11. 06. 09
ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ နိုင်ငံတကာဖိအားများ၊ ၂၀၁၀ ကိစ္စ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်ခြားစောင့်တပ် ပြဿနာ အစရှိတဲ့ အထွေထွေကိစ္စ များကြောင့် စစ်အစိုးရဟာ အင်မတန်ကို အကြပ်အတည်းထဲမှာ ရောက်နေပါပြီ ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြည်သူလူထု အနေနဲ့ တပြည်လုံး အတိုင်းတာနဲ့ လမ်းမပေါ် ထွက်လာကြမယ်ဆိုရင် ဒီစစ်အုပ်စုက အမှန်အကန် အရှုံးပေးရတော့မှာပါ။ တပြည်လုံး အတိုင်းအတာနဲ့ ဆိုတာ ဖြစ်နိုင်တာ မဟုတ်ပေမယ့် ပထမဆုံး လမ်းပေါ်ထွက်ရပ်တဲ့ အစုအဖွဲ့ဟာ ဒီအချိန်မှာ သူရဲကောင်းပဲ လမ်းပေါ်ထွက်လာတဲ့ သူတွေကို ထွက်ကြည့်ကြတဲ့ သူတွေဟာလည်း နဂိုကတည်းက ပူးပေါင်းချင်သူတွေပါပဲ တဖြည်းဖြည်းနဲ့ ပါဝင်လာရင် အချိန်အနည်းငယ် အတွင်းမှာ တပြည်လုံး အတိုင်းအတာအထိ ဖြစ်နိုင်ချေရှိပါတယ်။ ပြည်သူလူထု အားလုံးကလည်း ခံစားချက်ချင်း တူနေကြတာကိုး ခဏတာ တင်းခံနေဖို့ပဲလိုပါတယ်။
ကျနော်ဖတ်ခဲ့ရတဲ့ ဟာသပုံပြင်လေးတခုနဲ့ ဥပမာ ပေးချင်ပါသေးတယ်။
လမ်းတနေရာမှာ တောင်ပိုင်းကလာတဲ့ လှည်းတစီးနဲ့ မြောက်ပိုင်းကလာတဲ့ လှည်းတစီး ထိပ်တိုက်တွေ့ကြတယ်။ လိုရာခရီးကို ဆက်သွားကြဖို့ကို တစီးကတော့ မဖြစ်မနေ ရှောင်ပေးရတော့မှာပါ။ နှစ်စီးစလုံးကလည်း သူရှောင်ပေးပါ ငါရှောင်ပေးပါနဲ့ဖြစ်နေကြတယ်။
ပထမလှည်းသမား ။ ။ ဟေ့လူခင်ဗျားလှည်းရှောင်ပေး။
ဒုတိယလှည်းသမား ။ ။ ဘာလို့ ငါက ရှောင်ပေးရမှာလည်း မင်းရှောင်ပေး။
ပထမလှည်းသမား ။ ။ ဘာကွ မင်းမရှောင်ပေးဘူးလား ငါမင်းကို အနောက်ပိုင်းက လှည်းကို လုပ်သလို လုပ်လိုက်ရမလား။
ဒုတိယလှည်းသမား ။ ။ (အင်း..ဒီကောင် အနောက်ပိုင်းကလှည်းကို ဘယ်လို လုပ်လိုက်လဲ မသိဘူး ငါရှောင်ပေးလိုက်တာပဲ ကောင်းပါတယ်လေ..) လို့ စဉ်းစားပြီး ရှောင်ပေးလိုက်တယ်။
ဒုတိယလှည်းသမားလည်း ရှောင်ပေးလို့အပြီး စိတ်ထဲမှာ အနောက်ပိုင်းကလှည်းကို ဘယ်လို လုပ်လိုက်တယ်ဆိုတာ သိချင်လို့ လှမ်းမေး လိုက်တယ်။
ဒုတိယလှည်းသမား ။ ။ ဟေ့လူခင်ဗျား အနောက်ပိုင်းကလှည်းကို ဘယ်လို လုပ်လိုက်လဲဗျ..
ပထမလှည်းသမား ။ ။ ဟ.. သူမရှောင်ပေးတော့ ငါရှောင်ပေးလိုက်ရ တာပေါ့ကွ…… ဟူသတည်း။
ဒီအဖြစ်အပျက်လေးဟာ တကယ်တော့ ကျနော်တို့နိုင်ငံ ပြည်သူလူထုနဲ့ အာဏာရှင် စစ်အုပ်စုတို့ရဲ့ အဖြစ်အပျက်နဲ့ သွားတူနေတယ်။ ပြည်သူလူထုက ဒုတိယ လှည်းသမား စစ်အုပ်စုက ပထမလှည်းသမား။ စဉ်းစားကြည့်လေ သူတို့က ပြည်သူလူထုကို ကြောက်လို့ ဖြဲခြောက်နေတာ ပြည်သူလူထုသာ တင်းခံရင် ဘယ်ခံနိုင်မလဲ သူတို့ရှောင်ပေးရတော့မှာ ပြေးရတော့မှာပေါ့ဗျာ။ အခုတော့ဗျာ ဒီလူဆိုးတွေရဲ့ဒဏ်ကို ခံနေရတဲ့ ပြည်သူလူထုကပဲ အလျှော့ပေးနေရတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်က အချိန်အခါကောင်းပဲ။
သေချာတာတခုက ဒုတိယ လှည်းသမားဖြစ်တဲ့ စစ်အုပ်စုက ပြည်သူလူထု တရပ်လုံး တင်းခံနေရင် တောင့်ခံနေရင် သေချာပေါက် ပြေးရတော့မှာပါ။
အချိန်အခါကောင်းမှာ လမ်းပေါ်ထွက်ကြစို့
တစ်ပွဲ တစ်လမ်းတော့ ဆုံကြရဦးမည် (အပိုင်း-၁)
1/ 06/ 06
ကမ္ဘာပေါ်မှ ရှိရှိသမျှ အာဏာရှင်တွေရဲ့ အကြောက်ဆုံးက ဘာလဲလို့ဆိုရင် သူ့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုရဲ့ အုံကြွမှုလို့ဆိုရင် မမှားပါဘူး။ အုံကြွမှုအဖြစ်ဆုံး နိုင်ငံတွေကလဲ အဲဒီ အာဏာရှင် နိုင်ငံတွေက အများဆုံးပါပဲ။ ဘာဖြစ်လို့ အုံကြွကြသလဲ ဆိုရင်လည်း တူညီတဲ့ နှိပ်ကွပ်မှု မျိုးတွေကြောင့် အာဏာရှင်ကို ဆန့်ကျင်ချင်ကြလို့ပဲ။ ဘာဖြစ်လို့အာဏာရှင်တွေက နှိပ်ကွပ်ကြလည်း ဆိုရင်လည်း တူညီတဲ့အဖြေက သူတို့သာ အာဏာတည်မြဲချင်လို့ သူတို့သာ ထာဝရ အုပ်ချုပ်စိုးမိုး မင်းမူချင်လို့ပဲ။
အာဏာရှင်တွေဟာ ပြည်သူလူထု ဆူပူလာမှာကို သေမလောက်ကြောက်တယ် ဒါကြောင့် သူတို့ဟာ အလျှင်အမြန် ဖမ်းဆီးတယ် မရရင် ပစ်တယ် ခတ်တယ် စေစောစီးစီး ပွဲသိမ်းချင်ကြလို့ပါ တတိုင်းပြည်လုံး အနေနဲ့ဆိုရင် သူတို့ မတတ်နိုင်ကြတော့လို့ပဲ။ ဒါပေမယ့် အာဏာရှင်တွေမှာ ကျဆုံးခန်းတွေရှိတာ သူတို့လည်း သိထားကြတယ်။
သူတို့မနိုင်ရင် ဘာလုပ်မလဲ မနိုင် နိုင်အောင်တော့ အစွမ်းကုန် ညစ်ပတ်မှာပဲ နောက်ဆုံး မဖြစ်နိုင်တော့ဘူး မနိုင်နိုင်တော့ဘူး ဆိုရင်တော့ ပြေးရတော့မှာပဲ။ စစ်တို့ရဲ့ ဗျူဟာမှာ တိုက်ပွဲတခုကို ဆင်နွှဲမယ်ဆိုရင် ဗျူဟာမှာ ဆုပ်လမ်းကိုလည်း ထည့်တွက်ရစမြဲပါပဲ အရေးမလှသော် ဆုပ်ခွာနိုင်အောင်လို့ ဖြစ်တယ်။ ဒါကြောင့် မနိုင်ရင်ပြေးမယ် ရှင်းရှင်းလေးပါပဲ သူတို့ ပြေးကြလိမ့်မယ်။
အာဏာရှင် ဟစ်တလာက သူစစ်ရှုံးနေတာသိတော့ မြေအောက် အခန်းထဲမှာပဲ သူ့ကိုသူ အဆုံး စီရင်သွားတယ်။ မြေအောက်ခန်းဆိုတာ သူ ဥရောပမှာ ဟုန်းဟုန်းတောက် အောင်ပွဲဆင်နေတဲ့ အချိန်ကတည်းက စစ်ရှုံးခဲ့သော် ပုန်းဖို့ ကြိုဆောက်ထားတာ သူ့အတွက်ပါပဲ။ ဗျူဟာအရတော့ ဆုပ်လမ်းပေါ့။
ဆက်ဒမ်ဟူစိန် ကိုလည်း သူ့ရဲ့ဇာတိ တိကရစ်ရဲ့ မြေအောက်ခန်းထဲမှာ မိခဲ့တာ အားလုံး အသိပါ။ ဒါဗျူဟာအရ စစ်ရှုံးသော် ခိုအောင်းဖို့ စောစောကတည်းက ကြိုဆောက်ထားတာ ဖြစ်တယ်။
ထိုနည်းအတိုင်းပဲ ဘင်လာဒင် တို့ တာလီဘန်တို့လည်း တောတောင်များကြားက ဂူတွေထဲမှာ ပုန်းအောင်းနေနိုင်တာ ယခုထက်ထိတိုင်ပဲဆိုတော့…။
ကဲ ဗိုလ်သန်းရွှေ မင်းကောဘယ်ပြေးမလဲ…..
သိပ်ကိုလည်တဲ့လူ ၂၀၀၀ ခုနှစ် မတိုင်မီ အစောပိုင်း ကာလမှာကတည်းက ဗျူဟာအရ ပြေးဖို့ ဆုပ်လမ်းကို ကြိုတင်ပြင်ဆင်နေတာ သူ့အရင် အာဏာရှင်ကြီးတွေရဲ့ ဖြစ်ရပ်ကို သင်ခန်းစာယူပြီး သူ့အလှည့်ကြရင် ဘယ်လိုလုပ်ရမယ် ဆိုတာ တွေးပူပြီး အပူတပြင်း ပြင်ဆင်နေတယ်။ ၂၀၀၅ ခုနှစ် ရန်ကုန်က ဝန်ကြီးဌါနတွေ ကြပ်ပြေးမပြောင်းခင် ကတည်းက ဒီကိစ္စက ပြီးစီးခါနီးပြီ။ ဆောက်လုပ်ရေးအတွက် အကွက်ချစီစဉ် ကတည်းက ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ရဲ့ အိမ် အနောက်ဘက် တောင်တန်းတွေကြားမှာ ကြီးမားတဲ့ လှိုင်ဂူတွေဆောက်ဖို့ တခါတည်းပါပြီးသား ဒီတောတောင်တွေ အောက်မှာ ဆောက်မယ့် မြေအောက် လှိုင်ဂူတွေကို ဆောက်လုပ်တာ ရုရှား ပညာရှင်တွေ နဲ့ မြောက်ကိုရီးယား ပညာရှင်တွေလည်း ပါ ပါတယ်။ အဲဒီအထဲမှာ မှ ရုရှားမှာ Tunneling & Metropolitan ပညာ သွားသင်ခဲ့ကြတဲ့ မေမြို့ကျောင်းဆင်း မြန်မာစစ်ဗိုလ်များလည်း ပါပါတယ်။ အဓိက ဆောက်လုပ်မှာကတော့ ဗုံးဒဏ်တွေ ခံနိုင်အောင် ဂြိုလ်တုများမှ တဆင့် ခြေရာမခံနိုင်အောင် လုပ်ထားသလို အနုမြူ ဓါတ်ပေါင်းဖို တည်ဆောက်နိုင်ရေး အတွက်ပါ ဖောက်လုပ် ထားပါတယ်။ ယခုအချိန်လောက်ဆိုရင် လှိုင်ခေါင်း တည်ဆောက်မှု အပိုင်းက ပြီးစီးခဲ့ပါပြီ။ နျူကလီးယား အတွက်ပဲ ကျန်တော့တယ်။
စစ်အစိုးရတို့ရဲ့ စိတ်ထားက ရှင်းရှင်းလေးပဲ အာဏာကို ထိပါးလာရင် ဖမ်းမယ် ရိုက်မယ် ထုမယ် သတ်မယ် ဒါပဲ။ ဒါပေမယ့် ၀န်ကြီးရုံးတွေမှာထိုင်ပြီး တယ်လီဖုန်းနဲ့ အမိန့် ပေးနေမယ်ဆိုရင် မကိုက်ပေဘူး။ ဝန်ကြီးရုံး ဆိုတာတွေကလည်း အဝိုင်းခံရ နိုင်တယ်လေ။ ဒါကြောင့် ဂူတွေထဲကနေ အမိန့်ပေး စေခိုင်းနိုင်အောင်လည်း ကြံဆောင် ထားပါသေးတယ်။ ရန်ကုန်စစ်ရုံးတွေကို ဒါရိုက်အမိန်ပေး ခိုင်းစေနိုင်အောင် သီးသန့် မြေအောက် ကေဘယ်လ် ကြိုးတွေကို ဂူတွေထဲအထိ တပ်ဆင်ထားပါတယ်။ ရန်ကုန်ကနေ ဒါရိုက်သွယ်လာတဲ့ ကေဘယ် ကြိုးလိုင်းဟာ ပဲခူးမြို့ မရောက်ခင် စာကလေးကုန်း (ပဲခူးကောလိပ်အနီး) ကျေးရွာ ထဲကနေ ခွဲထွက်ပြီး မင်းတရားကြီး ရုံးထိုင်မည့် ကြပ်ပြေးနေပြည်တော် အနောက်ဖက်က ဂူတွေထဲအထိ ဆက်သွယ်ထားပါတယ်။ ဆူပူသောင်းကျန်းမည့် ပြည်သူလူထုကို နောက်ဆုံးအချိန်အထိ သတ်နိုင်သလောက် သတ်ကြဖို့ သူ့စစ်သားတွေ လက်ညိုး ကွေးနိုင်လောက်ထိ ကွေးကြဖို့ ဂူတွေထဲကနေ အမိန့်ပေးကြတော့မှာပါ။
အဲဒီကမှ နိုင်ငံတကာက ပါလာရင် ပြန်ပြီးဆော်နိုင်အောင် ကြိုးပမ်းမယ်။ မြောက်ကိုရီးယားလို နိုင်ငံတကာကို ပြန်ပြီး ကလန်နိုင်ဖို့ကလည်း တော်ရုံလက်နက်နဲ့ မရဘူး နျူကလီးယားလည်း ရှိထားဦးမှ။
ဆက်လက်တင်ပြပါမည်။
နအဖ ယုတ်မာခြင်း
မေလ, 05, 09
ဒေါ်စု ခြံဆိုတာက ရှင်းရှင်းပြောရရင် ထောင်ပဲဗျ။ ခြံဘေးမှာ အစောင့်တွေရှိတယ်၊ ကန်ဘက်မှာ အစောင့်တွေရှိတယ်၊ အင်းလျားကန်မှာ ချထားတယ်၊ ရဲတွေ ချထားတယ်။ တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ အစောင့်တွေ ချထားတယ်၊ ကင်းတွေ ချထားတယ်။ အိမ်ထဲမှာလည်း ရဲ စခန်းရှိတယ်။ အိမ်ကိုလည်း သော့ခတ်ထားတယ်။ အဲဒီတော့ ဒီလောက်လုပ်ထားတဲ့ ကြားထဲကနေပြီးတော့ ဝင်တယ်ဆိုရင် ဒါဟာ အစိုးရရဲ့ ညံ့ဖျင်းမှုပဲ။ လုံခြုံရေး ပျက်ကွက်မှုပဲ။ အကျဉ်းသားကို စောင့်ရှောက်တဲ့အခါ လုံခြုံရေး ပျက်ကွက်တာက အစိုးရရဲ့ တာဝန်ပျက်ကွက်မှုပဲ။
အမေရိကန်တယောက် ဝင်လာသည်ဖြစ်စေ၊ ဒီပဲယင်းက လူတယောက် ဝင်လာသည်ဖြစ်စေ ဘယ်လို သွားတားမလဲ။ အကျဉ်းသားရဲ့ လုံခြုံရေးဟာ အလွန် အင်မတန်ကို စိုးရိမ်စရာ အန္တရာယ် ရောက်သွားတယ်လို့ ကျနော်တို့ ပြောလို့ ရတယ်။ (ဦးဝင်းတင်၏ ပြောကြားချက်)
ရှင်းပါတယ်။ တကယ့်ကို ရှင်းရှင်းလေးပါ။ ဒီလိုအကွက်မျိုးက နလိန်ပိန်းတုံးတောင်သိတယ် မိန်းမကျင့် မိန်းမကြံ ဆိုတာ ဒါမျိုးပေါ့။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်စုကို ဒီ နအဖတွေ မလွှတ်ပေးချင် သလို သူတို့ရဲ့ အာဏာ တည်မြဲရေးမှာလည်း ဒေါ်စုကို ဆူးညှောင့်ခလုတ် လိုမြင်တယ်။ တတ်နိုင်ရင် မသေမချင်း တသက်လုံး အကြောင်း အမျိုးမျိုးပြပြီး ဖမ်းထားချင်တယ်။ သူတို့ ဒေါ်စုကို အကြောက်ကြီး ကြောက်တယ်။ ဒီပဲယင်း ကတည်းကလည်း အပြတ်ရှင်းတာပဲ နတ်ကောင်း နတ်မြတ်များက စောင့်ရှောင့်လို့သာပဲ။
ဘယ်လိုပဲယုတ်ယုတ်လေ ဒီစစ်အာဏာရှင် စနစ်ကြီးက ဘယ်တော့မှ မတည်မြဲပါဘူး။ မြန်မာပြည်ကနေ လွှင့် သွားမှာပါ။
ကျနော်တို့ နိုင်ငံနှင့် ဒီမိုကရေစီ
ဒီမိုကရေစီဆိုတာ နိုင်ငံတိုင်းလူမျိုးတိုင်းနဲ့ထိုက်တန်တဲ့ စနစ်တစ်ခုလို့ပဲထင်တယ် အာဏာရှင် စနစ်ထက် အပုံကြီးကွာတယ်။ တစ်ချို့က မင်းတို့မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ဆိုချင်ကြတယ်။ လူတွေရဲ့အကျင့်ဆိုးတွေကို ကြည့်ပြီးပြောတာ ထင်ပါရဲ့ တစ်စိတ် တစ်ပိုင်းတော့မှန်နိုင်မယ်။ ဒါပေမယ့် ပြင်လို့မရတော့တဲ့အရာတော့ မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်ရဲ့အောက်မှာ တို့လူမျိုးတွေရဲ့ ခန္ဓာ၊ အသွေးအသား၊ စာရိတ္တတွေ၊ ပျက်ပြားကုန်တာ အားလုံးအသိပါလေ။ ဗုဒ္ဓသာသနာထွန်းကားပြီး တိုင်းရင်းသားအစုံအလင်နဲ့ ချစ်စဖွယ် ဓလေ့ရိုးရာများပြားလေတော့ လွတ်လပ်ပြီး တရားမျှတတဲ့ စနစ်ကောင်းလေးတစ်ခုရှိရင် ပျော်စရာ ကောင်းတဲ့နိုင်ငံ၊ နေချင်စဖွယ်နိုင်ငံ၊ နိုင်ငံတကာက အားကျတဲ့နိုင်ငံဖြစ်မှာမလွဲဘူး။ တစ်ချို့ ဆန့်ကျင်ဘက် မြန်မာဘလော့ဂါ တွေရဲ့ပို့စ်တွေမှာ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ ဖောက်ပြန်မှုတွေကို လက်ညိုးထိုးပြကြတယ်။ တွေ့လားပေါ့ မင်းတို့ အထင်ကြီး နေတဲ့ ဒီမိုကရေစီစနစ်ဆိုတာ ဆိုပြီးပေါ့။ ကွန်ပြူတာစကားနဲ့ ပြောရရင် နိုင်ငံကြီးတွေမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်တွေကို Select All / Copy / Paste လုပ်မှာမဟုတ်ဘူးဆိုတာပါပဲ။ ကိုယ့်နိုင်ငံရဲ့ ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှု၊ အစဉ်အလာတွေကို ထိမ်းသိမ်းပြီး ကိုက်ညီနိုင်မယ့် ပုံစံကို ခွဲခြမ်းစိပ်ဖြာပြီး သုံးသပ်နိုင်စွမ်း တို့နိုင်ငံမှာရှိပါတယ်။ တိုတောင်းလှတဲ့ အချိန်လေးတွင်းမှာ ရေးဆွဲခဲ့တဲ့ ၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပဲကြည့်တော့ ဘယ်လောက်တော်သလဲဆိုတာ။ စစ်တပ်က အာဏာရယူထားတဲ့ နှစ် ၅၀ လောက်အတွင်း ငါ့အာဏာအဓွန့်ရှည်ရေး၊ ငါ့ဆွေမျိုးကောင်းစားရေး ဆိုတဲ့ စနစ်ဆိုးအောက်မှာ ဦးနှောက်ဖောက်စားခံရပြီး အမှောင်တိုက် အောက် ရောက်နေတဲ့ဘ၀မှာ ကမ်းမမြင်လမ်းမမြင် စိတ်ဓတ်ယိုယွင်းပျက်စီး ခဲ့ကြတာ အပြစ်လို့ မဆိုသာ။ မြန်မာပြည်သားတွေ နိုင်ငံခြားတွေကိုရောက်ရင် အထင်မကြီးကြဘူး ဈေးပေါတယ်။ ဥရောပသား၊ အနောက်တိုင်းသား၊ ကိုယ့်နိုင်ငံကို ရောက်ရင် လူတချို့ကငေးကြည့်ကြတယ် လူတချို့ကအနောက်က တကောက်ကောက်လိုက်ကြတယ်။ သူတို့ကို တိုးရစ်လို့ခေါ်ကြတယ်။ မြန်မာပြည်သား တွေလဲ လူပဲ ကမ္ဘာပတ်မယ် အင်္ဂလန်သားတစ်ယောက်ကို ဂိုက်ငှားမယ်၊ အမေရိကန် တစ်ယောက်ကို အထုတ်ထမ်းခိုင်းမယ် ဖြစ်တာပဲ။ သူတို့က အင်္ဂါဂြိုဟ်က လာတာ မို့လား။ အဲဒါ ရိုးရာလိုလို ယဉ်ကျေးမှုလိုလို ဓလေ့လိုလို စတာတွေနဲ့ ဖုံးဖိပြီး တို့လူမျိုးတွေကို သိမ်ငယ်စိတ်ဝင်အောင်၊ ကြောက်တတ်အောင်၊ ဦးနှောက်ဖောက်စား အမှောင်တိုက်သွင်းခဲ့တဲ့ အာဏာရှင်တို့ရဲ့ စနက်ကြောင့်ပဲဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ဖြစ်နိုင်မယ်ဆိုရင်လေ ဒီမိုကရေစီ စနစ်ဆိုတာကို မရသေးရင်လဲနေပါစေလေ လောလောဆယ် ဒီ အာဏာရှင်စနစ်ကြီးကိုတော့ မမြင်ချင် မတွေ့ချင်လောက်အောင် မုန်းတီးလှပါပြီ။
အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ထိုင်းနိုင်ငံရေးအကြပ်အတည်း
ထိုင်းဝန်ကြီးချုပ် ဆူရာယွတ် ချူလာနွတ် ဆန္ဒမဲပေးနေပုံ
ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံတနိုင်ငံလုံးမှာ ဆန္ဒခံယူပွဲကျင်းပပါတော့မယ်။ ဒါနဲ့ပတ်သက်ပြီး Update ထိုင်းအကြောင်း နဲနဲလောက်မြည်းကြည့်ပါလား၊
သူတို့ ပြည်သူတွေရဲ့ ဘ၀ကလဲ ကျနော်တို့ နဲ့ တူပါ သကောဗျာ။
၂၀၀၆ စက်တင်ဘာ ၁၉ ရက်မှာ စစ်တပ်က အာဏာသိမ်းတယ်။ ၁၉၉၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာ သိမ်းသူတွေက သူတို့အကြိုက် ပြင်ဆင်ရေးဆွဲတယ်။ ဒီနေ့ သြဂုတ်လ ၁၉ ရက်မှာ အတည်ပြုနိုင်ဖို့ ဆန္ဒခံယူပွဲ လုပ်မယ်။မဲပေးခွင့်ရှိတဲ့အသက်ပြည့်သူဦးရေက ၄၅ သန်းလောက်ရှိတယ်။
ဇူလိုင် ၃၁ မှာ အခြေခံဥပဒေမူကြမ်းစာတန်း တွေကို အိမ်ထောင်စု ၁၉ သန်းမှာ ဝေထားတယ်။ ဒါကြောင့် လေ့လာဖို့ အချိန် ၁၈ ရက်ပဲ ရပါမယ်။ အချိန်တိုလွန်းတဲ့အတွက် ဒါကိုလည်း အများက ဝေဖန်ကြ ထောက်ပြကြ ပါတယ်။ အရင်ဖွဲ့စည်းပုံတွေအရဆိုရင် ဆန္ဒခံယူမယ်ဆိုရင် လေ့လာချိန် ၃ လလောက် ပေးရမယ်ဆိုပြီး သတ် မှတ်ထားပါသတဲ့။ အခုတော့ ၁၈ ရက်ပဲ ပေးပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုကထဲက ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၁၇ ခုရှိပြီ။ ဒီတကြိမ်က ၁၈ ခုမြောက်ဖြစ်ပါတယ်။ အာဏာသိမ်းတာတွေကလည်း အဲဒီအချိန်ကစလို့ ၁၇ ကြိမ် ကျော်ပါပြီ။
၁၉၉၇ ဖွဲ့စည်းပုံက ထိုင်းမှာ ဒီလိုခဏခဏဖြစ်နေတဲ့ အာဏာသိမ်းတာတွေကို ကာကွယ်နိုင်ဖို့ ဦးတည်ရေးဆွဲ ထားတာပါ။ ဒါကြောင့် ၉၇ အခြေခံဥပဒေက အာဏာသိမ်းမှုတွေကို ကာကွယ်နိုင်ပြီး ထိုင်းနိုင်ငံဟာ နိုင်ငံရေး တည်ငြိမ်ပြီး စီးပွားရေးတိုးတက်လာတာ အများအသိပါပဲ။ ဒါပေမဲ့ တခြားအန္တရာယ်တခုက ထပ်ပေါ်လာပြန် တယ်။ အဲဒါကတော့ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ လို အရာရာကို ငွေနဲ့ဝယ်ယူလိုက်နိုင်တဲ့ စီးပွား ရေးဘီလူးကြီးတကောင်ပေါ်လာပြန်တယ်။ ထပ်စင်ဟာ သူ့ရဲ့ အာဏာသက်တမ်း ၆ နှစ်အတွင်းမှာတော့ ပိုင်ဆိုင် မှု ၂ ဘီလျံ ရှိလာပါသတဲ့။ အဲဒီပမာဏ ဟာ ထိုင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁ % ရှိပါတယ်။
ဒါကတော့ ၉၇ အခြေခံဥပဒေရဲ့ အားနည်းချက်ပဲ။ အခုတော့ ဒါကိုထပ်ကာကွယ်ဖို့ ပြင်တဲ့ ၁၈ကြိမ်မြောက် အခြေခံဥပဒေမူကြမ်းတခု ထပ်ပေါ်လာပြန်ပါပြီ ဒါကို ထိုင်းပြည်သူတွေက ဘယ်လို အသိအမှတ်ပြုကြမလဲ ဆို တာကတော့ ဒီကနေ့ ဆန္ဒခံယူပွဲမှာ စောင့်ကြည့်ကြရမှာပါ။
ဝေဖန်သူများအဆိုအရ အာဏာသိမ်းစစ်အုပ်စုအတွက် အမြဲတန်း အသာစီးရစေမယ့် ဖွဲ့စည်းပုံလို့ ပြောကြ တယ်။ အချက်အလက်အနေနဲ့ ထောက်ပြကြတာကတော့ ၉၇ အခြေခံဥပဒေအရ အထက်အလွှတ်တော်အမတ် ၂၀၀ ရွေးကောက်တင်မြှောက်ခွင့်ရှိတယ်။ အခု ဆွဲထားတဲ့ ၂၀၀၇ ဥပဒေအရ ဆိုရင် အထက်လွှတ်တော်အမတ် ၇၆ ယောက်ပဲ အရွေးခံနိုင်ခွင့်ရှိပြီး နောက်ထပ် ၇၄ ယောက်ကို ၀ါရင့်ဗျူရိုကရက်အဖွဲ့က ခန့်အပ်ရမှာဖြစ်ပါ သတဲ့။ ဒီဥပဒေရေးဆွဲတာရဲ့ မူလဘူတ ကိုယ်၌ကို က ထပ်စင်ကိုဝိုင်းပယ်ဖို့ အခြေခံထားတာဖြစ်တော့ အာဏာ သိမ်းခံရတဲ့ စီးပွားရေးလက်ဝါးကြီးအုပ် ဘီလျံနာကြီး ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ ရဲ့ လူတွေက အပြင်းအထန်ဆန့်ကျင်ကြတာတော့ အဆန်းမဟုတ်ပါဘူး။ အရင်ရွေးကောက်ပွဲတွေမှာ ထိုင်း ၁၆ သန်းက ထပ် စင်ကို မဲပေးထားကြတာပါ။ ဒါကြောင့် ဒီ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူ ၄၅သန်းမှာ ထပ်စင်ထောက်ခံထားသူ က ၁၆ သန်း ပါပြီးသားဖြစ်နေပါတယ်။
ဆန္ဒခံယူပွဲ မှာ ဆန့်ကျင်ကန့်ကွက်မဲ များရင် အရင်ရှိပြီးသား ဖွဲ့စည်းပုံဟောင်း(၁၇ ခု) တွေထဲက ကြိုက်ရာတခုကို ပြင်ပြီး ယူသုံးလို့ရတယ်လို့ တည်ဆဲဥပဒေက ဆိုထားပါတယ်။ ဒါကလည်း လက်ရှိစစ်အုပ်စုဦးစီးတဲ့ အမျိုးသား လုံခြုံ ရေးကောင်စီနဲ့ သူတို့စိတ်ကြိုက်ခန့်အပ်ထားတဲ့ ၀န်ကြီးအဖွဲ့ သဘောပါပဲ။ ဝေဖန်သူတွေအပြောဆိုရင် သူတို့က ၉၇ အခြေခံဥပဒေကို ပြန်မသုံးဖူး ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အခြေအနေတွေ က နောက်တလှမ်း ပြန်ဆုတ်သွားဖို့ပဲ ဖြစ်မှာပါပဲတဲ့။
ဥပဒေပညာရှင်တယောက်အဆိုအရဆိုရင် ထိုင်းမှာ ဒီမိုကရေစီ ပုံစံ သုံး ရပ်ပဲ ရှိတယ်တဲ့။
ပထမက အရင် ၀န်ကြီးချုပ်ဟောင် ထပ်စင် တို့ စီးပွားရေး သမား အီလစ် တွေအတွက် ပုံစံတခု။
ဒုတိယက လက်ရှိစစ်အုပ်စိတ်ကြိုက် ပုံစံတခု နဲ့
တတိယနဲ့ နောက်ဆုံး တခုကတော့ ပြည်သူလူထု ကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီပုံစံ ဖြစ်ပါသတဲ့။
အဲဒီအထဲမှာ ပြည်သူတွေအတွက် ဒီမိုကရေစီပုံစံကတော့ ၁၉ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာမှပဲ မျှော်လင့်နိုင်မှာ ဖြစ်ပါသတဲ့ဗျာ။ အခုဖွဲ့စည်းပုံကတော့ ၁၈ ကြိမ်မြောက် ဖြစ်ပါတယ်။
Jakrapob Penkair က ထိုင်းလူမျိုးတွေရဲ့ လူ့သဘောလူ့သဘာဝ ကိုလည်း ဟောဒီလို ဖွင့်ဟပြခဲ့ပါသေးတယ်။ "ထိုင်းလူမျိုးတွေက ရှုံးတဲ့သူတွေအပေါ်စာနာတတ်တယ် ၊ ဒါပေမဲ့ နိုင်သူဘက် ကိုပဲ ရပ်ကြတယ်" တဲ့
ကျနော်တို့ တိုင်းပြည်လိုဘဲ ထိုင်းပြည်သူတွေရဲ့ ဘ၀က ထွက်ပေါက်ပိတ်နေပါလား။
နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် ကဲ ဆိုတာ ဒါမျိုး များလားပဲ။
မိုးကြိုးမောင်
၁၉၊ ဩဂုတ်၊ ၂၀၀၇
မှတ်ချက်။ ။မိုးကြိုးမောင်မှကူးယူဖေါ်ပြသည်။
