၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလထဲမှာ ပထမ တက္ကသိုလ် သပိတ်ပေါ်လာတယ်၊ မကြာခင် ဒီသပိတ်ဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို ကူးစက်သွားပြီး မောင်နုတို့လည်း သပိတ်ထဲ ပါသွားကြတယ်၊ မောင်နုဟာ ဒီအချိန်မှာ ၇ တန်း။
အသက်ကတော့ ၁၃နှစ်ကျော်နေပြီ။ အဲဒိအချိန်မှာ မောင်နုရဲ့ လုပ်ပုံ ကိုင်ပုံ၊ ပြောပုံဆိုပုံတွေဟာ ရှေးကနဲ့ မတူတော့ဘဲ အနည်းငယ် ပြောင်းလဲလာတာ သူ့ကို အကဲခတ်မိ တဲ့လူတွေ တွေ့လာကြတယ်၊ ဒီလိုပြောင်းလဲလာတာဟာ ကျောင်းသားသပိတ်ကြောင့် ဖြစ်တယ်လို့ အဲဒီ အကဲခတ် မိသူတွေက ယူဆကြတယ်၊ တက္ကသိုလ် သပိတ်ခေါင်းဆောင်တွေက ဟောပြောပြသတဲ့၊ လွတ်လပ်ရေးတရားတွေ။ အမျိုးသားကျောင်းမှာ၊ မောင်နုတို့ သင်ရတဲ့ အာဇာနည်များ၊ လွတ်လပ်ရေး တိုက်ပွဲများ၊ အစရှိတဲ့ စာအုပ်တွေဟာ မောင်နုရဲ့စိတ်ကို တမျိုးတဖုံ ပြောင်းပစ်လိုက်တယ်လို့ အဲဒီ အကဲခတ်မိသူတွေက ယုံကြည်နေကြတယ်။ အကယ်လို့ရာခိုင်နှုန်း အပြည့် မှန်တယ်ဆိုရင် ဒီဟောပြော ချက်တွေ၊ ဒီစာအုပ်တွေကြောင့် မောင်နုဟာ ကောင်းတာတွေကိုပဲ လုပ်ရမယ်။ မကောင်းတာတွေကို မလုပ်ရဘူး။ အခုတော့ သူပြောတာဆိုတာတွေ၊ လုပ်တာကိုင်တာတွေထဲမှာ အကောင်းတွေလည်း ပါနေတယ်။ အဆိုးတွေလည်း ပါနေတယ်။ အခုလို ပြောင်းလဲလာတာနဲ့ပတ်သက်ပြီး မောင်နုအကြောင်းကို ကောင်းကောင်းသိတဲ့ သူ့ဆွေမျိုးရင်းခြာတယောက် ပြောပြတာဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ အဲဒီ ဆွေမျိုးရင်းခြာ ပုဂ္ဂိုလ်က မောင်နုနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်။ လူတိုင်းမှာ ဦးနှောက်နဲ့ နှလုံးသားဆိုပြီး အဓိက အစိပ်အပိုင်းကြီး နှစ်ခုရှိတယ်။ အသက်အရွယ် ကြီးမားလာတာနဲ့အမျှ တချို့လူတွေမှာ ဦးနှောက်နဲ့ နှလုံးသားဟာ တညီတညာထဲ ကြီးထွားလာကြတယ်၊ တချို့မှာ ဦးနှောက်က နှလုံးထက် ပိုပြီးကြီးထွား လာကြတယ်၊ တချို့မှာတော့ ဦးနှောက်ထက် နှလုံးက ပိုပြီး ကြီးထွားလာကြတယ်၊ အဲဒီလို လူသုံးစား ရှိတဲ့အထဲမှာ မောင်နုဟာ တတိယ အမျိုးအစားထဲမှာ ရောက်နေတယ်။ အရွယ်ကြီးလာတာနဲ့ အမျှ သူ့နှလုံးဟာ သူ့ဦးနှောက်ထက် အဆမတန် ပိုပြီးကြီးထွားလာတယ်။ ထူးထူးခြားခြား ပိုမိုကြီးထွားနေတဲ့ အတွက် လူများစုက အသေးအဖွဲလို့ ယူဆထားတဲ့ ပြဿနာကလေးတွေဟာ မောင်နုမှာ အကြီးကြီးတွေ ဖြစ်တဲ့အခါဖြစ်ပြီး အကျိုးရှိမဲ့ ကိစ္စမျိုးလဲမဟုတ်ဘူးဆိုတဲ့ အချက်တွေကို သူ့ဦးနှောက်က မစဉ်းစား နိုင်သေးခင် သူ့နှလုံးထိခိုက်တာကို မှီပြီး မောင်နုဟာ တခုခုပြောဘို့ ဒါမှမဟုတ်ရင်လည်း တခုခုကို လုပ်ဘို့ ချက်ခြင်း ဆုံးဖြတ်ချက် ချလေ့ရှိတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘာကြီး ဖြစ်သွားဖြစ်သွား။ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတဲ့အတွက် ဆုံးဖြတ်ချက်တခုကို ချပြီးရင် ပြင်ဘို့ မလွယ်တော့ဘူး။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း တခုခုကို ပြောပြီး လုပ်ပြီးမှ သူ့ဦးနှောက်က ကျကျနန စဉ်းစားနိုင်တဲ့ အခါ သူပြောမိတာ လုပ်မိတာဟာ မှားမှန်းသိရင် မောင်နု အများကြီး ဝမ်းနည်းပက်လက် ဖြစ်နေတတ်တယ်။ အဲဒီလို မှားပြီးရင် နောက်ထပ်မမှားဘို့ မောင်နုဟာ အများကြီးကြိုးစားလေ့ရှိတယ်။ ဒါပေမဲ့ နှလုံးက ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုဟာ ကြိုးစားလို့ မအောင်မြင်နိုင်ဘူး။ မှားမှားပြီးသမှ နောင်တရတာတွေ ဟာ အင်မတန်များတယ်။ အဲဒီလိုဖြစ်တာဟာ ၁၃-၁၄နှစ်သား အရွယ် ငယ်ငယ်တုန်းကသာ ဖြစ်တာ မဟုတ်ဘူး။ အသက်အရွယ် ကြီးပြင်းလာတဲ့အခါမှာလည်း ဖြစ်တုန်းဘဲရှိသေးတယ်။ ငယ်ငယ်တုံးက ဒီလို ဖြစ်ခဲ့ဘူးတာတွေနဲ့ အသက်အရွယ် ကြီးပြင်းလာတဲ့အခါမှာ ဖြစ်ခဲ့ကြတာတွေဟာ အချက်တချက်မှာဘဲ ခြားနားချက်ရှိတယ်။ နှလုံးသားကို ထိခိုက်လာရင် အလျှင်စလိုဆုံးဖြတ်တဲ့အတိုင်း ပြောတာဆိုတာ လုပ်တာ ကိုင်တာမှာတော့ မခြားနားဘူး။ အတူတူပဲ။ ဒီလိုဆိုရင် ခြားနားချက်ဆိုတာ ဘယ်လိုဟာမျိုးလည်း။ ငယ်ငယ်တုံးကဆိုရင် မောင်နုဟာ ကုသိုလ် အကုသိုလ်ကို မသိသေးဘူး။ သုစရိုက်-ဒုစရိုက်ကို ကြားတောင် မကြားဖူးဘူး။ အဲဒီတော့ တခုခုကို လုပ်ချင်လာရင် ကုသိုလ်ကိုပဲဖြစ်ဖြစ်၊ အကုသိုလ်ကိုပဲဖြစ်ဖြစ်။ သုစရိုက်ကိုပဲဖြစ်ဖြစ်။ ဒုစရိုက်ကိုပဲ ဖြစ်ဖြစ်။ မြင့်မြတ်တာကိုပဲဖြစ်ဖြစ်။ ယုတ်ညံ့တာကိုပဲဖြစ်ဖြစ်။ ဇွတ်တရွတ် လုပ်ပစ်လိုက်တာပဲ။ အသက်အရွယ်ကြီးပြင်း လာတဲ့အခါကျတော့ ကျေးဇူးရှင် သူ့ဖခင်နဲ့သူ့ဆရာ ဒီးဒုတ် ဦးဘချိုတို့ရဲ့ သွန်သင် ဆုံးမတာတွေကို ကြားနာရပြီးတဲ့အခါ မောင်နုဟာ ကုသိုလ်နဲ့ အကုသိုလ်၊ သုစရိုက်နဲ့ ဒုစရိုက်၊ မြင့်မြတ်တာနဲ့ ယုတ်ညံ့တာတွေကို အတော်အတန်သိလာတယ်။ ဒီလို သိလာတဲ့ အတွက် အကုသိုလ်တို့ ဒုစရိုက်တို့ ယုတ်ညံ့တာတို့ကို လုပ်ချင်တိုင်း ဇွတ်တရွတ် မလုပ်မိအောင် သူ့ကိုယ်သူ အထူး ထိန်းသိမ်းလာနိုင်တယ်။ ကွာခြားချက်ဆိုတာ ဒါပါဘဲ။ နှလုံးသားဟာ ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုဟာ နှလုံးသားကို ထိခိုက်လာတိုင်း စိတ်လိုက်မာန်ပါ လုပ်ခဲ့တာတွေဟာ အများကြီးပါဘဲ။ အဲဒီအများကြီးထဲက စိတ်ဝင်စားစရာ ကောင်းမယ်လို့ထင်တဲ့ သာဓကလေးတွေ အနည်းငယ်ကို သူ့အခန်းနဲ့သူ ဖေါ်ပြသွားချင်တယ်။
(က) သပိတ်ပေါ်လာပြီးလို့ မကြာခင်နေ့တနေ့မှာ သူ့စိတ်ကို ဘယ်လိုထိခိုက်တယ် မဆိုနိုင်ဘူး။ မောင်နုဟာ သူ့သူငယ်ချင်း ၄-၅ယောက်နဲ့ ထိုင်ပြီး စကားပြောရင်း သူ့သူငယ်ချင်း တွေကို ဟေ့ကောင်တွေ ငါတခု လုပ်ချင်တယ်လို့ ရုတ်တရက်ပြောလိုက်တယ်။ အဲဒီနောက် ဆက်ပြီး ဒို့အားလုံး ကတုံးပြောင်အောင်ရိတ် ရမယ်။ ခါးတောင်မြောင်အောင် ကြိုက်ရမယ်။ ကိုယ်တုံးလုံး ချွတ်ထားရမယ်။ တရုတ်ထိုး နောက်ပိတ် ဘိနပ် စီးရမယ်။ လက်တဘက်မှာ ခဲတလုံးစီကိုင်ပြီး ဈေးထဲကို သွားမယ်လို့ မောင်နုက ကျေညာပြန်တယ်။ သူ့သူငယ်ချင်းတွေထဲမှာ ထွန်းရင်ကလွဲပြီး အားလုံးသဘောတူတယ်။ ထွန်းရင်ဟာ ခါးတောင်းမြောင်အောင် ကြိုက်ဘို့နေနေသာသာ လုံချည်ဝတ်ရင် သူ့လုံချည်စဟာ ခြေမျက်စိပေါ် ဘယ်တော့မှ မတက်ဘူး။ သူ့ ဆံတောက်ကိုလည်း ကော့စမတ်တစ်နဲ့ တိုက်ပြီး အမြဲတမ်း သပ်သပ်ရပ်ရပ် ခွဲထားလေ့ရှိတယ်ဆိုတော့ ဘယ်မှာ ကတုံးရိတ်ချင်ပါ့မလဲ။ နောက်ပြီးတော့ ကို့ယို့ကားယားလုပ်ပြီး သူတို့သွားရမဲ့နေရာဟာ အပျို လေးတွေ သိပ်ပေါတဲ့ ဈေးဖြစ်နေပြန်တယ်ဆိုတော့ မိန်းခလေးတွေ ရှေ့မှာ အင်မတန် ရှက်တတ်တဲ ထွန်းရင် အတွက် မောင်နုရဲ့ ကျေညာချက်အတိုင်း လိုက်လုပ်ဘို့ဆိုတာ မပြောနဲ့စဉ်းစားဘို့ ဆိုတာတောင် မဖြစ်ဘူး။ ဒါပေမဲ့ မောင်နုဟာ ဆုံးဖြတ်ပြီးဖြစ်နေတဲ့အတွက် ထွန်းရင် ငြင်းလို့မရတော့ဘူး။ စိတ်မပါ့တပါ ရှက်ကိုးရှက်ကန်းနဲ့ လိုက်လုပ်ရရှာတယ်။ နောက်တခါကျတော့ သူငယ်ချင်းတွေ စကားပြောနေကြရင်း မောင်နုဟာ သူဟာ အရက်ကိုသာ သောက်ဖူးတယ်။ ကုတ်ကင်းကို တခါမှ မပွတ်ဘူးဘူး။ အနည်းဆုံး တခါတော့ ပွတ်ကြည့်ချင်တယ်။ အဲဒါကြောင့် သူ့သူငယ်ချင်းမောင်ဟန်က ကုတ်ကင်းကို သွားဝယ်ချေပါလို့ မောင်နုကပြောတယ်။ သူငယ်ချင်းအချို့က ကုတ်ကင်း ပွတ်တာမကောင်းဘူး။ ရူးတတ်တယ်လို့ ကန့်ကွက် ပါသေးတယ်။ ဒါပေမဲ့ မောင်နုဟာ ဆုံးဖြတ်ပြီးဖြစ်နေတဲ့ အတွက် သူတို့ကန့်ကွက်လို့ မရတော့ဘူး။ မောင်ဟန်က ကုတ်ကင်း ဝယ်ပေးတယ်။ ကုတ်ကင်းရလာတဲ့အခါ ဂနီဆိုတဲ့ ကလားလဘက်ရည်ဆိုင်မှာ မောင်နုနဲ့ သူငယ်ချင်းတွေအားလုံး ဝိုင်းပြီးကုတ်ကင်း ပွတ်ကြတယ်။ ပွတ်ပြီးတဲ့အခါ စကားပြောလို့ မရဘူး။ နှုတ်ခမ်းတွေထူနေတယ်။ မကောင်းဘူးလို့ မောင်နုက မှတ်ချက်ချတယ်။ နောက်တခါမှာတော့ အခုလိုပဲ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး စကားပြောနေကြတုန်း မောင်နုက သူဟာ အရက်လည်း သောက်ဖူးပြီးပြီ။ ကုတ်ကင်းလည်း ပွတ်ဘူးပြီးပြီ။ ဘိန်းကို မရှုဘူးသေးဘူး။ တခါလောက်တော့ ရှုကြည့်ချင်တယ်လို့ ကျေညာပြန်တယ်။ ဘယ်သူမှ ကန့်ကွက်လို့မရဘူး။ ဒါပေမဲ့ ဘိန်းရှုတာကို မကြိုက်တဲ့ သူငယ်ချင်းတွေ ကံကောင်းချင်တော့ ဘိန်းခန်းထဲ ရောက်တဲ့အခါ ဘိန်းရှုမဲ့ လူတွေအတွက် ခင်းထားတဲ့ ဖျာစုတ်တွေ။ ချေးတွေနဲ့ မဲနေတဲ့ ခေါင်းအုံးတွေ၊ ဘိန်းဆီတွေ အလိမ်းလိမ်းကပ်နေတဲ့ ဘိန်းပြောင်းတွေကို ကြည့်ပြီး မောင်နုဟာ အော်ဂလီ ဆန်နေတယ်။ အဲဒါကြောင့် သူတို့ဟာ ဘိန်းမရှုဖြစ်ပဲ ဘိန်းခန်းထဲက ပြန်ထွက် လာကြတယ်။
(ခ) တနေ့သောအခါ သဘောင်္ဆိပ်နားမှာ ကူလီကုလားတယောက်ကို ဗမာ ၄-၅ယောက် ဝိုင်းရိုက်နေတာ မောင်နုတွေ့တယ်။ မောင်နုဟာ ဘိုင်စကယ်ပေါ်က ကဗျာကယာဆင်းပြီး ဗမာတွေကို အတင်းလိုက်ထိုး တယ်။ ဒီဗမာတွေဟာ ဝါးခယ်မမြို့ သုဿန်နဲ့ မျက်စောင်းထိုး မြစ်တဘက်ကမ်း တလိုင်းဟုရွာက လူဆိုး ရန်ရှင်းရဲ့ညီ လူဆိုးဘိုးချစ်နဲ့ သူ့ငယ်သား လူဆိုးတစုဆိုတာ မောင်နုမသိဘူး။ ဝါးခယ်မမှာ ဝါးခယ်မသား တောတော်များများက ဒီကောင်တွေနဲ့သာဆိုရင် မျက်နှာချင်း မဆိုင်ချင်ကြဘူး ဆိုတာလည်း မောင်နု မသိဘူး။ မကြာသေးခင်ကပဲ ဦးဘမြစ် ဆိုတဲ့ ပုလိပ်စာသင်တယောက်ကို ဘိုးချစ်ဆိုတဲ့ လူဆိုးဟာ ကွမ်းခြံကုန်း ဘုန်းကြီးကျောင်းနားမှာ ချောင်းပြီးရိုက်လိုက်တာ ကံကောင်းလို့ မသေတယ်ဆိုတာလည်း မောင်နုမသိဘူး။ ကူလီကုလားက မှားနေသလား၊ ဒီလူဆိုးတွေက မှားနေသလား ဆိုတာကိုလည်း မောင်နုမသိဘူး။ ကူလီကုလားတယောက်ထဲကို ဗမာ အများက ဝိုင်းရိုက်နေတာ မြင်ရတာနဲ့ သူ့နှလုံးသား ဆွေ့ဆွေ့ခုန် ဖြစ်လာပြီး ဗမာတွေကို အတင်းဝင်ထိုးတာပါဘဲ။ ကိုစံထွန်းရဲ့ သားဆိုတာ အဲဒီလူဆိုးတွေ သိနေကြလို့ သူလွတ်သွားတာပဲ။ ဒီလိုသာ မဟုတ်ရင် အဲဒီနေရာမှာ သူအတော်နာမယ်။ နောက်ပြီး တော့လည်း။ ဝါးခယ်မ တဘက်ကမ်း ရွာသစ်ရွာမှာ အောင်သင်းဆိုတာ ရှိတယ်။ အောင်သင်းက မောင်နုထက် နှစ်နှစ်လောက်ကြီးတယ်၊ အရပ်လည်း အတော်ရှည်တယ် အားလည်း သိပ်ကောင်းတယ်။ လက်လည်းသိပ်မြန်တယ်။ သူနဲ့စကားပြောရင် တဘက်သားဟာ အင်မတန် သတိထားပြောရတယ်။ စိတ်မထင်ရင် ဘာမဟုတ်တာလေးနဲက ထချတာပဲ။ သူချလိုက်ရင်လည်း မသက်သာဘူး။ လက်ဝါးရော၊ လက်သီးရော၊ ဒူးရော၊ ဖနောင့်ရော၊ အကုန်သုံးတယ်ဆိုတော့ ချပြီးရင် တဘက်သားကို နှာနှပ်ယူရတာ ချည်းဘဲ။ စိတ်အထိအခိုက် အင်မတန် မြန်တဲ့ မောင်နုဟာ တနေ့သောအခါ၊ အဲဒီအောင်သင်းနဲ့ ကမ်းနားလမ်း ကျောက်မီးသွေးရုံအနားမှာ သွားပြီး ရင်ဆိုင်မိကြတယ်။ မောင်နုနဲ့ပါလာတဲ့ သူငယ်ချင်းကို အောင်သင်းက သူ့စာအုပ်တွေ ပြန်ပေးဘို့တောင်းတယ်။ အဲဒီသူငယ်ချင်းကလည်း အောင်သင်းကို သိပ် ကြောက်ပြီး ပြန်ပေးပါ့မယ်လို့ တုန်တုန်ရီရီနဲ့ ပြန်ပြောတယ်။ ဒါပေမဲ့ အောင်သင်းဟာ ဒေါသထွက်ပြီး မင်းယူသွားတာကြာပြီ၊ ဒီကနေ့ လာပေးချင်ပေး။ မပေးရင် မင်းကို တီးရလိမ့်မယ် လို့စိတ်လိုက်မာန်ပါ ကြိမ်းမောင်းတယ်။ ဒီလို ကြိမ်းမောင်းတာကို မောင်နု မကြိုက်ဘူး။ အဲဒါကြောင့် ဘာစာအုပ်မှန်းလည်း မသိဘူး။ ယူထားတာ ဘယ်လောက်ကြာနေပြီ ဆိုတာလည်း မသိဘူး။ ဟေ့ကောင်-စာအုပ်ကို ပြန်မပေးနဲ့လို့ မောင်နုက သူ့သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။ အင်မတန် လက်မြန်တဲ့ အောင်သင်းဟာ အချေအတင် စကား ပြောနေဘို့ မောင်နုကို ခွင့်မပေးဘူး။ သူ့ဗလနဲ့ မောင်နုရဲ့ ဘယ်ဘက်မေးရိုးကို တအားထိုးလိုက်တာ မောင်နုလည်း အဲဒီနေရာက ဒီခဲလုံးပုံပေါ် ပုံလျက်သားကျသွားတယ်။ မောင်နုဟာ လက်သီးဒဏ်ကြောင့် မူးမူးနောက်နောက် ဖြစ်နေရာက ဆွဲမိဆွဲရာကို ဆွဲလိုက်တာ ဒီခဲလုံးတလုံးကို ဆွဲမိတယ်။ အဲဒါကြောင့် အတင်းကုန်းထပြီး ဒီခဲလုံးနဲ့ အောင်သင်းရဲ့ နားထင်ကို တချက်ဘဲထုနိုင်တယ်။ သူ့ထက် အရပ်နဲ့ ဗလ ကောင်းတဲ့ အောင်သင်းဟာ အပေါ်ကစီးပြီး လက်သီးမိုး၊ ဒူးမိုး၊ ခြေထောက်မိုးတွေ ရွာချနေလိုက်တာ မောင်နုရဲ့ညီ မောင်ဥသာ အဲဒီနေရာကို နှစ်မိနစ်လောက် နောက်ကျပြီး ရောက်လာမယ်ဆိုရင် မောင်နုရဲ့ အသက်ဟာ ထွက်သွားနိုင်စရာ အကြောင်းရှိတယ်။ သူ့ညီမောင်ဥဟာ ရန်ဖြစ်နေရာကို ရောက်လာပြီး ဒီခဲလုံးတလုံးနဲ့ တအားလွှဲပေါက်လိုက်တာ အောင်သင်းလည်း အဲဒီနေရာမှာ ပုံလျက်သားကျသွားတယ် ထင်တယ်။ အောင်သင်းရဲ့ လက်ကလွတ်တဲ့အချိန်မှာ မောင်နုဟာ သတိမရတော့ဘူး။ အတော်နှာနှပ် ယူရတယ်။ နောက်တခုပြောရဦးမယ်။ ၁၉၂၁ ခုနှစ်ထဲမှာ ဝှိုက် (White) ကော်မရှင်လို့ခေါ်တဲ့ စုံစမ်းရေး အဖွဲ့တခုကို ဘိလပ်အစိုးရတို့က ဖွဲ့ပေးလိုက်တယ်။ အဲဒီအဖွဲ့ကို ဂျီစီဘီအေ အသင်းချုပ်က သပိတ် မှောက်တယ်။ အဲဒါကြောင့် ဒီအဖွဲ့ဟာ ဝါးခယ်မကို ရောက်လာရင် သံပုံးတီးပြီး ဆန္ဒပြကြဘို့ ဝါးခယ်မ ဂျီစီဘီအေ အသင်းခွဲရဲ့ ခေါင်းဆောင်တချို့ ကစီစဉ်ကြတယ်။ အဲဒီလို သံပုံးတီးမဲ့လူတွေထဲမှာ နေရှင်နယ် ကျောင်းက မောင်နုတို့ လူစုလည်းပါသတဲ့။ ဝှိုက်ကော်မရှင်ဟာ ၁၉၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ ပုသိမ် ကိုအသွား ဝါးခယ်မမှာ ခဏနားတယ်။ သူတို့ရဲ့ သင်္ဘောဟာ ဝါးခယ်မမြို့ထိပ် ဝင်လာတဲ့အချိန်ကစပြီး တမြို့လုံးဆူညံသွားအောင် သံပုံးတွေ တီးကြတာပဲ။ မောင်နုတို့လူစုဟာ သင်္ဘောဆိပ်နားကပ်ပြီး တာဝန် ယူရတယ်။ အထက်အမိန့်အရ သူတို့ဟာ သံပုံးတွေကိုသာ မရပ်မနားတီးနေရမယ်၊ တခြားဘာမှ မလုပ်ရ ဘူး။ ဒါပေမဲ့ မောင်နုဟာ သံပုံးတီးနေရင်း နှလုံးသားတွေ ဆွေ့ဆွေ့ ခုန်လာတယ်ထင်တယ်။ ဘာမှ မပြောပဲ သူတို့လူစုထဲက ထွက်ပြီး အနားမှာရှိတဲ့ ဆိုင်တဆိုင်က ဘိလပ်ရည်ပုလင်းကို အတင်းဆွဲပြီး ဝှိုက်ကော်မရှင် စီးလာတဲ့ သင်္ဘောကို တအားပေါက်လိုက်တယ်။ ပုလင်းဟာ သင်္ဘောကို ထိပြီး အစိပ်စိပ်ကြေမွသွားတယ်။ မောင်နုလည်း ခဏတော့ အဖမ်းခံလိုက်ရသေးတယ်။
(ဂ) ၁၉၂၂ခုနှစ်။ မတ်လထဲမှာ မောင်နုဟာ နေရှင်နယ်ကျောင်းက ၈ တန်းအောင်တယ်။ အဲဒီအချိန်က မောင်နုမှာ ပညာဆက်သင်ဘို့ ရည်ရွယ်ချက်မရှိဘူး။ ပညာရဲ့တန်ဘိုးကိုလည်း သူမသိဘူး ဒါပေမဲ့ သူ့မိဘ တွေက အထူးသဖြင့် သူ့အဖေက ကျောင်းဆက်ထားချင်တယ်။ ဖြစ်နိုင်ရင်သူ့သားကို ဝတ်လုံဖြစ်စေ ချုင်တယ်။ အဲဒါကြောင့် ရန်ကုန် သရက်တောကျောင်းတိုက်ထဲမှာ ဖွင့်ထားတဲ့ အမျိုးသာကျောင်းမှာ ပညာ ဆက်သင်ဘို့ သူ့အဖေ ကိုစံထွန်းက စီစဉ်တယ်။ ရန်ကုန်ကို မသွားခင် လေးငါးရက်လောက် အလိုမှာ ဝါးခယ်မ ကုန်းလမ်းက ကုလားမ ဘမောင် လို့ခေါ်တဲ့ သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ ဘုရားကိုးဆူ ကပ်တယ်။ အဲဒီအိမ်မှာ သူငယ်ချင်းတွေ စုပြီး စကားပြောနေကြရင်း အေးမောင် စက်ကင်းဟာ မောင်နုကို လက်တို့ပြီး အပြင်ခေါ်သွားတယ်၊ မောင်နုတို့အတန်းထဲမှာ အေးမောင် နှစ်ယောက်ရှိတယ်။ အဲဒါကြောင့် ဒီအေးမောင်နှစ်ဦးကို ခွဲခြားတဲ့အနေနဲ့ သူ့ကို စက်ကင်း အေးမောင်လို့ ခေါ်တာဖြစ်တယ်။ အိမ်အပြင်ဘက် ရောက်တဲ့အခါ အေးမောင် စက်ကင်းက မောင်နု မင်းရန်ကုန်မှာ ကျောင်းသွားနေတော့မယ်၊ အဲဒီတော့ မင်းကို ငါအကောင်းဆုံးနဲ့ ဧည့်ခံမယ်လို့ပြောတယ်။ ဘယ်လိုဧည့်ခံမှာလဲလို့ မောင်နုက မေးတဲ့အခါ အိမ်မဲက ကောင်မအသစ်လေးတယောက် ရောက်လာတယ်လို့ ငါကြားရတယ်။ မင်းကို အဲဒီခေါ်သွားမယ်လို့ အေးမောင်စက်ကင်းက ပြန်ပြောတယ်။ အေးမောင်စက်ကင်းဟာ မောင်နုကို ရှေးဦးစွာ သူ့အိမ် ခေါ် သွားတယ်။ မောင်နုဟာ အေးမောင်စက်ကင်းရဲ့ ညွှန်ကြားချက်အတိုင်း ခေါင်းရင်းဘက်က အိမ်ကြားထဲကို သွားပြီး ပြူတင်းပေါက်အောက်မှာ စောင့်နေရတယ်။ အေးမောင် စက်ကင်းဟာ သူ့တာဖက်တာ အပေါ်အင်္ကျီ အသစ်တထည်ကို ဘုရားကြီးလမ်းနားက တရုပ်အပေါင်ဆိုင်မှာ သွားပေါင်ကြတယ်။ ရတဲ့ငွေ လေးကျပ်ယူပြီး ဝါးခယ်မအရှေ့ပိုင်းမှာ ရှိတဲ့ အိမ်မဲက ကောင်မအသစ်ကလေးဆီကို သူတို့သွားကြတယ်။ အဲဒီညက မောင်နု တွေ့ခဲ့ရတဲ့ အတွေ့အကြုံဟာ သူလူလားမြောက်တဲ့ အရွယ်မှာ ပထမဆုံးတွေ့ကြုံရတဲ့ အတွေ့အကြုံ ဖြစ်တယ်။ အဲဒါကြောင့် ထမင်းချက်ပန်းရီရဲ့ တိုက်တွန်းချက်အရ လှကြွေဆိုတဲ့ ကောင်မလေးနဲ့ လင်မယားလုပ်တမ်း ကစားခဲ့ကြစဉ်က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ တခြားစီ၊ တဘာသာစီ ဖြစ်နေတာကို တွေ့ရပြီး မောင်နုရဲ့စိတ်ထဲမှာ ဝမ်းသာတာရော၊ အံ့အားသင့်တာရော။ ကြိုက်တာရော ဗျောင်းဆန်သွားတာပဲ။
တာတေ စနေသားအခန်း (၂) (ဦးနု)
တာတေ စနေသားအခန်း (၁) (ဦးနု)
ကိုစံထွန်းဟာ သူ့သားကြီးသြရသကို အရမ်းချစ်တယ်။ မောင်နုဆိုးတာကို တယောက်ယောက်က ပြောရ ရင် ကျေးဇူးရှင်ဦးရွှေကုန်းက အလိုလိုက်လွန်းလို့။ ဦးရွှေကုန်းရဲ့ ဇနီးက အလိုလိုက်လွန်းလို့ အစရှိသဖြင့် ကိုစံထွန်းဟာ အခြား လူတွေကို လွှဲချလေ့ရှိတယ်၊ သူနဲ့ ဇနီး မစောခင်တို့ အလိုလိုက်တာလဲ ထူးမခြား နားပါဘဲ၊ ကိုစံထွန်းဟာ သူ့သားမောင်နုကို စိတ်ဆိုးရင် မျက်နှာကြီး မှုန်ကုပ်ကုပ်လုပ်ထားတယ်၊ ဒါထက် ပိုပြီး စိတ်ဆိုးလာရင် မောင်နုကို ဘာမှ မပြောဘူး။ အနီးအနားလူတွေကို မဲပြီး အော်လားငေါက်လား လုပ် တယ်။ ဒါထက် မခံမရပ်နိုင်အောင် ပိုပြီးစိတ်ဆိုးလာရင် ရှုးရှုးရှားရှားနဲ့ အိမ်အပြင်ဘက်ကို ထွက်သွား တာဘဲ၊ ဒါပေမယ့် အိမ်ပြန်လာရင် သားစားဘို့ သားကြိုက်တတ်တဲ့ အစားအသောက်တခုခုကို ဝယ်လာတယ်။
သားကြိုက်တတ်တဲ့ ပစ္စည်းတခုခုဝယ်လာတယ်။ ဒါမှမဟုတ်ရင်လည်း ဟင်းချက်စရာ တွေ ဝယ်လာပြီး ဟင်း အထူးအဆန်းတွေကို သူကိုယ်တိုင် ချက်ကျွေးတယ်။ ဘယ်လောက် အလိုလိုက်တယ် ဆိုတာ ထင်ရှားအောင် သာဓကတခု ထုတ်ပြဦးမယ်။ ကိုစံထွန်းဟာ ချမ်းသာကြွယ်ဝသူမဟုတ်ပါဘူး။ ဝါးခယ်မ ဈေးထဲမှာ အထည်ဆိုင်ကလေးနဲ့ သင်္ဃန်း ပရိကရာဆိုင်ကလေး သာရှိတဲ့ ဆိုင်ပိုင်ရှင်ကလေး မျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့ သားမောင်နုအတွက် ရှိစုမဲ့စုကလေးကို ခြစ်ချုပ်ပြီး မြင်းတကောင်နဲ့ အမိုးဖွင့်ရထားတစင်းကို ဝယ်ပေးတယ်။ ဝါးခယ်မမြို့ကလေးက ကျဉ်းကျဉ်းလေး။ ရထားစီးစရာနေရာ မရှိပါဘူး။ ဒါကြောင့် ကိုစံထွန်းထက် အဆပေါင်း များစွာချမ်းသာတဲ့ သူဌေးတွေထဲမှာတောင် အရှေ့ပိုင်းက သူဌေး ဦးဖေကြီး တယောက်ထဲမှာသာ မြင်းရထားတစင်းရှိတယ်။ သူကတော့ အပျော်စီးဘို့ ဝယ်ထားတာ မဟုတ်ပါဘူး။ ဝါးခယ်မအနောက်ဖျားမှာ သူဆောက်ထားတဲ့ ဘုန်ကြီး ကျောင်းကြီးတကျောင်းရှိတယ်။ သူဟာအသက်ကြီးလာတော့ အဲဒီဘုန်းကြီးကျောင်းကို မြင်းရထားနဲ့ဘဲ သွားနိုင်တော့တယ်။ အဲဒါကြောင့် ရထားတစင်းကို ဝယ်ယူထားတာဖြစ်တယ်။ ကိုစံထွန်းကတော့ ဒီလိုသွားစရာ ဘယ်မှာမှ မရှိပါဘူး။ မရှိဘူးဆိုတာလည်း သူသိပါတယ်။ ဒါပေမဲ့ သူချစ်တဲ့သား မောင်နု အတွက် သူတခုခုလုပ်ပေးချင်တဲ့ ဆန္ဒဟာ သူ့မှာ အင်မတန် ပြင်းပြနေပါတယ်။အဲဒီဆန္ဒကို နှစ်သိမ့်တဲ့အနေနဲ့ ရှိစုမဲ့စုကလေး စုဆောင်းပြီး အဲဒီမြင်းရထားကို ကိုစံထွန်း ဇွတ်အတင်းဝယ်လိုက်တာပါပဲ။ သူ့မြင်းကို မိုင်ပျောက်လို့ နံမည်ပေးထားတယ်။ မိုင်ပျောက်ကလည်း အလိုလိုက်ထားလို့ထင်ပါရဲ့ ခပ်ဆိုးဆိုးပဲ။ မြင်းစောင်းထဲက ထုတ်တိုင်း တော်တော်ဆွဲ ဆွဲပြီး ထုတ်ရတယ်။ ဒါတောင် တခြားလူ ထုတ်လို့ မရဘူး။ သူ့ကိုထိမ်းနေတဲ့ ရူးပေါပေါ စောလှိုင် ကိုယ်တိုင်တောင် ချော့မော့ပြီးထုတ်မှ ရတယ်။ တခြားသူဆိုရင် မြင်းစောင်းထဲမှာ အော်ဟစ်ခုံပေါက် ကန်ကျောက်နေတာဘဲ။ မောင်နုရဲ့ အမေ မစောခင်ကတော့ ကိုစံထွန်းလို မဟုတ်ဘူး။ တခါတခါ သူ့သားကို ပြောမရရင် ဒုတ်တွေ့ရင် ဒုတ်နဲ့၊ ဒုတ်မရှိရင်လက်နဲ့ တအားရွယ်ပြီး မောင်နုရဲ့ ကိုယ်ကိုထိတဲ့အခါကြတော့ ရေကိုဂွမ်းနဲ့တို့သလို အသာကလေးတို့တယ်။ အဲဒီလိုရိုက်နေတုန်း မောင်နုရဲ့ အမဝမ်းကွဲ မသိန်းတင် အနားမှာရှိနေရင် အဒေါ်ခလေးကို သိပ်မရိုက်ပါနဲ့၊ ပေါက်ပြဲကုန်ဥိးမယ်လို့ အမြဲတမ်းဝင်ပြောလေ့ ရှိတယ်။ ၁၉၁၂ ခုနှစ်အတွင်း မောင်နုကို ဝါးခယ်မမြို့ အင်္ဂလိပ် -မြန်မာ အလယ်တန်း ကျောင်းမှာ အပ်လိုက်တယ်။ မောင်နုဟာ စာတော်သူလည်းမဟုတ်၊ ဘုတ်ထိုင်းလည်း မဟုတ်၊ နှစ်စဉ်နှစ်တိုင်း အတန်းတင်စာမေးပွဲလုပ်တဲ့အခါ သာမာန်အောင်တဲ့ ကျောင်းသားစာရင်းမှာ အောက်နားက အမြဲတမ်း ကပ်လိုက်နေသူဖြစ်တယ်။ ကျောင်းကို ရောက်တဲ့အချိန်ကစပြီး သူဟာ လူကြီးတွေကို မဆဲတော့ဘူး။ ကော့ပြ တာတွေ တခြားတနည်းနည်းနဲ့ စော်ကားတာတွေလည်း သူ့မှာ မရှိတော့ဘူး။ ဒါဟာ သူ့အတွက် ထူးခြားတဲ့အချက်တခုပဲ။ အဲဒါကြောင့် နေ့တနေ့မှာ ကျွန်တော်ဟာ ကိုစံထွန်းဆီသွားပြီး ခင့်ဗျားသားဟာ အခု လူကြီးတွေကို မဆဲတော့ဘူး။ ကော့လည်း မပြတော့ဘူး။ စော်လည်း မစော်ကားတော့ဘူး။ ခင်ဗျားသတိထားပြီး ကြည့်မိရဲ့လားလို့ ကျွန်တော်မေးတယ်။
ထွန်း ။ ။ အေး။ သတိထားမိတယ်။
နု ။ ။ အဲဒါဟာခင်ဗျားသားအတွက်အရေးကြီးတဲ့ထူးခြားချက်တခုပဲ။
ထွန်း ၊ ။ဘယ်လို အရေးကြီးတဲ့ ထူးခြား ချက်မျိုးလဲကွ။
နု ။ ။ ခင်ဗျားသားရဲ့ နဂိုရ်စိတ်ရင်းထဲမှာ ဆိုးတဲ့စိတ်ရှိရင် လူကြီးတွေကို အခုထက်ထိ ဆက်ပြီး စော်ကား နေဦးမှာဘဲ။ အခုမစော်ကားတော့တာကို ထောက်ကြည့်ရင် အရင်တုန်းက စော်ကားခဲ့တာဟာ သူကိုယ် တိုင်က ဆိုးလို့မဟုတ်ဘူး။ သူ့ဘကြီး မြောက်ပေးခဲ့လို့ဆိုတာ ထင်ရှားနေတယ်။ အဲဒီတော့ ခင်ဗျား သားဟာ လူဆိုးမဟုတ်ဘူး။ ကောင်းတဲ့ပတ်ဝန်းကျင်ထဲမှာ ထားနိုင်ရင် လူကောင်းကလေးဖြစ်လာ လိမ့်မယ်။ ဆိုးတဲ့ ပတ်ဝန်း ကျင်ထဲမှာထားရင် လူဆိုးကလေး ဖြစ်သွားနိုင်စရာ အကြောင်းရှိတယ်လို့ ကျနော်ယူဆတယ်။ ဒါပေမဲ့ အခုပြောတာဟာ အတည်တော့ မဟုတ်သေးဘူး။ ငါးနှစ်သားဆိုတာ ငယ်သေး တယ်။ နောက်ထပ်နဲနဲလောက် စောင့်ကြည့်ချင်သေးတယ်။ ငါးနှစ်သားမှ ကိုးနှစ်သားအထိ မောင်နုမှာ ကောင်းတာကိုလဲ ထူးထူးခြားခြားမတွေ့ရ၊ ဆိုးတာကိုလည်း ထူးထူးခြားခြားမတွေ့ရ။ ကိုးနှစ်သား ဖြစ်လာတဲ့အခါ မောင်နုဟာ လေးတန်းကို ရောက်နေပြီ။ အဲဒီတော့ မောင်နုမှာ ကျောင်းသား သူငယ်ချင်း တွေလည်း ရှေးကထက်ပေါလာတယ်။ အရပ်သား မိတ်ဆွေတွေလည်း ရှေးကထက် ပေါလာတယ်။
ဒီအရပ်သားမိတ်ဆွေတွေထဲက ပန်းရီဆိုတဲ့ မိတ်ဆွေဟာ တခြား မိတ်ဆွေတွေထက် ထူးခြားတယ်။ အဲဒါကြောင့် ဒီနေရာမှာ ပန်းရီအကြောင်းကို နဲနဲလောက် ဖေါ်ပြသင့်တယ်။ ပန်းရီဟာ ပင်လယ်ပိုင်းက အလုပ်ကြမ်းသမား တဦးဖြစ်တယ်။ ပင်လယ်ကုန်လှေ တစင်းမှာ လှေထိုးသားအဖြစ်နဲ့ ဝါးခယ်မကို ရောက်လာတယ်။ ငှက်ဖျားရောဂါ အပြင်းအထန်ဖြစ်တာနဲ့ သူ့လှေသူကြီးဟာ သူ့ကိုဆေးရုံတင်တယ်။ သူဆေးရုံက မဆင်းခင် လှေထွက်သွားတယ်။ ဆေးရုံက ဆင်းတဲ့အခါ ကိုစံထွန်းနဲ့တွေ့ပြီး ထမင်းချက် အဖြစ်နဲ့ အိမ်ကိုရောက်လာတယ်၊ ပန်းရီဟာ မောင်နုထက် (၁၅)နှစ် လောက်ကြီးတယ်။ ပန်းရီဟာ အလုပ် သိပ်လုပ်တယ်။ ထမင်းချက် ဆိုပေမယ့် အားတာနဲ့ တပြိုင်နက် အလကားထိုင်မနေဘူး။ ရေထမ်းတယ်။ အဝတ်ဖွတ်တယ်။ အိမ်မှာသန့်ရှင်းရေး လုပ်တယ်။ အိမ်ရှေ့က ပန်းခြံကလေးထဲမှာ သစ်ပင် ရေလောင်း တယ်။ ဆိုင်ထွက်နေတဲ့ မစောခင်ဆီကို ထမင်းပို့တယ်။ မောင်နုနဲ့သူ့ထက် တနှစ်ငယ်တဲ့ ညီမောင်ဥ တို့ကို ကျောင်းလိုက်ပို့တယ်။ ကျောင်းအပြန်အသွား ကြိုတယ်။ အရပ်စကားနဲ့ပြောရရင် ပန်းရီဟာ 'ဖင်သိပ်ပေါ့တယ်'။ အဲဒီလို ဖင်ပေါ့တာကြောင့် ညဘက်အလုပ်ပြီးတဲ့ အချိန်မှာ သူဟာ ကစော်နဲနဲ သောက်လေ့ရှိတာကို အိမ်သူအိမ်သားတွေ မကြိုက်ပေမဲ့ ဘာမှမပြောကြဘူး လျစ်လျူရှုထားကြတယ်။ တခါမှာတော့ ပန်းရီဟာ ပုညကောသလအသင်းရဲ့ ကထိန်မှာ ပတ်စာခွာ ဖျာသိမ်းတဲ့အထိ မနေမနား သွားပြီး ကူတဲ့အတွက် အသင်းလူကြီး တဦးဖြစ်တဲ့ ဦးလူကလေးက ပန်းရီကို သူတို့လူကြီးတွေ သောက်ပြီးလို့ ပုလင်းထဲမှ နဲနဲ ကျန်နေသေးတဲ့ မြင်းဖြူတံဆိပ် ဘိလပ်အရက်ကို ပေးလိုက်တယ်၊ ပန်းရီဟာ ဘိလပ်အရက်ကို အခွင့်ကောင်းရမှ ကျကျနန သောက်မယ်ဆိုပြီး အိမ်အပြင်ဘက် ထင်းစင်နဲ့ ကပ်ဆောက်ထားတဲ့ သူ့အခန်းလေးထဲမှာ သိမ်းထားလိုက်တယ်။ ညတည ရောက်တဲ့အခါ မန္တလေး ကတရားဟောကောင်းတဲ့ ဆရာတော်တပါး ပုညကောသလ အသင်းမှာ တရားဟောတယ်။ ဒေါ်ကြီးဟာ နားလေးနေတဲ့အတွက် တရားပွဲ မသွားနိုင်ဘူး။ အဲဒါကြောင့် အိမ်မှာ အိမ်စောင့်အဖြစ် ဒေါ်ကြီး၊ မောင်နု၊ မောင်ဥနဲ့ ပန်းရီတို့ပဲ ကျန်ရစ်တယ်။ ညတိုင်း ကိုးနာရီလောက်မှာ မောင်နုနဲ့ မောင်ဥ အိပ်ရာဝင်ကြရတယ်၊ မဝင်ခင် ပန်းရီဟာ သူတို့ကို အိမ်သာထဲခေါ်သွားပြီး သေးတည်ရတယ်။ အဲဒီညမှာ အိမ်သာကအပြန် ပန်းရီဟာ မောင်ဥကို အိပ်ရအောင် လွှတ်လိုက်ပြီး မောင်နုကို သူ့အခန်းထဲ လက်တို့ခေါ်သွားတယ်။ အခန်းထဲ ရောက်တဲ့အခါ အခန်းတခါးကို ပိတ်လိုက်ပြီး ပန်းရီဟာ သခွားသီးတလုံးရဲ့ထိပ်ကို ဒါးနဲ့ဖြတ်တယ်၊ အဲဒီထိပ်နဲ့ သခွားသီးရဲ့ ဖြတ်ထားတဲ့နေရာကို ပွတ်ပေးတဲ့အခါ အစီးတွေထွက် လာတယ်။ အဲဒီအစီးတွေကို ရေစင်အောင် ဆေးပစ်လိုက်ပြီး ပန်းရီဟာ သခွားသီးကို အစိပ်စိပ် လေးတွေဖြစ်အောင် လှီးတယ်။ နောက်ပြီးတော့မှ အသင့်လုပ်ထားတဲ့ ဖန်ခွက်တခွက် ထဲကို ဘိလပ်အရက် လက်တလုံး မရှိတရှိလောက် ထည့်ပေးတယ်။ အဲဒီအရက်ကိုမှ မောင်နုသောက်နိုင်အောင် သံပုရာနဲ့ သကြားရေ ရောထားတဲ့ ဖျော်ရေ တွေနဲ့ ရောပြီး ဖျော်ပေးတယ်။ သူ့ရဲ့ ညွှန်ကြားပြသချက်အရ မောင်နုဟာ အရက်ကို သခွားသီး အမြည်းနဲ့ သောက်ရတယ်။ အဲဒီအချိန်ကစပြီး မောင်နုနဲ့ ပန်းရီတို့ဟာ မိတ်တွေရင်းချာတွေဖြစ်သွားကြတယ်။ ပန်းရီမှာ စေတနာရှိပေတဲ့ လူကြီးတွေ သီသွားမှာစိုးတဲ့အတွက် ပန်းရီဟာ မောင်နုကို သူသောက်သလို ညတိုင်း အရက်မတိုက်နိုင်ဘူး။ လူကြီးတွေ လစ်တဲ့အချိန်မျိုးမှာသာ မောင်နုကို သူရဲ့အခန်းထဲလက်တို့ ခေါ်သွားခွင့်ရတယ်။ ဘိလပ်အရက်ကုန်တဲ့အခါ ပန်းရီနဲ့ မောင်နု တို့ဟာ ကစော်ဘက်ကို လှည့်ကြရ ပြန်တယ်။ မောင်နုအတွက် ကစော်ဟာ သိပ်လဲမများ၊ အဲဒီအထဲမှာ သံပုရာဖျော်ရေတွေ ခပ်များများနဲ့ ရောပေးထားတဲ့အတွက် မောင်နုအဘို့အဝင်မဆိုးလှဘူး။ ပုလင်း မိတ်ဆွေတွေ အဖြစ် ပန်းရီနဲ့မောင်နုတို့ ဟာ အတော်ရင်းနှီးလာတဲ့အခါ ပန်းရီဟာ ရှေ့ကို ခြေတလှမ်း တိုးတဲ့အနေနဲ့ မောင်နုကို သူ့အမေဆိုင်က ပိုက်ဆံ အခိုးခိုင်းတယ်။ မောင်နုက ၂ ရက်တခါ၊ ၃ ရက်တခါ ခိုးခိုးပေးရတယ်။ တခါတလေ တကျပ်၊ နှစ်ကျပ်၊ တခါတလေ ၄-၅ကျပ်။ တခါတလေ တဆယ်ကျော် လောက်အထိ ခိုးလို့ရလာတယ်။ အဲဒါတွေ အားလုံး ပန်းရီကို ပေးလိုက်ရတယ်။ ခိုးတာမှ မက်လုံးရှိအောင် မောင်နုကို ပန်းရီက ဒီပိုက်ဆံနဲ့ ငါဝယ်ပေးမယ်။ ဘာလိုချင်သလဲ လို့မေးတယ်။ မောင်နုက ခလေးတွေကစားတဲ့ ဘောလုံးနဲ့ မောင်းချဒါးကို လိုချင်တယ်လို့ပြောတယ်။ ပန်းရီက လူပါး။ အဲဒီတော့ မောင်နု ခိုးပေးလိုက်တဲ့ ပိုက်ဆံနဲ့မဝယ်ဘူး။ ဘောလုံးနဲ့မောင်းချဒါးကို ခိုးတတ်အောင် မောင်နုကိုသင်ပေးတယ်။ သင်ပုံကဒီလို။ ဝါးခယ်မဈေးက လေးဒေါင့် ပုံသဏ္ဍန်ရှိတဲ့ အထည်ဈေးရုံကြီးထဲကို ဝင်ဘို့ အရှေ့ဘက်မှာ လေးပေါက်။ အနောက်ဖက်မှာ လေးပေါက်။ ဝင်ပေါက်ပေါင်း ၈ပေါက် ရှိတယ်။ အဲဒီအဝင်ဝ တွေမှာကျူလီယာ ကုန်စုံဆိုင်လေးတွေ ရှိတယ်။ အဲဒီ ကျူလီယာလေးတွေဟာ မူဆလင်တွေ ဖြစ်တဲ့အတွက် သောကြာနေ့တိုင်း နေ့လည် တချက်တီးမှ သူတို့ရဲ့ဆိုင်တွေကို ဖွင့်တယ်။ မောင်နုရဲ့အမေ မစောခင် အထည်ဆိုင် တန်းကို ဝင်တဲ့ အပေါက်ဝမှာ ကျူလီယာ ကုန်စုံဆိုင်တဆိုင် ရှိတယ်။ ပန်းရီဟာ မစောခင်ဘို့ နေ့စဉ် ထမင်းသွားပို့ ရတဲ့အတွက် သောကြာနေ့တိုင်းမှာ ဒီဆိုင်ရဲ့ အနေအထားကို လေ့လာခွင့်ရတယ်။ အဲဒါကြောင့် ဒီဆိုင်ရဲ့ ပျော့ကွက်ဟာ ဘယ်နေရာမှာ ရှိတယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ဒီဆိုင်ကလေးတွေရဲ့ နောက် ကျောဟာ အထည်ဈေးရုံကြီးရဲ့ နံရံဖြစ်တယ်။ အဲဒီနံရံကို ကပ်ပြီး အင်္ဂတေ ဆိုင်ခုံကလေးတွေ ဆောက် ထားတယ်။ အဲဒီဆိုင်ခုံတခုပေါ်မှာ ကုန်စုံဆိုင် တခုကျစီ စပ်ထားတဲ့ တံခါးအရှင်ဖြစ်တယ်။ ဆိုင်ပိတ်ချိန် ကျရင် အဲဒီပျဉ်ပြားတွေကို ဆိုင်ခုံအောက်ကထုတ်။ ဆိုင်ရဲ့ ဘေး ၂ ဘက်နဲ့ရှေ့မှာ သူတို့ကို ထိန်းထား ပေးဘို့ တပ်ထားတဲ့ သစ်သားတန်းတွေရဲ့ ကြားထဲကို ထဲ့လိုက်ပြီး မျောက်လက်တပ်ထားတဲ့ ပျဉ်ပြား ၂ချပ်ကို သော့ခတ်လိုက်တာပါဘဲ။ ဆိုင်ဖွင့်ချိန်ကျရင် သော့ခလောက်ကိုဖွင့် ပျဉ်ပြားတချပ်စီ ထုတ်ပြီး ထိုင်ခုံအောက် သွင်းထားလိုက်ကြတယ်၊ နှစ်တွေ ကြာလာတော့ ဒီပျဉ်ပြားတွေထဲမှာ ကျုံ့တဲ့ဟာက ကျုံ့၊ လိမ်တဲ့ဟာက လိမ်၊ ကောက်တဲ့ဟာ ကောက်ကုန်ကြပြီ။ ဒီပျဉ်ပြားတွေထဲက တချို့ပျဉ်ပြားကို အားကောင်း ကောင်းနဲ့ ဖိပြီးတွန်းလိုက်ရင် ခလေးလက် တချောင်းဝင်နိုင်အောင် အပေါက်ကလေးဖြစ်သွားတယ်။ မောင်နု လိုချင်တဲ့ ဘောလုံးတွေကို ပိုက်ကွန်လိုဟာမျိုးနဲ့ အုပ်ပြီး ဆိုင်ရဲ့ မျက်နှာကျက်မှာ ဆွဲထားတယ်။ မောင်းချဒါးကလေးတွေကျတော့ ဆိုင်ခုံပေါ်မှာ တင်ထားတယ်။ အဲဒီတော့ ဘောလုံးကို ခိုးချင်ရင် ပန်းရီဟာ သူ့ဂုတ်ပေါ်မှာ မောင်နုကို ခွထိုင်ခိုင်းပြီး သူက ခွေးခြေတခုပေါ်မှာ ရပ်ရတယ်။ ပြီးတော့မှ တံခါးတချပ်ကို သူက တအားဖိတွန်းတယ်။ ပွင့်လာတဲ့ အပေါက်ကလေးက မောင်နုဟာ ဘောလုံးကိုခိုးရတယ်။ မောင်းချဒါး ကို ခိုးတဲ့အခါကျတော့ ဒီလောက်ခဲခဲယဉ်းယဉ်း မကြံရဘူး။ ပျဉ်ပြားရဲ့ အောက်ပိုင်းကို ပန်းရီက ဖိတွန်း ပေးပြီးမောင်နုက အသာကလေး နှိုက်ယူရတာပါပဲ။ ခိုးရင် ဒီဘဝမှာ ထောင်ကျနိုင်တယ်။ နောက်ဘဝမှာ ငရဲကျနိုင်တယ်။ ဆိုတာတွေကို မောင်နု မကြားဖူးဘူး။ အဲဒါကြောင့် ဒီလိုခိုးရတာကို သိပ်ပျော်ပြီး သွားခိုး ရအောင် ပန်းရီကို ခဏခဏ ပူဆာတယ်။ ဒါပေမဲ့ ခိုးချင်ရင် ဈေးမစည်ခင် ခြောက်နာရီနဲ့ ခြောက်နာရီခွဲ အတွင်းမှာ ခိုးရမယ် အဲဒီအချိန်မှာ မောင်နုရဲ့ အမဝမ်းကွဲ မသိန်းတင်ကိုယ်တိုင် ကွပ်ကဲပြီး အတင်း စာကြည့်ခိုင်းထားတာဆိုတော့ မောင်နုဟာ ခိုးချင်တိုင်း ခိုးခွင့်မရရှာဘူး။ တလနှစ်လ ကြာမှ တခါလောက်ပဲ ရတယ်။ နောက်ထပ် သုံးကြိမ်လောက် ခိုးပြီးတဲ့အခါ ခိုးနေတာကို မြင်ရတဲ့ မိတ်ဆွေတွေက ပြန်ပြော ကြတယ် ထင်ပါရဲ့။ ဆိုင်ရှင် ကျူလီယာကုလားတွေ သိသွားကြတယ်၊ သူတို့က မောင်နုရဲ့ မိဘတွေကို တိုင်ကြတဲ့အတွက် နောက်ထပ်ခိုးခွင့်မရဘူး။ အဲဒါကြောင့် ပန်းရီရဲ့ ခြေဦးဟာ တဘက်ကို ဒီလိုလွှဲ သွား ပြန်တယ်။ ဝါးခယ်မ ကမ်းနားလမ်း ညဈေးတန်းမှာ အသုပ်ရောင်းတဲ့ တရုပ်ဆိုင် တဆိုင်ရှိတယ်။ ဒီဆိုင်ရှင် တရုပ်ဟာ သွပ်လင်ပန်းကြီးထဲမှာ အသားမျိုးစုံ ထည့်ထားပြီး ဝယ်စားသူ လာရင် ကြိုက်ရာအသားကို သုပ်ကျွေးတယ်။ များသောအားဖြင့် ဒီတရုပ်ဟာ ဘိန်းငိုက်နေတယ်။ အဲဒါကြောင့် ပန်းရီနဲ့ မောင်နုဟာ တပဲဘိုးစီလောက် စားပြီး တရုပ်ဘိန်းအငိုက်မှာ သွပ်လင်ပန်းထဲက သူတို့ကြိုက်ရာ အသားတွေကို သူတို့ ပန်းကန်ထဲ ခိုးခိုး ထည့်ကြတယ်။ ဝတော့မှ ထပြန်ကြတာပဲ။ အဲဒီတရုပ်ဆိုင်မှာ ခိုးရတာဟာ ပိုင်ရှင်ကို ရှေ့မှာထားပြီး ခိုးရတာကြောင့် ကျူလီယာကုလားဆိုင်မှာ ခိုးရတာထက် ပိုပြီးကြီးကျယ်တယ်။ ခက်ခဲတယ်။ သတ္တိနဲ့ စွမ်းရည်ပိုလိုတယ်လို့ ပန်းရီက မောင်နုကို လှိမ့်ထားတယ်။ အဲဒီလှိမ့်တာကို အဟုတ်ကြီး ထင်နေ တဲ့ အတွက် သူဟာ ကြီးကျယ်တဲ့ ခက်ခဲတဲ့ အလုပ်ကြီးတခုကို လုပ်ရပေပြီ။ သတ္တိနဲ့ အစွမ်းရှိတဲ့ လူတယောက် ဖြစ်နေပြီလို့ ယူဆပြီး မောင်နုဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။ နဲနဲဘဝင်မြင့်ချင် သလိုလိုလဲ ဖြစ်လာတယ်။
နောက်များမကြာမီ ပန်းရီဦးနှောက်ထဲမှာ အကြံသစ်တခု ပေါ်လာပြန်တယ်။ ဒီအကြံသစ်အရ မီးဖိုချောင်ရဲ့ လက်တလုံးလောက်စီ ကြဲနေတဲ့ ပျဉ်ကြားတွေထဲက ပိုက်ဆံကြိုးကို ဂွင်းလျောလုပ်ပြီး မြေကြီးပေါ်ကို ချထားတယ်။ အဲဒီဂွင်းလျောထဲမှာ ဆန် လေးငါးစေ့ကြဲထားတယ်။ မီးဖိုအောက်ကို ရောက်လာတဲ့ အိမ်နီးချင်းအိမ်က ကြက်တွေဟာ ဂွင်းလျှောထဲကဆန်ကို စားတာနဲ့ တပြိုင်နက်ပန်းရီဟာ ကြိုးကို တအား တုပ်ဆွဲလိုက်တယ်။ မောင်နုက ဂွင်းလျှောထဲမှာ မိနေတဲ့ ကြက်ကို ဆင်းဖမ်းရတယ်၊ ပြီးတော့မှ သူတို့ နှစ်ယောက်ချက်ပြီး တချို့ကို ထမင်းနဲ့စားတယ်။ တချို့ကို ကစော်နဲ့ မြည်းကြတယ်။ ဒီအကြံသစ်ဟာ ဘဲသားသုတ်ရောင်းတဲ့ တရုတ်ကြီး ကုသိုလ်ကောင်းဘို့ ဖြစ်လာရတယ်၊ အိမ်မှာကြက်သားကို ဗိုက်ကား နေအောင် တုပ်နေကြရတဲ့အတွက် မသူတော်နှစ်ယောက်ဟာ ညဈေးတန်းကို ခါတိုင်းလိုသွားပြီး ခိုးစားဘို့ မလိုတော့ဘူး။ နောက်များမကြာခင် ပန်းရီနဲ့ မောင်နုဟာ ထိုင်ပြီး ကစော်သောက်နေကြရင်း ပန်းရီက ဟေ့ကောင် မောင်နု မင်းလင်မယားလုပ်တမ်းကစား ပါလားလို့ အကြံ ပေးလိုက်တယ်။ ဘယ်လိုကစားရ မှာလဲ။ ဒီကောင်ဟာ စောက်အပဲ။ လင်မယားလုပ်တမ်း ကစားတယ်ဆိုတာ ဒီလို လုပ်ရတယ်ကွလို့ အစချီပြီး သူတတ်သော နည်းမျိုစုံကို လျှောက်သင်တော့တာဘဲ။ ဒီလောက်ကြာအောင် ပေါင်းလာပြီးတဲ့ အခါ မောင်နုဟာ ပန်းရီကို အတော်ကြီး ကြည်ညိုနေပြီ။ တော်တော်စွမ်းတဲ့လူ။ အကြံကောင်း ဥာဏ်ကောင်းတွေ အများကြီး ပေးနိုင်တဲ့လူလို့ သူ့စိတ်ထဲမှာ ယူဆထားပြီးပြီ။ အဲဒါကြောင့် ပန်းရီပြောပြီး တဲ့အခါ ခါတိုင်းထက် ပိုပြီးကြည်ညိုနေတဲ့စိတ်နဲ့ ဘယ်သူနဲ့ ကစားရမလဲလို့ မောင်နုက ပြန်မေးတယ်။ အဲဒီအချိန်က မောင်နုတို့အိမ်မှာ အစေခံ မိန်းကလေး ၂ယောက် လောက်ရှိတယ်။ တယောက်က အသက်၂ဝလောက်ရှိနေပြီ။ တယောက်ကတော့ မောင်နုနဲ့ ရွယ်တူလောက်ဘဲ။ ကိုးနှစ် ကျော်ကျော် လောက် သာရှိသေးတယ်။ သူတို့ရဲ့ နာမည်အမှန်ကို မပြောချင်ဘူး။ အဲဒီတော့ အကြီးမကို မယ်တင်။ အငယ်ကို လှကြွေလို့ပဲခေါ်ကြပါစို့။ ပန်းရီဟာ နောက်တနေ့ကျတော့ လှကြွေရဲ့ပန်းကန်ထဲကို ဟင်းတွေ အများကြီး ထည့်ပေးရင်း လှကြွေ ငါ့ပြောတဲ့စကားကို နင်နားထောင်နော်။ နင့်ကို နေ့တိုင်း ဒီလိုပဲ ဟင်းတွေ အများကြီး ထည့်ပေးမယ်လို့ ပြောတယ်။ လှကြွေက ဟုတ်ကဲ့လို့ ဖြေတယ်။ ထမင်းစားပြီးတဲ့အခါ ပန်းရီဟာ လှကြွေကို ပိုက်ဆံတပြားပေးတယ်။ လှကြွေဟာ သိပ်ဝမ်းသာသွားတယ်။ နောက်ကိုလည်း သုံးလေးရက် ဆက်ပြီးပန်းရီဟာ လှကြွေကို ဒီလိုဘဲ လောကွပ်လုပ်တယ်။ စနေနေ့ရောက်လာတဲ့အခါ နေ့လည် တချက်တီးလောက်မှာ ကိုစံထွန်း၊ မစောခင်တို့က ဆိုင်မှာရှိနေတယ်။ ဒေါ်ကြီးက အိပ်နေတယ်။ မသိန်း တင်နဲ့ မယ်တင်တို့က ဈေးထွက်ဝယ်ကြတယ်။ မောင်နုရဲ့ညီ မောင်ဥကလည်း အိမ်ရှေ့မှာ ဖန်ဒိုးပစ်တမ်း ကစားနေတယ်။ ပန်းရီဟာ လှကြွေနဲ့ မောင်နုတို့ကို နင်တို့လင်မယားလုပ်တမ်း ကစားရမယ်လို့ပြောပြီး သူ့အခန်းထဲက ချေးလက်လေးသစ် တက်ချင်စော်နံနေတဲ့ သူ့ခြင်ထောင်ထဲ သွင်းပေးလိုက်တယ်။ သူတို့ နှစ်ဦးစလုံးဟာ ခလေးတွေ ရှိကြသေးတာဘဲ။ အဲဒီလောက်တော့ ပန်းရီက ဘာတွေကို သင်ပေး သင်ပေး၊ သူတို့နှစ်ဦးရဲ့ လင်မယားလုပ်တမ်း ကစားတာဟာ လူကြီးတွေ ကစားတာမျိုးတော့ ဘယ်ဖြစ်မလဲ။ ခလေး ကစားတာမျိုး လောက်ဘဲဖြစ်တာပေါ့။ တနေ့မှာ ပန်းရီဟာ အိမ်ကို တံမျက်စီးလှည်းရင်း အိမ်ခေါင်းရင်းက စားပွဲခုံ တခုပေါ်မှာ ငွေဒင်္ဂါးတွေနဲ့ ငွေစတွေကို တွေ့တယ်။ အားလုံးပေါင်း တစ်ရာဘိုး လောက်ရှိလိမ့်မယ်။ အဲဒီငွေတွေကို သူလိုချင်တယ်။ အဲဒါကြောင့် မောင်နုကို ခေါ်ပြီး ဒီငွေတွေကို အခိုးခိုင်းတယ်။ မောင်နု ကလည်း ပန်းရီပြောတဲ့အတိုင်း လုပ်တာဘဲ။ မောင်နုရဲ့ဦးလေး ကိုဘဟာ မောင်နုတို့ ကျောင်းမှာ လေးတန်း ပြဆရာ လုပ်နေတယ်။ အဲဒီငွေတွေဟာ ကျောင်းပိုင်ငွေတွေ။ လွန်ခဲ့တဲ့နေ့ ကျောင်းစာရေး အိမ်ပြန်သွားတဲ့ အတွက် မအပ်ခဲ့ရသေးဘဲ အိမ်ကိုယူလာတာဖြစ်တယ်။ နောက်တနေ့ ကျောင်းသွား ခါနီးမှာ ငွေတွေကို ရှာမတွေတဲ့အတွက်၊ ကိုဘဟာ မောင်နုနဲ့ မောင်ဥကို ခေါ်ပြီးမေးတယ်။ မောင်ဥ၊ ဒီအပေါ်ကငွေတွေကို ယူသလား။ ကျွန်တော်မယူဘူး ဦးလေး။ မောင်နုမင်းယူသလား။ ယူတယ်။ ဘယ်မှာလဲ။ ကိုပန်းရီဆီမှာ။ ပန်းရီ မောင်နုပေးထားတဲ့ ငွေတွေဘယ်မှာလဲ။ ကျွန်တော်မသိဘူး။ ခလေးက မင်းကိုပေးထားတယ်လို့ ပြောနေပြီ။ မင်းမလိမ်နဲ့။ ကျွန်တော်မလိမ်ဘူး။ ဟေ့ကောင် မောင်နု မင်းဘာမဟုတ်တာတွေ လျှောက်ပြော နေတာလဲ။ (မျက်လုံးပြူးပြီး) မင့်ငါ့ကိုငွေပေးသလား။ ပေးတယ်။ မင်းမလိမ်နဲ့။ မလိမ္ဘူး။ ဟေ့ကောင် ပန်းရီ။ အခုငွေထုတ်ပေးရင် မင်းသက်သာမယ်။ ဂါတ်တိုင်ပြီးမှ ဆိုရင် မင်းဒုက္ခရောက်လိမ့်မယ်။ ကျွန်တော်မှ မသိပဲ။ ကိုဘဟာ ဂါတ်တိုင်တဲ့အတွက် ဂါတ်က စာသင်တယောက်လိုက်လာပြီး ပန်းရီကို ခေါ်သွားတယ်။ ဂါတ်ကိုရောက်တဲ့အခါ ဘေးကို လက်သီးနဲ့ သုံးလေးချက်လောက်ပဲ ထိုးရတယ်။ ဝှက်ထားတဲ့ငွေကို ပြပါမယ် ဖြစ်လာတယ်၊ ငွေပြန်ရပြီးတဲ့နောက် ဦးလေးဟာ သူအစ်ကို ကိုစံထွန်းကို အကျိုးအကြောင်း ရှင်းပြပြီးပန်းရီကို နှင်ထုတ် ပစ်လိုက်တယ်။ အမှု ဆက်မလုပ်တော့ပါဘူး။ ပန်းရီထွက်သွားလို့ သုံးလေးရက် ကြာတဲ့အခါ မီးဖိုထဲမှာ ထမင်းချက်နေရင်း မယ်တင်က မသိန်းတင်ကို ဒီလိုစပြောလိုက်တယ်။ တင်တင် ရယ်၊ ကိုပန်းရီကို နှင်ထုတ်လိုက်တာ ကျမသိပ်ဝမ်းသာတါဘဲ။ ဒီလူဟာ မကောင်းဘူး။ လူယုတ်မာ။ အင်း.....။ မောင်နုကို သူ့အခန်းထဲခေါ်ပြီး အရက်ချော့တိုက်တယ်။ ဘယ်တုန်းကလည်း။ တင်တင်ရယ်။ ဒီလိုတိုက်နေတာကြာလှပြီ။ ညီးငါ့ကိုချက်ချင်း ဘာလို့မတိုင်သလဲ။ မောင်နုအရိုက်ခံရမှာ သနားလို့။ ညီးကလဲအေ။ ချက်ချင်းတိုင်ရောပေါ့။ ဒီထက် ဆိုးတာတောင်ရှိသေးတယ်။ တင်တင့်ကို ကျမ အခုမှ ဖွင့်ပြောမယ်။ ဘာလဲ။ ဒီပန်းရီဆိုတဲ့ကောင်ဟာ ကျမကို လူပျိုစကားပြောတယ်။ ညဘက်မှာ လူကြီးတွေ အိပ်ပျော်နေတုန်း သူ့အခန်းထဲမှာ သူနဲ့ လာအိပ်ဘို့ ခဏခဏ ခေါ်တယ်။ သူခေါ်တိုင်း ကျမက သူ့ကို အမေနဲ့ချည်းပဲ ကလော်တုတ်တာပဲ။ မယ်တင်ရယ်၊ ငါ့ကိုချက်ချင်း တိုင်ရောပေါ့။ တနေ့မှာ မီးဖိုချောင်ထဲမှာ ကျမလက်ကို ဆွဲတယ်။ ကျမက ဘယ်ခံမလဲ။ မအေနဲ့ ကလော်တုပ်ပြီး ပါးပြန်ရိုက်တာပေါ့။ အဲဒီတော့ သူက ကျမကို စောက်ကမြင်းမ လို့လည်း ဆဲတယ်။ နင်ကောင်းကောင်း သတိထား။ နင့်ခြင်ထောင်ထဲကို ငါ မောင်နု လွှတ်လိုက်မယ်လို့ ကျမကို ကြိမ်းတယ်။ နောက် ၂ရက်လောက်ကြာတော့ သန်းကောင် ကျော်ကျော် လောက်မှာ မောင်နု ကျမခြင်ထောင်ထဲ ဝင်လာပြီး ကျမကို အတင်းဖက်ထားတယ်။ ကျမလဲ လန့်နိုးပြီး သူ့ကို တွန်းပစ်လိုက်တယ်။ ပထမတော့ အိမ်မက်မက်သလိုလို ဖြစ်နေတယ်။ နောက်ကို မောင်နု မှန်းသိတော့မှ ဒီကောင်လေး ဒီမှာ ဘာလာလုပ်တာလဲ၊ နင့်အိပ်ယာနင်ပြန်သွား တင်တင့်ကို အော်ပြီး တိုင်လိုက် ရမလားဆိုတော့မှ မောင်နုထွက်သွားတယ်၊ ပန်းရီလွှတ်လိုက်တာဖြစ်မှာပေါ့၊ ဒါပေါ့တင်တင်ရဲ့၊ ဒီအကောင်ဟာ အလုပ်တော့လုပ်ပါရဲ့။ ဒါပေမဲ့ သိပ်ရှုတ်တယ်။ သူ့ကိုနှင်ပစ်လိုက်တာ ကျမသိပ်ဝမ်းသာ တာပဲ။ ဒီလိုဟာတွေ ဖြစ်ဖြစ်ချင်း ငါ့ကို တိုင်ရောပေါ့အေ။ ဒါတွေ ငါ့အိမ်မှာဖြစ်တာ ငါမကြိုက်ဘူး။ ကျောင်းပြန်လာတဲ့အခါ မသိန်းတင်ဟာ မောင်နုကို ခေါ်လိုက်တယ်။ မသိန်းတင်ဟာ အင်မတန်စည်းကမ်း ကြီးတယ်။ အပြစ်ရှိရင်လည်းမညှာဘူး။ ခေါင်းကိုသူ့လက်နဲ့ ခေါက်တဲ့ အခါခေါက်။ ပေါင်ကို ဆွဲလိမ်တဲ့ အခါ လိမ်။ ကြက်မွှေး တံမြက်စီးနဲ့ ရိုက်တဲ့အခါ ရိုက်တဲ့အတွက် အဖေကိုလဲ မကြောက်။ အမေကိုလည်း မကြောက်။ အမေရဲ့ အမကြီး ဒေါ်ကြီးဆိုရင် ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မမှတ်တဲ့၊ မောင်နုနဲ့ မောင်ဥတို့ ညီအကိုနှစ် ယောက်ဟာ မသိန်းတင်ကို သိပ်ကြောက်တယ်။ မောင်နု မင်းပန်းရီတိုက်တဲ့အရက် သောက်သလား။ သောက်တယ်။ ဘယ်နှစ်ခါလောက်ရှိသလဲ။ ခဏခဏပဲ။ မယ်တင် ရဲ့ခြင်ထောင်ထဲကိုလဲ မင်းဝင်တယ်ကြားရတယ်။ ဟုတ်သလား။ ဟုတ်တယ်။ သွား ကြက်မွေးတံမျက်စီး သွားယူချီ။ တင်တင်ရယ်။ မောင်နုဟာ ခလေးပဲ ရှိပါသေးတယ်၊ ဒီတခါတော့ ချမ်းသာပေးပါ။ မယ်တင်ညီး အသာနေ။ (မောင်နုဘက်သို့) သွား၊ ကြက်မွှေး တံမျက်စီးသွားယူချီ။ မောင်နုဟာ ကြက်မွှေးတံမြက်စီး ယူလာရတယ်။ မသိန်းတင်က ကြက်မွှေးတံမျက်စီးကို ကြက်မွှေးဘက်ကကိုင်။ နောက်ကိုဒါမျိုး မလုပ်နဲ့လို့ ဆုံးမပြီး၊ မောင်နုရဲ့ တင်ပါးကို ငါးချက်ရိုက်တယ်။ မောင်နုဟာ မသိန်းတင်ကိုတော့ ကြောက်တယ်။ ဒါပေမဲ့ မသိန်းတင်က ခေါက်ခေါက်လိမ်လိမ် ရိုက်ရိုက် ဘယ်တော့မှ မငိုဘူး။ မသိန်းတင်ရိုက်တာကို ဒေါ်ကြီး သိသွားတဲ့အခါ သူတူချစ်ရဲ့ တင်ပါးက အရှိုးရာတွေကို ကြည့်ပြီး မျက်ရည်ကျရှာတယ်။
ဆက်လက်ဖေါ်ပြပါမည်။
ကန်ချွန် ၏ ဟာသများ
ခြေလေးချောင်း
တိရိစ္ဆာာန်နှစ်ကောင်ရဲ့ အမည်ကို
ပြောပါ။ သူတို့မှာခြေလေးချောင်းရှိရမည်။
ကြက်ဖနှစ်ကောင်ပါ။...ရူပဗေဒ
မိုးခြိမ်းရင် လျှက်စီးလက်တာကို
အရင်မြင်ရပြီး အသံကိုနောက်မှ
ကြားရတာ ဘာလို့လဲ။
မျက်စိက နားထက် ရှေ့နည်းနည်း
ပိုရောက်နေလို့ပါခင်ဗျ။ဆက်သွယ်လိုလျှင်
ခရစ္စတိုဖာကိုလံဘတ်ရဲ့နောက်မှာ(၁၄၅၁-၁၅၆၀)ဆိုပြီး
ပါတယ်။ အဲဒီဂဏန်းတွေရဲ့ အဓိပ္ပာယ်ကိုသိရဲ့လား။
ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ
ဆရာ။....အမေ
မောင်လှနဲ့မောင်မြ
မင်းတို့ရဲ့“ကျနော်တို့အမေ”စာစီ
စာကုံးကတူနေပါလား။
ကျနော်တို့အမေကတယောက်တည်း
မို့ပါ။ဒီလိုပါ
မင်းဘာလို့နောက်ကျတာလဲ။
အိမ်မက်ထဲမှာ ဘောလုံးကန်နေရလို့ပါ၊
တဘက်အသင်းက လာတာနောက်ကျ
သွားတော့ ပွဲစချိန်လည်းနောက်ကျ
တယ်ဆရာ။..ဆရာ့စကား
ကျောင်းသား။။ကျနော်ကဒီကျောင်းမှာ(၁၆)နှစ်တောင်နေရမှာပေါ့(ငိုလျှက်)
ဆရာ။ ။မငိုပါနဲ့ကွာ ငါဆိုအသက်(၆၀)အထိဒီကျောင်းမှာနေရမှာကွ။မလာသေးလို့
တနေ့မှာဆရာက “ကျနော် မန်နေဂျာဖြစ်ခဲ့လျှင်”ဆိုပြီးစာစီစာကုံးအရေးခိုင်းပါတယ်။
ကျောင်းသားတွေအားလုံးရေးပေမယ့်
တယောက်ကမရေးဘူး။
ဒီတော့ဆရာက အဲဒီကျောင်းသားနားသွားပြီး
မင်းကဘာလို့မရေးသေးတာလဲ။
အတွင်းရေးမှုးကို စောင့်နေတာပါ။...သြော်
ဆရာကရှုခင်းတခုပုံဆွဲဖို့ ပြောတော့
ကျောင်းသားတွေအားလုံးဆွဲကြပေမယ့်
တယောက်ကမဆွဲဘူး။
အဲဒီကျောင်းသားနားသွားပြီး
မင်းကဘာလို့မဆွဲတာလဲ
ဆွဲပြီးပြီဆရာ နွားတကောင်မြက်စားနေတဲ့ပုံ။
ဘယ်မှာလဲနွား။
ရေသောက်ဖို့ထွက်သွားပြီဆရာ။
မြက်ကရော။
နွားစားလို့ကုန်သွားပြီ။ရှာဖွေတွေ့ရှိသူ
မောင်မောင် ကမ္ဘာ့မြေပုံထဲက
သြစတေးလျကိုရှာပြစမ်း။
ဒီမှာပါဆရာ။
မှန်တယ်။ ကဲမောင်ဝင်းအောင်
ပြောစမ်း သြစတေးလျကို
ဘယ်သူရှာဖွေတွေ့ရှိခဲ့တာလဲ။
မောင်မောင်ပါဆရာ။...မှန်တော့မှန်ပါရဲ့
နာမ်တခုကိုပြောပါ။
“နွား”ပါဆရာဒ
မှန်တယ်။ကဲ...နောက်တယောက်
ပြောပါဦး။
နောက်ထပ်နွား တကောင်ပါခင်ဗျာ။...နောက်မှပဲလာတော့မယ်
အလုပ်လာလျှောက်တဲ့ လူငယ်ကို
သူဌေးက
ပထမတော့ လစာလေးထောင်
ပေးမယ်။ ခြောက်လဆိုရင် ခြောက်ထောင်
ပေးမယ်။ ဘယ်လိုသဘောရလဲ။
ဟုတ်ကဲ့ ကျနော် နောက်ခြောက်လနေမှ
အလုပ်ဝင်ပါ့မယ်။စာထဲကအသံ
စာတစောင်ရေးစမ်း။ မေမေ
ပြောမယ်....
“သို့..လေးစားရပါသော”
ပြီးပြီ၊
ဟဲ့. မင်းလက်ရေးကကြီးလှ
ပါလား။
မေမေ့အသံက ကျယ်လို့ပါ။
Firefox ရဲ့ လုပ်ဆောင်ချက်များ
မိုက်ကရိုဆော့ဖ်ရဲ့ Tnternet Explorer ဟာ လူသုံးအများဆုံး Web browser တခု ဖြစ်နေသေးပေမယ့် အသုံးပြုသူတော်တော်များများဟာ လိုသလို ထိမ်းချုပ် လုပ်ဆောင်နိုင်တဲ့ Mozilla ရဲ့ Firefox ပိုမို သဘောကျလာတာကို တွေ့ရပါတယ်။ Firefox ဟာ အင်တာနက်အတွက် စိတ်ကြိုက် အပြောင်းအလဲတွေ လုပ်နိုင်ပြီး အချိန်တိုတိုအတွင်း အများကြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာဖေါ်ပြတဲ့ အချက်တွေကတော့ Firefox2.0 ထဲမှာ စိတ်ကြိုက် ပြောင်းလဲမှုတွေလုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။
Tab တွေ အသုံးပြုခြင်း
Firefox ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက တခုကတော့ tab တွေကိုသုံးပြီး စာမျက်နှာ အများအပြားကို အလွယ်တကူ ပြောင်းလဲ ကြည့်ရှုနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။
Tab အသစ်တခုကို ဖွင့်ချင်တဲ့အခါ menu ကနေ သွားစရာမလိုပဲ Ctrl+Tကီးအတွဲကို နှိပ်ရုံဖြင့် စာမျက်နှာ အလွတ်နဲ့ tab တခု ပွင့်လာပြီး corsor ကလည်း address bar အတွင်း ရောက်ရှိနေမှာဖြစ်ပါတယ်။ Web Link တခုကို Tab အသစ်တခုနဲ့ ဖွင့်ချင်တယ်ဆိုလို့ရှိရင် အဲဒီ Link အပေါ် Right-click လုပ်ပြီး Open link in New tab ကို ရွေးချယ်နိုင်တဲ့အပြင် Link ပေါ်မှာ Pointer ရွှေ့ကာ Click လုပ်ပြီးလည်း ဖွင့်နိုင်ပါတယ်။ (မြန်မာဘလော့ဂါများရဲ့ Blog Webside တွေမှာဆိုရင် အခြားမြန်မာဘလော့ဂါများရဲ့ Link အချို့တွေကို ထည့်ပေးထားတယ်။ ဒါပေမယ့် တချို့ကRight-click လုပ်ပြီး Open link in New tab ကို ရွေးချယ် လိုက်မှ Tab အသစ်တခုနဲ့ ပွင့်ပြီး တချို့ကတော့ Target ထည့်ထားတဲ့ အတွက် Pointer ကို Link ပေါ်မှာတချက်တည်း click ပေးလိုက်ရုံနဲ့ new tab နဲ့ပွင့်လာတာပါ။ ကျနော့် ဘလော့မှာရှိတဲ့ မြန်မာဘလော့ဂါများရဲ့ Link တွေအားလုံး Target ထည့်ထားပါတယ် click ပေးလိုက်ရုံပဲ။) တချို့ Link တွေဟာ Click လုပ်လိုက်တာနဲ့ Windows အသစ်နဲ့ စာမျက်နှာ ပွင့်လာပြီး tab အနေနဲ့ပဲ ဖွင့်ချင်တယ် ဆိုရင်တော့ menu ထဲက Tools/Options../Tabs ဆီကိုသွားပြီး a new tab ကိုရွေးချယ်။ ပြီးရင် Ok ကိုနှိပ်ရပါမယ်။
Ctro+tab ကီးအတွဲကို နှိပ်တဲ့ အခါ tab နဲ့ဖွင့်ထားတဲ့ စာမျက်နှာတွေ အစဉ်လိုက်အတိုင်း ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပြီး Ctro+Shift+tab ကို အတွဲလိုက်နှိပ်တဲ့ အခါ tab စာမျက်နှာတွေကို ဘယ်ဘက်ကနေ ညာဘက်ဆီ ရွှေ့ပေးသွားမှာ ဖြစ်ပါတယ်။
Ctro+ 1,2,3,4 စသဖြင့် tab များကို နံပါတ်အလိုက် ခေါ်ယူလို့ရပါတယ်။
အသုံးပြုတဲ့ အခါ လျှင်မြန်စေမယ့် Key board Shortcut များ။
အင်တာနက်ကြည့်ရှုတဲ့အခါ Mouse အစား Key board ကိုသုံးတဲ့အတွက် ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ address bar ထဲ URL ရိုက်ထည့်ဖို့၊ ဒါမှမဟုတ် တခုခုရှာဖွေဖို့အတွက် Ctro+L ဒါမှမဟုတ် Alt+D ကိုသုံးနိုင်ပါတယ်။ Address bar ထဲမှာ domain name ရိုက်ထည့်ပြီး Ctro+Enter ကီး အတွဲကို နှိပ်လိုက်ရုံဖြင့် .com ။ Shift+Enter ဆိုရင် .net ။ Ctro+Shift+Enter ကိုဆိုရင် .org ။ ကိုအလိုအလျှောက် ထည့်ပေးသွားမှာဖြစ်ပါတယ်။
