတီးကို ဖတ်ပြီးတဲ့အခါ ဒါမျိုးတွေ သိပ် မလုပ်တော့ဘူး။ သူ့ရဲ့ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးကို ထိန်းသိမ်းမှုတွေ အတော်လုပ်လာတယ်။ အဲဒီ ကောလိပ်ကျောင်းကို ရောက်တဲ့ ပထမနှစ်မှာဘဲ နှလုံးကြီးရောဂါ တကြိမ်ထလိုက်သေးတယ်။ အဲဒီရောဂါ ဟာ မောင်နုရဲ့ ဘဝမှာ အရေးပါ အရာရောက်တဲ့ အချက်တချက် ဖြစ်နေတဲ့အတွက် ဒီအချက်ကိုလည်း ဒီနေရာမှာ ဖော်ပြသင့်တယ်။ ဝါးခယ်မမှာ တင်တင်မြင့် ဆိုတဲ့ ကျောင်းသူတဦးရှိတယ်။ သူ့အဖေဟာ အငြိမ်းစား ရာဇဝတ်ဝန် ဦးခင် ဆိုသူဖြစ်တယ်။ တင်တင်မြင့်မှာ အမသုံးယောက်ရှိတယ်။ ညီမ တယောက် ရှိတယ်။ ဒီညီအမ ငါးဦးစလုံးဟာ မိန်းမချောတွေချည်းဘဲ။ မောင်နုဟာ ဝါးခယ်မကျောင်းမှာ တင်တင်မြင့်နဲ့ ပထမတန်းကစပြီး ခုနှစ်တန်းအထိ အတူတူနေခဲ့ဘူးတယ်။ ဒါပေမဲ့ တင်တင်မြင့်ဟာ အိနြေ္ဒကြီးတဲ့ မိန်း ကလေးဖြစ်တဲ့ အတွက် သူကလည်း ဘယ်ယောင်္ကျားလေးကိုမှ စကားမပြောဘူး။ ဘယ်ယောင်္ကျားလေး မှလည်း သူ့ကို စကားမပြောဝံ့ဘူး။

၁၉၂ဝ-ပြည့်နှစ် ပထမကျောင်းသား သပိတ် ဖြစ်တဲ့အခါ တင်တင်မြင့်က ကျောင်းမှာကျန်ရစ်တယ်။ မောင်နုတို့က ထွက်လာတယ်။ အဲဒီအချိန်ကစပြီး တယောက်နဲ့ တယောက် မတွေ့ရတော့ဘူး။ ဒါပေမဲ့ ၁၉၂၄ ခုနှစ်။ ဝါးခယ်မ တန်ဆောင်းတော်ကြီး အတွင်းမှာကျင်းပတဲ့ တန်ဆောင်တိုင် ပွဲမှာ မောင်နုဟာ တင်တင်မြင့်ကို တွေ့လိုက်တဲ့အခါ သူ့စိတ်ထဲမှာ ရှေးတုန်းက တခါမှ မဖြစ်ဘူးတဲ့ ချစ်စိတ်တွေဟာ အလွန်အမင်း ပြင်းပြင်းထန်ထန်ကြီး ဖြစ်လာတယ်။ မောင်နုဟာ တခြားကိစ္စ တွေမှာသာ လူရဲကြီး လုပ်ဝံ့တယ်။ အချစ်နဲ့ ပတ်သက်လာရင်တော့ သတ္တိကြောင်တယ်။ တချို့ ယောင်္ကျားလေးတွေလို သူတို့ချစ်တဲ့ မိန်းခလေးတွေကို လူပျိုစကား လိုက်ပြောတာတို့ မေတ္တာစာ လိုက်ပေး တာတို့ မလုပ်ရဲဘူး။ အဲဒါကြောင့် သူဟာ စာပို့ကုလားကို အားကိုးပြီး နောက်တနေ့ကျတော့ တင်တင်မြင့် ဆီကို စာတိုက်က စာတစောင် ထည့်လိုက်တယ်။ အိနြေ္ဒကြီးလှတဲ့ တင်တင်မြင့်ဆီက စာတစောင်မှ ပြန်မလာဘူး။ ဒါပေမဲ့ မောင်နုမှာ အဓိဌာန်များ ရှိနေသလားမသိဘူး။ ၁၉၂၄ ခုနှစ် နိုဝင်ဘာ လောက်ကစပြီး ၁၉၂၅ ခုနှစ် မတ်လ လယ်လောက်အထိ တင်တင်မြင့် ဆီကို စာပေါင်း၃ဝထက် မနည်း တစောင်ပြီးတစောင် ထည့်ခဲ့တယ်။ နောက်နှစ်ပေါင်း ၃၆နှစ်လောက်ကြာတဲ့အခါ ဒေါ်တင်တင်မြင့်ရဲ့ ခဲအို အင်ဂျင်နိယာချုပ် ဦးကျော်စိန်နဲ့ စကားပြောနေတုန်း၊ ဦးနုဟာ ငယ်ငယ်တုန်းက တင်တင်မြင့်ကို စာပေါင်း ၃ဝကျော် ပေးခဲ့ ဘူးတာ ပြန်ပြီးသတိရတယ်။ အဲဒီအခါကျတော့မှ သူငယ်ငယ်က ဂမူးရှုးထိုး၊ နသိုးကြိုးပြတ် လုပ်ခဲ့မိတာကို နောင်တရပြီး ဒေါ်တင်တင်မြင့်ကို ပြောပေးဘို့ ဦးနုက ခဲအို ဦးကျော်စိန်ကို မေတ္တာရပ်ခံ ခဲ့တယ်၊ ဒေါ်တင်တင်မြင့်ဟာ ဦးကျော်စိန်ကို ပြောတဲ့အချိန်အထိ အပျိုကြီးဘဲ၊ နောင်လည်း အိမ်ထောင်ပြုမဲ့ လက္ခဏာ မရှိပါဘူး။ ဒီကိစ္စကို အတော်စက်ဆုပ်ပုံပေါ်တယ်။

Read More...