သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

သတင်းစာ ဆရာကြီး ဦးဝင်းတင်

မနေ့က စစ်အစိုးရမှ အကျဉ်းသား ၉၀၀၀ ကျော်ကို လွှတ်ပေးရာတွင် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော အသက် ၇၉ နှစ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ပြန်လည်လွှတ်ပေး လိုက်ကြောင်း သိရသည်။

ဦးဝင်းတင်သည် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၉ ခု ဇူလိုင် (၄) ရက်တွင် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ လွတ်ရက်စေ့ကာနီး ၁၉၉၂ မတ်လတွင် ထောင်ဒဏ် (၁၀) နှစ် ထပ်မံချခံရပြီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ထံ စာရေးတိုင်ကြားမှုဖြင့် ၁၉၉၆ မတ်လ၌ နောက်ထပ် ထောင်ဒဏ် (၇) နှစ် ထပ်ဆင့် ချမှတ်ခံခဲ့ရသည်။

အသက် (၇၉) နှစ်ရှိပြီဖြစ်သည့် ဦးဝင်းတင်သည် အကျဉ်းထောင်တွင်း၌ သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် အရိုးကျီးပေါင်းတက် ဝေဒနာများ ခံစားနေရပြီး ပြီးခဲ့သည့် ဇူလိုင်လက ထောင်သက်တမ်း (၁၉) နှစ်ပြည့်ပြီဖြစ်ကာ သက်တမ်းကျော်လွန်ပြီး ဖမ်းဆီးခံထားရသည့် နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

နိုင်ငံရေးမလုပ်တော့ပါဟု ခံဝန်ချက်ကတိ လက်မှတ်ရေးထိုးလျှင် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ဦးဝင်းတင်က ထိုကမ်းလှမ်းချက်ကို တောက်လျှောက်ပယ်ချခဲ့သည်။ ၂၀၀၅ ဇူလိုင်လတွင် အာဏာပိုင်များက ဦးဝင်းတင်ကို ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ပြီး အင်းစိန်ထောင်ဗူးဝသို့ ရောက်ရှိပြီးကာမှ ထောင်မှူးက ပြန်ခေါ်ဆောင်ကာ ပြန်လည် အကျဉ်းချထားခြင်း ခံခဲ့ရသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို (UNESCO) မှချီးမြင့်သော ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (Guillermo Cano World Press Freedom Prize) နှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom)၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆု (Winner of Reporters Without Border) များကို ချီးမြှင့်ခဲ့သည်။

ယခုအကျဉ်းသားများ လွှတ်ပေးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော် အမတ် များဖြစ်သည့် ဒေါက်တာ သန်းငြိမ်း( ပြည်ထောင်)၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့် ( အင်းစိန် ထောင်)နှင့် ဦးအောင်စိုးမြင့် (သရက်ထောင်)တို့လည်း ပြန်လည် လွတ် မြောက်လာကြောင်းသိရသည်။

သရက်ထောင်မှ လွှတ်သည့် အကျဉ်းသား ၄၀ တွင် ဦးအောင်စိုးမြင့် တဦးသာလျှင် နိုင်ငံရေးအကျဉ်းသား ပါဝင် ကြောင်း သိရသည်။
အန်အယ်လ်ဒီ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးခင်မောင်ဆွေ ကို လားရှိုးထောင်မှ ပြန်လည် လွှတ်ပေးလိုက် ကြောင်း၊ တတ်သိပညာရှင်များအဖွဲ့မှ ဦးဝင်းထိန်ကို ကသာထောင်မှလွှတ်ကြောင်း၊ သပိတ်ကျင်း အန်အယ်လ်ဒီ ဦးအေးသိန်း ကို ကလေးထောင်မှ ပြန်လွှတ်လိုက်ကြောင်းနှင့် မန္တလေး အန်အယ်လ်ဒီ ဦးသိန်းတန်ကို မန္တလေး ထောင်မှ ပြန်လွှတ်လိုက်ကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။

စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ယခုကဲ့သို့ အကျဉ်းသားများအားပြန်လွှတ်ပေးခြင်းသည် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အကျိုးပြုစေမည့် နိုင်ငံသားများဖြစ်စေရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံတ၀န်း အကျဉ်းစခန်းများမှ အကျဉ်သား ၉၀၀၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Read More...

တာတေ စနေသားအခန်း (၃) (ဦးနု)

(က)
မောင်နုဟာ ၁၉၂၂ မေလ အစလောက်မှာ သရက်တောကျောင်းတိုက်ထဲက နေရှင်နယ်ကျောင်းကို ရောက်လာတယ်၊ ရပ်ဝေးက ရောက်လာကြတဲ့ ကျောင်းသားတွေ နေဘို့ စားဘို့အတွက် ကျောင်းအုပ်ချုပ် ရေးအဖွဲ့က လှည်းတန်းထဲမှာ တိုက်တလုံးငှားပေးထားတယ်၊ နောက်ခြောက်လ ကြာတဲ့အခါ ကျောင်းအုပ် ချုပ် ရေးအဖွဲ့ဟာ အဲဒီတိုက်ကို ဆက်မငှားနိုင်တော့ဘူး။ အဲဒါကြောင့် မောင်နုတို့လူစုဟာ သရက်တော ကျောင်းတိုက်ထဲက ဘုန်းကြီးကျောင်းမှာ လှည်းတန်းတုန်းကလို ကျောင်းအိပ် ကျောင်းစားတွေအတွက် စည်းကမ်း သိပ်မကြီးတော့ဘူး။ ညတညတော့ ရန်ကုန်အရှေ့ပိုင်းမှာ မီးအကြီးအကျယ်လောင်တယ်၊ မောင်နုနဲ့ သူ့သူငယ်ချင်းဟာ သရက်တောကျောင်းရဲ့ အပြင်ဘက်ကို ထွက်ပြီး အပေါ်ကို ထိုးတက်နေတဲ့ မီးရောင်တွေကို လှမ်းကြည့်နေကြတယ်၊ မောင်နုကို ဒီလူရဲ့နာမည်မေးလို့မရဘူး။ မီးလောင်တာကို လှမ်းကြည့်လို့ အတော်ကလေး ကြာလာတဲ့အခါ မောင်နုက အဲဒီသူငယ်ချင်းကို လှမ်းပြီး။ ပြည့်တန်ဆာမ တွေ ဘယ်မှာရှိသလဲ။ ခင်ဗျားသိသလား လို့မေးတယ်။ သိတယ်လို့ အဲဒီလူက ဖြေတယ်။
အဲဒီကို ကျနော်သွားချင်တယ်၊ ခင်ဗျားလိုက်ပို့မလားလို့ မောင်နုက ထပ်မေးတဲ့အခါ ချာတိတ် မင်းသွားချင်လိုက်ပို့ မယ်၊ ဒါပေမဲ့ ငါပို့တယ်ဆိုတာ မင်းဘယ်သူ့ကိုမှ မပြောရဘူးလို့ ဒီသူငယ်ချင်းက ကတိတောင်းတယ်၊ မောင်နုကလည်း မပြောပါဘူးလို့ ကတိပေးပြီး သူတို့နှစ်ယောက် ထွက်သွားကြတယ်၊ လမ်းမှာ မောင်နု အရက်သောက်ချင်တယ် ဆိုတဲ့အတွက် သူ့သူငယ်ချင်းဟာ မောင်နုကို တရုတ်ပျော်ပွဲစားဆိုင် တဆိုင် ခေါ်သွားတယ်၊ မောင်နုဟာ အရက်ကို မချိန်ဆတတ်ဘူး။ အရမ်းသောက်ချင်တယ်၊ သူ့သူငယ်ချင်းက ထိမ်းထားတဲ့အတွက် နဲနဲသောက်ပြီး ပြည့်တန်ဆာတန်းကို ထွက်သွားကြတယ်၊ အရက်သောက်တာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာ မောင်နုမတွေးမိဘူး။ ပြည့်တန်ဆာတန်းကို သွားတာကလည်း ဘယ်လောက် ဆိုးတယ်ဆိုတာမောင်နု မတွေးမိဘူး။ တွေးနိုင်လောက်တဲ့ ညာဏ်လည်း သူ့မှာမရှိဘူး။ အဲဒါကြောင့် သူဟာ ရန်ကုန်မြို့ကြီးထဲက တရုပ်ပျော်ပွဲစားရုံတရုံမှာ အရက်ကိုလည်း သောက်ဖူးပြီ။ ပြည့်တန်ဆာတန်းမှာ ပြည့်တန်ဆာမ တယောက်နဲ့လည်း ပျော်ပါးဘူးပြီ။ သူဟာ လူလည်တယောက် ဖြစ်လာပြီဆိုပြီး မောင်နုဟာ ဘဝင်မြင့်နေတယ်။ သူ့ကိုယ်သူ အတော်ဟုတ်လှပြီလို့ ထင်ပြီး ကျောင်းပိတ် လို့အပြန် သူ့မြို့က သူငယ်ချင်းတွေကို ဖောက်သည် ချဘို့တောင် သူစိတ်ကူး ထားလိုက်သေးတယ်။ အဲဒီနောက် မောင်နုဟာ ငွေလည်းရှိမယ်။ အဖေါ်လည်းကောင်းမယ်ဆိုရင် အရက်ဆိုင်နဲ့ ပြည့်တန်ဆာမ အိမ်ကို မရှောင်မလွှဲသာတဲ့ အလုပ်တခု အဖြစ်နဲ့ သူ့ကိုယ်သူ ထိန်းသိမ်းခြင်းမရှိပဲ သွားနေတာပဲ။ ၁၉၂၃ခုနှစ်လောက်ရောက်တဲ့အခါ မောင်နုမှာ ရောဂါတခု ရလာတယ်၊ သူ့သူငယ်ချင်းကို မေးကြည့်တဲ့အခါ ဒါဟာ ဂနို ရောဂါလို့ဖြေတယ်။ ပေါင်ထိပ်မှာလည်း အကြိတ်တလုံး ထွက်တယ်လို့ မောင်နုက ထပ်ပြောတဲ့ အခါ ဒီ ရောဂါက ဒီလိုဘဲလို့ သူသူငယ်ချင်းက ပြန်ဖြေတယ်၊ အဲဒီနောက် ဒီသူငယ်ချင်းရဲ့ အကူအညီနဲ့ မဂိုလမ်း၊ ဘင်ဂျမင်ဆေးဆိုင်က ဆေးတပုလင်း ဝယ်တယ်၊ ဆေးနာမည်ကိုတော့ မောင်နု ကောင်းကောင်းကြီး မမှတ်မိဘူး။ ဘဲလဆမ်းအော့ဖ်ကို ပေဘလို့ ခေါ်တယ်ထင်တယ်လို့ ပြောပြဘူးတယ်။ ပေါင်က အကြိတ်ပေါ်မှာတော့ အဲဒီသူငယ်ချင်းက ရေခဲတင်ပေးတယ်၊ လူငယ်တွေရဲ့စိတ်ဟာ ဘယ်လို စိတ်လည်း မဆိုနိုင်ဘူး။ အပြောရ အတော်ခက်တယ်။ ဒီဘဝရောက်နေတာတောင် သံဝေဂ မရနိုင်သေးဘူး။ ဒီဆေးစားပြီး ရေခဲအုံနေရတာကို အောက်ကျနောက်ကျ အခြေအနေက အထက်တန်းကို တိုးတက်လာတဲ့ အထိမ်းအမှတ်တခုအဖြစ်နဲ့ တောင် မောင်နုဟာ ကြိတ်ပြီး ဂုဏ်ယူနေလိုက်သေးတယ်။

အဲဒီနှစ် မတ်လ စာမေးပွဲအပြီး ကျောင်းပိတ်ရက်အတွင်း မောင်နုဟာ ဝါးခယ်မကို ပြန်သွားတယ်။ ဧပြီလ ၁၃ရက် သင်္ကြန်အကြိုရက်ကို ရောက်တဲ့အခါ မောင်နုနဲ့ သူငယ်ချင်း လေးငါးယောက်ဟာ ရယ်စရာ အဝတ်အစားမျိုးစုံတွေကို ဝတ်ပြီး မြို့ထဲမှာ ရေပက်ခံထွက်ဘို့ ဆုံးဖြတ်ကြတယ်၊ အဲဒီ ဆုံးဖြတ်ချက်အရ မြို့ထဲကို မထွက်ခင် ကမ်းနားလမ်းက တရုတ်ခေါက်ဆွဲဆိုင်ကို သွားပြီး မောင်နုတို့ လူစုဟာ အရက်တွေကို သောက်ကြတယ်၊ အသောက်လွန်သွားတဲ့အတွက် ဒီကောင်တွေဟာ မြို့ထဲကို ရေပက်ခံ မထွက်နိုင် တော့ဘူး။ ခေါက်ဆွဲဆိုင်ထဲမှာဘဲ ဝတ်လစ်စလစ် ကြည့်မကောင်း ရှုမကောင်းတွေဖြစ်ပြီး သူတို့ရဲ့ အန်ဖတ်ပုံတွေပေါ်မှာ လဲနေကြတယ်၊ သူတို့ရဲ့ မိဘတွေသိတော့မှ ဒီကောင်တွေကို ထမ်းပြီးခေါ်သွား ကြရတယ်၊ မောင်နုဟာ အဲဒီနေ့ကတဲက မူးနေလိုက်တာ သင်္ကြန် ဘယ်လိုတက်သွားတယ် ဆိုတာ မသိလိုက်ဘူး။ သူ့မိဘတွေလည်း အင်မတန် စိတ်ပူပြီး အမူးပြေအောင် ဧကရာဇ်မြစ်တို့ သံပုရာရည်တို့ အစရှိတဲ့ အိမ်နီးနားချင်းတွေ ပြောသမျှ ဆေးမီးတိုတွေနဲ့ အတော်ဖြေယူရတယ်။ အိမ်မှာနေရင် နောက်ထပ်အရက်မူးနေမှာ စိုးတဲ့အတွက် မောင်နုရဲ့အဖေ ကိုစံထွန်းဟာ ကျောင်းပိတ်ရက်အတွင်း တလိုင်းရွာစုအနားက စပါးကျည်မှာ သွားနေဖို့ သူ့သားကို နားချတယ်။ သူ့သူငယ်ချင်းတွေပါမှ လိုက်သွား မယ်ဆိုလို့ ကိုစံထွန်းဟာ သူ့သားရဲ့အလိုကို လိုက်ပြီး သူငယ်ချင်းတွေကို ခွင့်ပြုခဲ့ရတယ်၊ စပါးကျည်ဟာ ဝါးခယ်မသုဿန်နဲ့ မျက်စောင်းထိုး မြစ်တဘက်ကမ်းမှာ ရှိတယ်၊ အတော်သာယာတဲ့ နေရာလေးပါပဲ။

စပါးကျည်ရဲ့ ရှေ့မှာ နှစ်ထပ်အိမ်ကလေး တအိမ်ရှိတယ်၊ အဲဒီအိမ်မှာ မောင်နုနဲ့ သူငယ်ချင်းတွေ နေကြတယ်၊ ကိုစံထွန်းဟာ သူ့သားနဲ့ သူငယ်ချင်းတွေ စားဖို့ဆိုပြီး စားစရာတွေ အပြည့်အစုံ ဝယ်ပေး ထားတယ်၊ အဲဒီနောက် စပါးကျည်ကိုစောင့်နေတဲ့ သူ့ရဲ့ညီ ဝမ်းကွဲ ကိုဘဝိုင်းကို ခေါ်ပြီး၊ ဟေ့ ဘဝိုင်း ဒီကောင်တွေကို ဒီမှာ ပျော်အောင်ထားနော်။ မြို့ဖက်ကမ်းကို မသွားစေနဲ့လို့ မှာသွားတယ်၊ ညီဘဝိုင်းဟာ အကိုရဲ့အမိန့်ကို အဓိပါယ်ပြန်တာလွဲနေတယ်။ ဒီအချက်အရ ဒီကောင်တွေ လိုချင်တာ ဘာမဆို လုပ်ပေးလိုက်။ ဒီကောင်တွေ မြို့ဘက်ကမ်းကို ကူးမသွားရင် ပြီးရောလို့ မှတ်ထားလိုက်တယ်၊ အဲဒါကြောင့် နှစ်ရက်လောက်ကြာတော့ မောင်နုက မြိုဖက်ကို ကူးချင်တယ် လိုက်ပို့စမ်းပါလို့ ပြောတဲအခါ မင့်အဖေ င့ါတီးလိမ့်မယ်။ ငါမပို့နိုင်ဘူးလို့ ကိုဘဝိုင်းက ပြန်ပြောတယ်။ ဒီလိုဆိုရင် အရက်သောက်ချင်တယ် ရှာပေး ပါလို့ မောင်နုကပြောတဲ့အခါ အေးဒါတော့ ငါရှာပေးမယ်ဆိုပြီး ချက်အရက်တပုလင်းကို ကိုဘဝိုင်း ရှာပေး တယ်။ နောက်နှစ်ရက်လောက်ကြာလို့ မောင်နုက ဦးလေး မိန်းမ မရှိဘူးလား၊ ရှာပေးစမ်းပါလို့ ပူဆာ တဲ့ အခါမှာလည်း ကိုဘဝိုင်းက အေး ဒါတော့ ငါရှာပေးမယ်ဆိုပြီး မိန်းမတယောက်ကို ခေါ်လာတယ်၊ ကိုဘဝိုင်းကလည်း တူတော်မောင် ပျော်ပါစေဆိုတဲ့စေတနာနဲ့ မရမက ဆွဲလာတယ် ထင်ပါရဲ့၊ မျက်နှာ ကလည်း သနပ်ခါးဘဲကြား လူးလာပြန်ဆိုတော့ အတော်ကြည့်ရ ဆိုးတာဘဲ။ ဒါပေမယ့် ဒီကောင် ကလေးတွေက စောက်ငတ်ကလေးတွေ အဲဒါကြောင့် တော်သလင်းလထဲမှာ ခွေးမကို မမြင်ဘူးတဲ့ ခွေးသိုး အုပ်တအုပ်လို ထိုးထိုးထန့်ထန့်ဖြစ်နေကြတယ်၊ သူတို့ဟာ အကြာကြီး စဉ်းစားမနေဘူး။ ရောက်လာတာနဲ့ အိမ်ပေါ်ခေါ်သွားပြီး ဘယ်သူပြီးဘယ်သူ ဆိုတာ မဲချတယ်၊ သူငယ်ချင်း ငါးယောက်ရှိတဲ့အနက် မောင်နုက နံပါတ်ငါးကျတယ်။ နောက် နေ့တွေကျတော့ ကောင်ကလေးတွေကိုစုပြီး ဟေ့ကောင်တွေ၊ ဝယ်တဲ့အရက်က မကောင်းဘူး။ မင်းတို့ကို ငါကိုယ်တိုင် အရက်ကောင်းကောင်း ချက်တိုက်မယ်လို့ ဦးလေးကိုဘဝိုင်းက ကြေညာတယ်၊ ဒီကြေညာချက် အတိုင်း ရေနံဆီပုံး အလွတ်တခုထဲကို ရှေးဦးစွာ ထန်းလျှက်ထည့်တယ်၊ ရေကို ပုံးတဝက်လောက် ထည့်တယ်။ အဲဒီပုံးကို စပါးကျီထဲက စပါးပုံတွေထဲမှာ မြုပ်ထားတယ်၊ သုံးရက် လောက်ကြာလို့ ဖွင့်ကြည့်တဲ့အခါ ထန်းလျှက်တွေ ဟာ အချဉ်ပေါက်နေပြီ။ အဲဒီသံပုံးပေါ်မှာ ပေါင်းချောင်အိုး တင်ပြီး ထန်းလျှက်ရေရဲ့ ရေခိုးရေငွေ့တွေဟာ အပြင်ဘက်မထွက်ရအောင် ပေါင်းချောင်အိုးရဲ့ အပေါက် ကလေးတွေထဲကို အကုန်ဝင်အောင် သံပုံးနဲ့ အိုးနဲ့ထိတဲ့နေရာတွေကို အဝတ်စုတ်တွေနဲ့ အလုံ လျောက် ပတ်တယ်၊ အဲဒီပေါင်းချောင်အိုးထဲမှာ ပန်ကန်လုံး အကြီးတလုံးထည့်တယ်၊ ဒီလို အချဉ်ပေါက်နေတဲ့ ပုံးကို အောက်က မီးပြင်းပြင်းမြိုက်တဲ့ အခါ အငွေ့တွေဟာ ပေါင်းချောင်အိုးရဲ့ အပေါက်တွေထဲကို ဝင်ပြီး ဒယ်အိုး ဖင်ကို ထိတယ်။ အဲဒီဒယ်အိုးဖင်ကမှ ချွေးအဖြစ်နဲ့ အောက်က ပန်းကန်လုံးကြီးထဲကို ကျလာတယ်။ အဲဒါဟာ ချက်အရက်ဖြစ်လာတယ်၊ ချက်အရက်ဟာ သိပ်ပြင်းတယ်၊ အဲဒါကြောင့် ကိုဘဝိုင်းဟာ သူတူနဲ့ သူငယ်ချင်းတွေကို အဲဒီအတိုင်း မတိုက်ဘူး။ ဖန်ခွက်ထဲမှာ အရက် လက်တလုံးလောက် ထည့်ပြီး သကြားရေတွေ အများကြီး ရောတိုက်တယ်၊ လွန်ခဲ့တဲ့ သင်္ကြန်တုန်းက လူမှန်းမသိအောင် မူးခဲ့တာကို သတိရ ကြပြိး မောင်နုတို့ လူစုကလည်း အရင်လို အရမ်း မသောက်ကြတော့ဘူး။ ဦးလေးဦးဘဝိုင်း တိုက်သလောက်ဘဲ သောက်ကြတယ်၊ ဘဲကြားမကြီးကို ကိုဘဝိုင်းခေါ်လာတဲ့နေ့က စပြီး မြို့ဘက်ကို ပြန်ကြတဲ့အထိ ဆယ်ရက်လောက်အတွင်း သူတို့ရဲ့ လုပ်ငန်းစဉ်က ထူးထူးခြားခြား တွေမဟုတ်ပါဘူး။

ခပ်ရိုးရိုး ကလေးပါဘဲ။ အိပ်ယာက ၇ နာရီလောက်ထပြီး မြစ်ထဲမှာ ရေကူးတယ်။ တံတားပေါ်က ဒိုက်ဗင် ထိုးတယ်။ လှေလှော်တယ်။ ကမ်းခြေက လတာတွေပေါ်မှာ လူနှစ်စုခွဲ၊ ရွံ့ခဲတွေနဲ့ပေါက်ပြီး စစ်တိုက်တမ်း ကစားကြတယ်၊ အတော်လေးမောလာတဲ့အခါ အိမ်ပေါ်တက်လာပြီး ဦးလေးကိုဘဝိုင်း ကျွေးတဲ့အစာကို ချက်အရက်နဲ့ စားကြသောက်ကြတယ်။ စားလို့ ဝပြီဆိုရင် မဲကျတဲအတိုင်း ဦးလေးဘဝိုင်း ခေါ်လာတဲ့ ဟာမကြီးရဲ့ အခန်းထဲကို စောက်ငတ်ကလေးတွေ တယောက် တလှဲ့စီဝင်တာ ညနေအထိပါပဲ။ ကြားထဲမှာ ဟာမကြီးကို ရေချိုးဘို့။ သနပ်ခါးလူးဘို့၊ ဆေးလိပ်သောက်ဘို့။ ထမင်းစား၊ ကော်ဖီသောက်ဘို့၊ လောက်ဘဲ အနားပေးတယ်၊ ညနေ ငါးနာရီ လောက်ကြတော့ ဒီဘဲကြားမကြီးကို ကိုဘဝိုင်းဟာ ရွာထဲပြန်ပို့ ရတယ်၊ ဝါးခယ်မကို ပြန်ရောက်ပြီး နှစ်ရက်လောက်ကြာတော့ မောင်နုနဲ့ သူငယ်ချင်း တယောက်ဟာ ရှန်ကာတွေ ပေါ်လာတယ်။ ဗဟုသုတရှိတဲ့ မိတ်ဆွေတယောက်ကို ချဉ်းကပ်ပြီး ဆေးထည့်တဲ့အခါ မိတ်ဆွေက ရှန်ကာကို ဟိုက်ဒရိုဂျင်ပါရိုဆိုက် ဆိုတဲ့ ဆေးရေနဲ့ ဆေးပြီး တရုတ်မျက်နှာတမျိုးကို ဖြူးပေး ဘို့ သြဝါဒပေးတယ်၊ ဒီသြဝါဒအတိုင်း လိုက်နာတဲ့အခါ မောင်နုမှာ အတော်သက်သာသွားတယ်၊ ဒါပေမဲ့ လုံးဝ မပျောက်သေးခင် ကျောင်းဖွင့်တဲ့အတွက် ရန်ကုန်ကို ပြန်လာခဲ့ရတယ်၊ ရန်ကုန်ရောက်တော့ သူ့မိတ်ဆွေကို အကျိုးအကြောင်း ပြောပြတဲ့အခါ သူ့မိတ်ဆွေဟာ မောင်နုကို ဆရာဝန်တယောက်ဆီ ချက်ချင်း ခေါ်သွားတယ်။ ဆရာဝန်က နိယိုဆာလဗာဆင် ဆေးကို ထိုးပေးတယ်၊ အားလုံးပေါင်း ခြောက်ကြိမ်လောက် ထိုးလိုက်ရတယ်၊ သောက်ဆေးအဖြစ်နဲ့လည်း ချင်ဒူရွိုင်ဆေးဆိုင်က ဆေးရေကို တိုက်တယ်၊ ရှန်ကာပျောက်သွားတဲ့အခါ အဲဒီမိတ်ဆွေက မောင်နု မင်းဆင်ခြင်တော့ ဒီကာလသားရောဂါ ဟာ မင်းကိုရော၊ နောင်အခါ မင်းရလာမဲ့ သားသမီးတွေကိုရော၊ အကြီးအကျယ် ဒုက္ခ ပေးနိုင်တယ်လို့ အစချီပြီး ကာလသားရောဂါရဲ့ ကြောက်စရာကောင်းပုံတွေကို လျောက်ပြောပြတယ်။ မောင်နုဟာ အစက ဒါတွေကို ဘာမှ မသိဘူး။ သိရတဲ့အခါ သိပ်လန့်သွားတယ်။ သိပ်လန့်နေတာကို တွေ့တဲ့အတွက် သူ့မိတ်ဆွေက မင့်ကို အလိုလိုက်မိတာ ငါမှားသွားတယ်။ အဲဒီနေ့ည မင်းပြောတုန်းက ငါငြင်း လိုက်ရင် မင်းဒီလို ဖြစ်ရမှာ မဟုတ်ဘူးလို့ မောင်နုကို ပြောတယ်။ ခင်ဗျား အလိုမလိုက်ရင်လည်း ကျွန်တော့်ဟာ ကျွန်တော် တနည်းနည်းနဲ့ ရောက်အောင်သွားခဲ့တာဘဲ။ ခင်ဗျားနဲ့ မသွားခင် ဝါးခယ်မမှာ ကတည်းက ကျွန်တော် သွားဖူးနေပြီ။ အဲဒီတော့ ဒီလိုဖြစ်ရတာ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး။ ဒါဟာ ကျနော့ အပြစ်ဘဲလို့ မောင်နုက ပြန်ပြောတယ်။ အဲဒီတော့ မောင်နုရေ မင်းမနေနိုင်ရင် မိန်းမယူပါလားကွာ။ ဒီပြည့်တန်ဆာမ တွေဆီတော့ မသွားပါနဲ့ ခင်ဗျားပြောတာကို ကြားရပြီးကတည်းက ဒီဟာတွေဆီကို ထပ်ပြီး သွားရမှာ ကျွန်တော် သိပ်ကြောက်နေတယ်။ အဲဒီတော့ ဒါတွေဆီကို မသွားတော့ဘူးလို့ မင်းငါ့ကို ကတိပေးမလား။ ကတိတော့ မပေးသေးဘူး။ ကျွန်တော်စဉ်းစားဦးမယ်။ မိန်းမလိုက်ချင်တဲ့စိတ်ကို တခြားဘက် လှည့်ပေး ပါလားကွာ။ ဘယ်လို လှည့်ပေးရမလည်း။ လက်ဝှေ့သင်ကွာ။ နောက်ပြီးတော့ ဘောကန်ကွာ။ ဒါတွေ လုပ်နေရင် မိန်းမ လိုက်ချင်တဲ့စိတ်တွေ ပျောက်ကုန်မှာဘဲ။ နောက်တနေ့ကစပြီး မောင်နုဟာ လက်ဝှေ့ထိုး တာလည်းသင်တယ်။ ဘောလုံးလည်း ကစားတယ်။ လက်ဝှေ့ထိုးတဲ့အခါ ဘောလုံးကစားတဲ့ အခါ အားရှိအောင် အမောခံနိုင်အောင်ဆိုပြီး အပြေးကျင့်ရတယ်။ ကြိုးခုန်ရတယ် ဘားတန်းပေါ်မှာ ကစားရ တယ်။ အဲဒီလို လုပ်ရတဲ့အတွက် မိန်းမလိုက်တဲ့ ဘက်ကို သူ့စိတ်တွေ လွင့်နေတာ အတော်ကြီး နည်း သွားတယ်။

(ခ) ရန်ကုန် နေရှင်နယ်ကျောင်းကို ရောက်တဲ့အခါ အနိုင်ကျင့်ခံ လူတန်းစားဘက်က လူရဲကြီးလုပ်ချင်တဲ့ စိတ်ဟာ ရှေးတုန်းကထက် မောင်နုမှာ ပြင်းထန်လာတယ်။ ဒါပေမဲ့ သူ့ နှလုံးသားဟာ သူ့ဦးနှောက်ထက် ပိုပြီး ကြီးနေတဲ့အတွက် သူသွားပြီး ကာကွယ်တဲ့သူဟာ တကယ် အနိုင်ကျင့်ခံရတဲ့သူ ဟုတ်သလား။ မဟုတ်ဘူးလား ဆိုတာ သူမစဉ်းစားနိုင်ဘူး။ စွာတယ်လို့ သူယူဆတဲ့သူဟာ တကယ့် လူစွာဟုတ်သလား မဟုတ်ဘူးလား ဆိုတာ သူမတွေးတတ်ဘူး။ အနိုင်ကျင့်နေတယ်လို့ သူသတင်းရတဲ့ သူဟာ အနိုင်ကျင့်တဲ့ သူဟုတ်သလား မဟုတ်ဘူးလားဆိုတာ သူမတွေးတတ်ဘူး။ ကျောင်းသား တယောက်ဟာ သိပ်ပြီးစွာတယ် လို့သူ့စိတ်ထဲက ထင်ရုံနဲ့ သူနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းဝင်ပြီး ရန်ဖြစ်တာပဲ။ အဲဒီလိုပဲ ကျောင်းသားတယောက်ဟာ ဘယ်သူ့ကို အနိုင်ကျင့်လိုက်တယ်လို့ တယောက်ယောက်က လာပြော ရင်လည်း သူနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သွားပြီးရန် ဖြစ်တာပဲ။ ရန်ဖြစ်တဲ့အခါ သူကချည်း နိုင်တာမဟုတ်ပါဘူး။ သူနှံတဲ့အခါ နှံခဲ့ရတယ်။ ခံတဲ့အခါ ခံခဲ့ရတယ်။ ဘယ်လောက်ပဲခံရခံရ သူသံဝေဂမရဘူး။ ဖြစ်ချင်လာရင် ဇွတ်တရွတ်ဖြစ်တာပဲ။ ဒီလိုဖြစ်ခဲ့တာတွေ လျှောက်ပြောရရင် ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒါတွေထဲက လူသိအတော်များတဲ့ အဖြစ်အပျက် တခုနှစ်ခုလောက်ကို ပြောပြရဦးမယ်။ ၁၉၂၃ ခုနှစ်ထဲမှာ နေရှင်နယ် ကျောင်းတွေကို အစိုးရက အသိအမှတ်ပြုတယ်။ အဲဒါကြောင့် အသိအမှတ် ပြုတဲ့ ကျောင်းနဲ့ အသိအမှတ် မပြုတဲ့ ကျောင်းဆိုပြီး။ နေရှင်နယ်ကျောင်းတွေဟာ နှစ်ခြမ်းကွဲသွားကြတယ်၊ သရက်တော ကျောင်းတိုက် က ရဟန်းတော်တွေဟာ အသိအမှတ် အပြုမခံရတဲ့ နေရှင်နယ်ကျောင်းကို ထောက်ခံတယ်။ အဲဒါကြောင့် အသိအမှတ် အပြုခံရတဲ့ နေရှင်နယ်ကျောင်းဟာ အထက်တန်းကို ရွှေတိဂုံစေတီ အနောက်ဘက် စောင်းတန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အင်္ဂလိပ်စစ်သားတွေရဲ့ စစ်တန်းလျားတခုမှာ ဖွင့်ရတယ်၊ အဲဒီ စစ်တန်းလျားရဲ့ အနောက်ဘက်ခြမ်းမှာ ကျောင်းအိပ် ကျောင်းစားတွေနေတယ်။ မောင်နုဟာ အဲဒီမှာ ကျောင်းအိပ် ကျောင်းစား အဖြစ်နဲ့နေတယ်။ သူ့အတန်းက ဆယ်တန်း။ သူ့အသက်က တဆယ့်ခြောက်နှစ် ရှိသွားပြီ။ အဲဒီဘော်ဒါမှာ ဘော်ဒါဆရာက ဆရာတင့်ဖြစ်တယ်။ ဆရာတင့်ဟာ ကျောင်းအိပ် ကျောင်းစား တွေကို သိပ်ဂရုစိုက်တယ်။ အဲဒါကြောင့် ကျောင်းအိပ် ကျောင်းစားတွေက သူ့ကို သိပ်ချစ်တယ်။ ဒါပေမဲ့ ဆရာတင့်ဟာ သိပ်စည်းကမ်းကြီးတဲ့အတွက် စည်းကမ်း ဖောက်ဖျက်လာရင် ဘယ်သူကိုမှ ညှာလေ့မရှိဘူး ဧရာမ ကျောင်းသားကြီးတွေကိုလည်း တီးတာပဲ။ ငပုတောက ကျောင်းသားကြီး တယောက်ဟာ အသက် ၂ဝလောက်ရှိပြီ တညမှာ ခွင့်ပြုထားတဲ့အချိန်ထက် နာရီဝက်လောက် နောက်ကျပြီး ပြန်ရောက်လာတယ်။ ဆရာတင့်ဟာ အကြွေးမထားဘူး။ ဒီကျောင်းသားကို စာကြည့်ခန်းထဲက ခုံမြင့်ပေါ်မှာ မတ်တပ်အရပ်ခိုင်းပြီး ကျောင်းအိပ် ကျောင်းစားတွေ မျက်နှာ စုံညီ ရှေ့မှာ ကြိမ်လုံးနဲ့ တအား လွှဲပြီးချတာ ။ ကျောနဲ့တင်ပါးမှာ အရိုးတွေ ပြိုင်းပြိုင်းထသွားတာပဲ။ အဲဒီညက ကျောင်းသားတွေဟာ အသက်ကို ပြင်းပြင်းတောင် မရှုဝံ့ဘူး။

တနေ့ကျတော့ ဆရာတင့်ဟာ သူ့အဖေ နေမကောင်းလို့ မင်းလှကို ခဏပြန်သွားတယ်၊ လက်ထောက် ဘော်ဒါ ဆရာ ဆရာဘကျော်က ဘော်ဒါဆရာ တက်လုပ်ရတယ်။ အဲဒီညမှာပဲ ဆရာဘကျော်ဟာ တခြား ဘယ်ကျောင်းသားကိုမှ ခွင့်မပေးဘဲ သူအချော် (လူကြီးနားတွင် ကပ်၊ နေသောသူ) တယောက်ကို ဂျူဗလီ ဟောမှာ ဖိုးစိန်ပွဲကြည့်ဘို့ ခွင့်ပြုလိုက်တယ်။ ဒါကိုသိတဲ့ ကျောင်းသားတဦးဟာ မောင်နုဆီကို ပြေးလာပြီး သတင်းပေးတယ်။ မောင်နုဟာ ဆရာဘကျော်ရဲ့ အခန်းဝကို သွားပြီး၊ ငါဖိုးစိန်ပွဲ သွားမလို့ဟေ့၊ ဘယ်သူလိုက်မလဲ။ လိုက်ချင်တဲ့သူတွေ လာကြ ။ ငါခွင့်ပေးတယ်လို့ လေးငါးကြိမ်လောက် အော်တယ်။ ကျောင်းအိပ် ကျောင်းစားတွေရဲ့ ခန်းမကြီးထဲမှာလည်း သွားအော်တယ်။ သုံးခွက သိန်းမောင်တယောက်ဘဲ မောင်နုနဲ့ လိုက်ဝံ့တယ်။ တခြားဘယ်သူမှ မလိုက်ဝံကြဘူး။ မောင်နုနဲ့ သိန်းမောင်ဟာ ဖိုးစိန်ပွဲကို မကြည့် ချင်ပါဘူး။ ဆရာဘကျော်ဟာ မတရားလုပ်လို့ သက်သက် အရွဲ့တိုက်တာ။ အဲဒါကြောင့် သူတို့ နှစ်ယောက် ဟာ ဖိုးစိန်ပွဲကို မသွားပဲ ရွှေတိဂုံ စေတီတော်ကို သွားပြီးဖူးကြတယ်။ ည ၁၁ နာရီလောက်မှ ဘော်ဒါကို ပြန်လာကြတယ်။ ဒေါသ အမျက်ချောင်းချောင်း ထွက်နေတဲ့ ဆရာဘကျော်ဟာ သူတို့နှစ်ယောက် ထွက်သွားတာနဲ့ တပြိုင်နက် ကျောင်းသား စာရင်းကိုခေါ်တယ်။ ဒီကောင်နှစ်ကောင်ကိုသာ သိပ်ပြီး မဲနေတဲ့ အတွက် စာရင်းခေါ်တယ်လို့သာ ပြောရတယ်။ အကုန်ခေါ်တာမဟုတ်ဘူး။ မောင်နု၊ သိန်းမောင်ဆိုတဲ့ နံမယ် ၂ ခုထဲကိုသာ ခေါ်၊ သူတို့မရှိဘူးလို့ စာရေးမှတ်ထား လိုက်ပြီး ကျောင်းသားတွေကို သူတို့ရဲ့ အခန်း ပြန်လွှတ်လိုက်တယ်။ ဆရာဘကျော်ဟာ နောက်တနေ့ မနက်ကျရင် သူတို့ နှစ်ယောက်ကိုခေါ်မယ်။ အဲဒီလိုခေါ်ပြီး သူတို့ကိုခေါ်ရင် ဘာဖြစ်လို့ ဆရာ မတရား လုပ်ရသလဲလို့ သူတို့ ပြန်ပြောမယ်။ ဆရာက သူတို့ကို အကြမ်းကိုင်ရင် သိန်းမောင်က ဆရာဘကျော်ရဲ့ ခေါင်းကို ဒုတ်နဲ့ရိုက်ရမယ်။ မောင်နုက မျက်နှာ ကို လက်သီးနဲ့ထိုးရမယ်၊ ပြီးတော့မှ အာဏာပိုင်တွေက သူတို့ကို ကျောင်းက မထုတ်ခင် သူတို့က အရင် ထွက်မယ်။ အဲဒီလို တိုင်ပင်ထားတယ်။ ဒါပေမဲ့ နောက်တနေ့မှာ ဆရာဘကျော်ဟာ သူတို့နှစ်ယောက်ကို မခေါ်ဘူး။ နောက်တနေ့မှာလည်း မခေါ်ဘူး။ အဲဒါကြောင့် ဒီဆရာဟာ သူတို့ကို မခေါ်ရဲပါဘူး ဆိုပြီး သူတို့ နှစ်ဦး စိတ်လျော့လိုက်ကြတယ်၊ နောက် ၃ရက်လောက် ကြာတော့ ဆရာတင့်ဟာ မင်းလှက ပြန်ရောက် လာတယ်။ ညနေ ထမင်းစားပြီးချိန် လောက်ကြတော့ မောင်နုနဲ့ သိန်းမောင်တို့ဟာ စစ်တန်းလျားရဲ့ အရှေ့ မြောက်ဒေါင့်က ဝရန်တာမှာ စကားထိုင်ပြောနေတုန်း။ ဟိုတနေ့ညက ဖိုးစိန်ပွဲကို သွားခွင့်ရတဲ့ ဆရာဘကျော်ရဲ့ အချော်ဟာ ဆရာတင့်က ခေါ်နေတယ်လို့။ မောင်နုနဲ့ သိန်းမောင်တို့ကို အကြောင်းကြား တယ်။ မလာဘူးလို့ မောင်နုက စကားပြန်တယ်။ ဒီအချော်ဟာ လှည့်ထွက်သွားပြီး ဆယ်မိနစ်လောက် ကြာတော့ အခါတခေါက် ရောက်လာပြန်တယ်။ မင်းတို့ကို ဆရာတင့် သိပ်စိတ်ဆိုးနေတယ်။

မင်းတို့နှစ်ယော်က ငါနဲ့ အခု လိုက်ခဲ့ပါလို့ အဲဒီ အချော်က ထပ်ပြောတယ်။ မလိုက်ဘူး။ သွား။ နောက်တခါ ထပ်လာရင် မင်းကို ပါးရိုက်မယ်လို့ မောင်နုက စကားပြန်တယ်။ အဲဒါနဲ့ အချော်လည်း လှည့်ထွက်သွား ပြန်တယ်။ နောက် ၁၅မိနစ်လောက် ရှိတဲ့အခါ ကိုမောင်ကလေးဆိုတဲ့ ကျောင်းသားကြီး တယောက် ရောက်လာပြီး မောင်နုနဲ့သိန်းမောင်ရေ ဆရာတင့်ဆီ သွားလိုက်ကြပါကွာ။ ဟိုကြတော့ ဆရာဘကျော် မတရားတာတွေကို ရှင်းပြလိုက်ပေါ့လို့ ပြောတယ်။ ကိုမောင်ကလေးဟာ သူတို့နဲ့ ခင်နေကြတဲ့အတွက် သူတို့လည်း ဆက်ပြီး မငြင်းဆန်တော့ဘူး၊ ဆရာတင့် အခန်းထဲကို မောင်နုကရှေ့က။ သိန်းမောင်က နောက်က ဝင်သွားကြတယ်။ သိန်းမောင်ကတော့ သူတာဝန်ယူထားတဲ့ ကိစ္စကို လိုရင် အဆင်သင့် ဆောင်ရွက်ဘို့အတွက် သူ့လုံချည်ထဲမှာ ဝရန်တာက ပြုတ်ကျနေတဲ့ သစ်သားချောင်းကို ဝှက်ပြီး ယူသွားတယ်။ ဆရာတင့်ဟာ မျက်နှာကြီးတင်းပြီး အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတယ်၊ အခန်းရဲ့ တနေရာမှာ ထားဝယ်ကြိမ်လုံးကြီးကို ထောင်ထားတာ အထင်းသား မြင်နေရတယ်၊ မောင်နုဟို နေ့က မင်းဘယ်သွားလဲ။ ဖိုးစိန်ပွဲ။ သိန်းမောင် ဗျာ။ မင်းကောပါသလား။ ပါတယ်။ မင်းတို့ခွင့်ရသလား။ မရဘူး။ မင်းတို့ အပြစ်ရှိသလား။ မရှိဘူး။ ဘာဖြစ်လို့ မရှိသလဲ။ ဆရာဘကျော်ရဲ့ တပည့်ဟာ ဖိုးစိန်ပွဲကို သွားနိုင်တယ်ဆိုရင် တခြားကျောင်းသားတွေလည်း သွားနိုင်ရမယ်။ ဆရာဘကျော်ကို ဆွဲသွင်းမလာနဲ့။ ဆရာဘကျော်မှာ အပြစ်ရှိရင် သူ့ကို တခြားသပ်သပ် အပြစ်ပေးရမယ်။ မင်းတို့ရဲ့ ကိစ္စသာမင်းတို့ ဖြေ။ မင်း တို့မှာ အပြစ်ရှိသလား။ မရှိဘူး။ ဘယ်ကျောင်းသားမဆို အခွင့်မရပဲ ပွဲထွက်ကြည့်တယ် ဆိုရင် အပြစ် ရှိတယ်။ မင်းတို့ အရိုက်ခံရမယ်။ ကျွန်တော်တို့ အရိုက်မခံဘူး။ မင်းတို့ကို မရိုက်ရအောင် မင်းတို့က ရွှေမှုန်စားပြီး မွေးထားတာလား။ ကျွန်တော်တို့ကို ရွှေမှုန်စားပြီး မွေးထားတယ်လို့ ကျွန်တော်တို့ တခါမျှ မပြောဘူးဘူး။ ဒါပေမဲ့ အရိုက်တော့ ဘယ်နည်းနဲ့မှ မခံဘူး။ ဆရာဘကျော် မတရားတာလုပ်တယ် ဆိုရင် ငါပြန်လာအောင် စောင့်ပြီး ငါ့ကို မင်းတို့တိုင်ပါလား။ ဆရာဘကျော်ကို အရေးမယူရင် ငါ့အဆိုးပေါ့။ အခုတော့ မင်းတို့က ဒီလိုအရွဲ့တိုက်တာ ကောင်းသလား။ မောင်နုလည်းဘာမှ ပြန်မပြောဘူး။ ခပ်တည် တည် ရပ်ကြည့်နေတယ်။ အတော်လေးကြာတဲ့အခါ ဆရာတင့်က သွားကြ။ သွားကြ။ ဒါဟာ နောက်ဆုံးပဲ။ နောက်တခါ ဒါမျိုးဖြစ်ရင် မင်းတို့နဲ့ ငါနဲ့တွေ့မယ်လို့ မောင်နုနဲ့ သိန်းမောင်ကို ကြိမ်းမောင်းလွှတ်လိုက်တယ်။ နောက်တခုကတော့ အတော်ရယ်စရာ ကောင်းတယ်။ အဲဒီအဖြစ်အပျက်ကို သတိရတိုင်း သူမှားလေခြင်း လို့ တွေးမိပြီး မောင်နုဟာ နောင်တရနေတယ်။ ၁၉၂၄ခုနှစ်မှာ မေးခွန်းတွေ ပေါက်ကြားတဲ့အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းပစ်ရတယ်။ အဲဒီလို ရွှေ့ဆိုင်းပြီးတဲ့ နောက် စာမေးပွဲ လုပ်ရင် ဖြေဘို့ မောင်နုဟာ ကျောင်းမှာ အသင့်စောင့်နေရတယ်။ ဆယ်တန်းမှာ မောင်နုဟာ သုံးနေရာ ပြောင်းခဲ့ရတယ်။ ရှေးဦးစွာ ရွှေတိဂုံစေတီတော်နားက အင်္ဂလိပ်စစ်သား စစ်တန်းလျားကို ပြောင်းရတယ်။

ခြောက်လကြာတဲ့အခါ အဲဒီနေရာက ပြည်လမ်း ဂေါ်ရခါး စစ်တန်းလျားကို ပြောင်းရတယ်။ စာမေးပွဲ နှစ်ကြိမ် ရွှေ့ပြီးနောက်တကြိမ်အတွက် စောင့်ရတဲ့အခါ ပြည်လမ်း ဂေါ်ရခါး စစ်တန်းလျားကနံပါတ်၁ ဗွိုင်းလမ်း အဆောက်အဦးကို ပြောင်းရတယ်။ အဲဒီ နံပါတ်၁ ဗွိုင်းလမ်း ကို ပြောင်းတဲ့အချိန်မှာ ၁၉၂၄ခုနှစ် အတွက် ကျောင်းတောင် ပြန်ဖွင့်နေပြီ။ ကျောင်းသားအသစ်တွေလည်း ရောက်လာ ကုန်ကြပြီ။ အဲဒီကျောင်းသား အသစ်တွေ ထဲမှာ မော်လမြိုင်က ကျောင်းသား တဦးပါလာတယ်။ သူဟာ တရုပ်ကပြား၊ မောင်နုဟာ အဲဒီအချိန်မှာ ကျောင်းအိပ် ကျောင်စားသာဖြစ်တယ်။ ကျောင်းသားမဟုတ်တော့တဲ့ အတွက် အဲဒီ ကျောင်းသားအသစ်နဲ့ မသိကြသေးဘူး။ တနေ့တော့ သူငယ်ချင်းတယောက်ဟာ မောင်နုဆီကိုလာပြီး မောင်နုရယ် ဒီကောင်ကြီးဟာ သိပ်အစားကြီးတယ်။ သူများတွေ အားလုံး စားပြီးတာတောင် သူမပြီး သေးဘူး။ တခြားခုံတွေမှာ ကျန်နေတဲ့ ထမင်းတွေ ဟင်းတွေကို သူ့ခုံကို ရွှေ့ပြီး အကုန်တုပ်ပစ်တာပဲ။ အဲဒါကြောင့် သူရောက်လာမှ တံမြက်စည်း လှည်းသမားတွေ ထမင်းဝအောင် မစားကြရတော့ဘူးလို့ ပြောပြတယ်။ တံမြက်စီးလှဲသမားတွေ ကို ဒီလို အနိုင်ကျင့်ရပါ့မလား ဆိုပြီး မောင်နု ဟာ ဒီကောင်ကြီးကို ထိုးဖို့ ချက်ခြင်း ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ထိုးရမှာမလွယ်ဘူး။ ဒီကောင်ကြီးက သိပ်ကြီးတယ်။ အဲဒါကြောင့် မောင်နုဟာ ကျောင်းသားတွေ အိပ်တဲ့ အခန်းဝရှေ့မှာ စားပွဲခုံတခု ရွှေ့ထားပြီး အဲဒီ စားပွဲခုံပေါ်မှာ တက်ရပ်နေတယ်။ ဒီကောင်ကြီးဝင်လာတာနဲ့ တပြိုင်နက် မောင်နုဟာ အဲဒီစားပွဲခုံပေါ်ကနေ ဆီးပြီးကန်တာပါပဲ။ မောင်နုရဲ့ သူငယ်ချင်း မောင်ဟန်ဆိုသူကလည်း ဒီကောင်ကြီးကို ဘေးက ဝင်ထိုး လိုက်သေးတယ်။ ဘေးကကျောင်းသားတွေ ပြေးလာပြီး ဝိုင်းဖျင်ကြတယ်။ ပြီးတော့မှ ဒီလို ရှင်းပြကြတယ်။ ဒီကောင်ကြီးဟာ အစားကြီးတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သိပ်သဘောကောင်းတယ်။ ကျောင်းဝင်တဲ့ နေ့ကစပြီး သူဟာ အစားကြီးတယ်။ ထမင်းဝဝ စားပါရစေ။ နှစ်ယောက်စာအတွက် ထမင်းလခ ပေးပါ့မယ်လို့ ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ ဆရာကြီးက ဝအောင်စားနိုင်တယ်။ နှစ်ယောက်စာ ပေးဘို့မလိုဘူး။ လို့ခွင့်ပြုထားတဲ့အတွက် အခုလိုစား နေတာဖြစ်တယ်။ တံမြက်စီးလှဲ သမားတွေ ထမင်း မဝ ဆိုတာလည်းမမှန်၊ တံမြက်စီးလှဲသမားတွေ စားပြီးတဲ့နောက် ထမင်းကျန်ဟင်းကျန် တွေ မြူနီစပါယ် အမှိုက်ပုံးထဲကို အများကြီး သွန်ပစ်ရသေးတယ်လို့ ကျောင်းသားတွေက ရှင်းပြကြတယ်။ အဲဒါတွေကို ကြားပြီးတဲ့အခါ။ မောင်နုဟာ ရှက်လည်းရှက်နေတယ်။ သူတော်ကောင်း တယောက်ကို စော်ကား မိလေခြင်း လို့နောင်တရပြီးတော့လည်း ငိုချင်သလိုလို ဖြစ်နေတယ်။ နောက်တနေ့ ဆရာကြီး ဦးဘလွင်က မောင်နုနဲ့ အဲဒီသူငယ်ကို ရုံးခန်းထဲခေါ်ပြီး မောင်နု-မင်းသူ့ကို ကန်တယ်လို့ ငါကြားတယ်။ ဟုတ်သလားလို့ မေးတယ်။ ဟုတ်ပါတယ် ဆရာကြီး။ ကျနော်ကန်ပါတယ်။ အဲဒီအတွက် ကျွန်တော် အများကြီး ဝမ်းနည်းပါတယ်။ ကျွန်တော်ကို ဆရာကြီး ကြိုက်သလို ဆုံးမပါ။ ဆရာကြီး ဦးဘလွင်ဟာ မောင်နုရဲ့ တင်ပါးကို ငါးချက်ရိုက်ပြီး လွှတ်လိုက်တယ်။

အဲဒီအရွယ်တုန်းက တနေ့မှာ သူ့အဖေ ကိုစံထွန်းနဲ့ ဖြစ်ကြတဲ့ အဖြစ်အပျက်ဟာ ပိုပြီးတောင် ရယ်စရာ ကောင်းသေးတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ နည်းနည်းလောက် ဖေါ်ပြသင့်တယ်။ ကိုစံထွန်း မန္တလေး ကပြန်လာတဲ့အခါ ရွက်လှပင် ပါလာတယ်။ ဒီအပင်ကို သူသိပ်မြတ်နိုးတယ်။ အဲဒါကြောင့် ဒီအပင်ကို တခြား သစ်ပင်တွေနဲ့ ရောမထားဘူး။ သီးသန့် စင်ကလေးတခုပေါ်မှာ ပန်းအိုးကို တင်ထားတယ်။ ရေလောင်းတဲ့ အခါမှာလည်း တခြားသစ်ပင်တွေနဲ့ အတူတူ ရောမလောင်းဘူး။ ဒီရွက်လှပင်ကို လောင်းဘို့က ရေအိုးတခု ထားရတယ်။ ရေလောင်းတဲ့ အခါမှာလည်း သူများကို အလောင်းမခိုင်းဘူး။ သူကိုယ်တိုင် ငွေခွက်နဲ့ လောင်းတယ်။ ကိုစံထွန်းဟာ အဲဒီလောက် မြတ်နိုးနေတဲ့ သစ်ပင်ပေါ်ကို တနေ့ကြတော့ မောင်နုဟာ သူ့ ပါးစပ်မှာ ငုံထားတဲ့ ရေနဲ့ အမှတ်တမဲ့ ထွေးချလိုက်တယ်။ ကိုစံထွန်းဟာ အနားမှာ ရှိနေတဲ့အတွက် သူ့ရင်ဘတ်ကို ဘုတ်ကနဲ မြည်အောင်ထုပြီး ဒီကောင်ဟာ သိပ်မိုက်တဲ့ အကောင်ဘဲလို့ မောင်နုကို ဟောက်လိုက်တယ်။ မောင်နုဟာ ပထမအကြိမ်တုန်းကတော့ အမှတ်တမဲ့ ထွေးချလိုက်တာပါဘဲ။ ဒါပေမဲ့ သူအဖေဟာ သူ့ကို ငေါက်ပြီးတဲ့ အခါကျတော့ မောင်နုဟာ နောက်ထပ် ရေတွေ အများကြီးငုံလာပြီး တမင်သက်သက် အဲဒီ ရွက်လှပင်ပေါ်မှာ အကုန်ထွေးချ လိုက်ပြန်တယ်။ ကိုစံထွန်းလဲ နောက်ထပ်ဘာမှ မပြောတော့ဘူး။ ငိုမဲ့မဲ့ မျက်နှာကလေးနဲ့ သူ့ရွက်လှပင် ပေါ်က မောင်နုထွေးချလိုက်တဲ့ ရေတွေ စင်သွားအောင် သူ့ဟာသူ ဆေးပစ်နေတယ်။ အဲဒီတော့မှ မောင်နုဟာ အများကြီးနောင်တရပြီး သူ့အဖေရဲ့ ခါးကို သွားဖက်တယ်။ ချော့တဲ့အနေနဲ့ သူ့အဖေရဲ့ ခါးကို ဟိုရမ်းဒီရမ်း ရမ်းတယ်။ တအောင့်လောက် ကြာတဲ့အခါ မောင်နုဟာ သူ့အဖေခါးကို ဖက်ပြီး အိမ်ထဲ ဆွဲသွင်းသွားတယ်၊ အိမ်ထဲရောက်တာနဲ့ တပြိုင် နက် သူတို့သားအဖ ကစားနေကြအတိုင်း နပမ်းလုံးကြတယ်။ နှစ်ယောက်စလုံး ချွေးဖြိုင်ဖြိုင် ထွက်ပြီး ခြေကုန် လက်ပမ်းကျတော့ မှပဲ အဲဒီ နပမ်းလုံးတဲ့နေရာမှာ တယောက်ကို တယောက်ဖက်ပြီး အိပ်ပျော် နေကြတယ်။

(ဂ) နှလုံးဟာ ဦးနှောက်ထက် ပိုကြီးတဲ့သူတွေ ဖြစ်တတ်တဲ့ စိတ်ရောဂါ တခုဟာ ငုပ်လျှိုးနေရာကနေ မောင်နု ဆယ်တန်းကို ရောက်စအချိန်မှာ ဗျုံးကနဲ ပေါ်လာတယ်။ တနေ့မှာ မောင်နုဟာ ဘာကိစ္စနဲ့ မှန်း မသိဘူး။ ရန်ကုန်က ဝါးခယ်မကို ပြန်လာတယ်။ သင်္ဘောပေါ်မှာ အိပ်ပျော်နေတုန်း ဝါးခယ်မက ဒေါ်အိမ်ငြိမ်းရဲ့ သမီး မဧကျော် နဲ့ လက်ထပ်ရတယ်လို့ အိပ်မက်မက်တယ်။ မောင်နုဟာ မဧကျော်ကို မြင်ရုံ သာမြင်ဘူးတယ်။ တခါမျ စကားမပြောဖူးဘူး။ ပိုးလည်း မပိုးဖူးဘူး။ သူကိုသာ မဟုတ်ဘူး။ အဲဒီ အချိန်အထိ မောင်နုဟာ ဘယ်မိန်းကလေးကိုမှ ချစ်လည်း မချစ်ဘူး။ ပိုးလည်းမပိုးဘူး။ ဒါပေမဲ့ အိပ်ယာက နိုးလာတဲ့ အခါ သူ့မျက်စိထဲမှာ အိပ်မက်ထဲက အဖြစ်အပျက်ကိုမြင်ပြီး သူရင်ထဲမျာ ဧကနဲ၊ ဧကနဲ ဖြစ်သွားတဲ့ အတွက် သူဟာ မဧကျော်ကို စွဲလမ်းနေပြီဆိုတာ သိလာတယ်။ မောင်နုဟာ ထူးထူးထွေထွေ လေးလေးနက်နက် စဉ်းစားမနေဘူး။ ရန်ကုန်ု မပြန်ခင် မဧကျော်ကို ချစ်တဲ့အကြောင်း စာတစောင်ရေးပြီး စာတိုက်က ထဲ့လိုက်တာဘဲ။ ရန်ကုန်ကို သူပြန်ရောက်ပြီး တနင်္ဂနွေ တပတ်လောက်ကြာရင် မဧကျော်ဆီက ပြန်စာ လာလိမ့်မယ်လို့ သူမျှော်လင့်တယ်။ ဒါပေမဲ့ တနင်္ဂနွေ တပတ် ကြာလည်းမလာ။ သုံးလေးပတ် ကြာလည်း မလာတဲ့အခါ၊ မောင်နုဟာ စာတစောင်ထပ်ရေးပြီး စာတိုက်က ပို့လိုက်ပြန်တယ်။ မောင်နုဟာ စိတ်မပျက်တဲ့ အပြင်။ သီတင်းကျွတ်လ၊ ကျောင်းပိတ်လို့ ဝါးခယ်မကို ပြန်ရင် မဧကျော်တို့ အိမ်ရှေ့မှာ အော်ဟစ်ပြီး ဆိုဘို့အတွက် သူငယ်ချင်း တယောက်ဆီက သူအင်မတန်ကြိုက်တဲ့ ဦးဖိုးစိန် ဆိုတဲ့ 'လင်မောင်စိန်ချိုသာတဲ စကားရယ်နဲ့' အစချီတဲ့ သီချင်းကိုတောင် ကြိုးစားပမ်းစား အလွတ်ကျက်လိုက်သေးတယ်။ မောင်နုဟာ ကျောင်းပိတ်ရက်အတွင်း ဝါးခယ်မမှာ ရှိတုန်း သူဆောင်ရွက်ရမဲ့ ဝတ္တရားမပျက်ဘူး။ သူငယ်ချင်း မောင်ဟန် နဲ့အတူ လင်မောင်စိန်ချိုသာတဲ့ စကားရယ်နဲ့ ဆိုတဲ့သီချင်းကို မဧကျော်တို့ အိမ်ရှေ့မှာ ညတိုင်း အချိန်မှန်မှန် လေးငါး ခြောက်ခေါက်လောက် ခေါက်တုန့်ခေါက်ပြန် လျှောက်ပြီး အသံကုန် ဟစ်ဆိုတာပဲ။ ကျောင်းဖွင့်လို့ ရန်ကုန်ပြန်ရောက်ပြီး သုံးလေးရက်လောက် ကြာတော့ ခပ်လွမ်းလွမ်းနဲ့ မဧကျော်ဆီကို နောက်ထပ် စာတစောင် ရေးမယ်လုပ်နေတုန်း ဘော်ဒါဆောင်မှာ မောင်နုနဲ့ အတူနေတဲ့ မောင်ဝမ်းကွဲ တယောက် မောင်နုဆီကို ရောက်လာတယ်။ အဲဒီ မောင်ဝမ်းကွဲက မောင်နုရေ၊ ဟောဒီမှာ မဧကျော်ဆီက စာ ဖတ်ကြည့်ပါဦး လို့ပြောပြီး မောင်နုကို သူ့လက်ထဲမှာ ကိုင်ထားတဲ့စာ လှမ်းပေးတယ်။ မဧကျော်ဆီက ပြန်စာရပြီဆိုပြီး မောင်နုဟာ သိပ်ဝမ်းသာသွားတယ်။ စာကိုကဗျာကယာ ဖတ်ကြည့်တဲ့အခါ မဧကျော်က သူ့ဆီကို ရေးတဲ့စားမဟုတ်ဘူး။ သူ့မောင်ဝမ်းကွဲဆီ ရေးတဲ့စာ ဖြစ်နေတာကို တွေ့ရတဲ့အတွက် မောင်နုရဲ့ ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားတယ်။ စာကို ဖတ်ကြည့်တဲ့အခါ မောင်နု သူ့ဆီကို စာခဏခဏ ရေးတယ်။ မရေးဘို့ ပြောပေးပါ။ လူကြီးတွေသိသွားရင် မကောင်းဘူး။ သူလည်း လူတယောက်နဲ့ စေ့စပ်ပြီးဖြစ်နေ တယ်။ မကြာမီ လက်ထပ်တော့မယ် ဆိုတာကို တွေ့ရတယ်။ စာဖတ်ပြီးတဲ့အခါ မောင်နုဟာ အဲဒီ မောင်ဝမ်းကွဲကို ပြုံးကြည့်ပြီး ငါနောက်တီးနောက်တောက် လုပ်တာမဟုတ်ဘူး၊ သိပ်ချစ်လို့ ရေးတာပဲ။ ဒါပေမဲ့ သူ့စာထဲက အတိုင်းဆိုရင် ငါရေးမိတာ မှားသွားပြီ။ အများကြီး တောင်းပန်တဲ့အကြောင်း မဧကျော်ကို ပြောပြလိုက်ပါကွာ၊ နောက်ထပ် ငါမရေးတော့ဘူး။ အဲဒါကိုလည်း ဆက်ဆက်ပြောပြ လိုက်ပါလို့ မောင်နုက ပြောလိုက်တယ်။ သူ့တသက်မှာ ဦးဦးဖျားဖျား ချစ်မိလို့ သူ့အချစ်ဦး ဖြစ်နေတဲ့ မဧကျော်ကို မရတဲ့အတွက် မောင်နုဟာ အတော်ဆွေးတယ်။ ဒါပေမဲ့ အချစ်ပြဿနာမှာ ကိုယ်ချစ်ယုံနဲ့ မပြီးဘူး။ သူကလည်း ချစ်ဦးမှ ပြီးတယ်ဆိုတဲ့ သဘောတရားကို မောင်နုဟာ ကြိုတင်ပြီး သိနေတဲ့အတွက် သူ့စိတ်ကို ဖြေနိုင်တယ်။ အဲဒါကြောင့် မဧကျော်ရဲ့ မောင်ဝမ်းကွဲ ထွက်သွားတဲ့အခါ မောင်နုဟာ အိပ်ယာ ပေါ်မှာ လှဲပြီး မဧကျော်ရဲ့ အိမ်ရှေ့မှ ခြေအေး ဝမ်းယောင်၊ ခွေးဟောင်ပြန်ပြေး အဖြစ်နဲ့ အကြိမ်ပေါင်း များစွာ အသံကုန်ဟစ်ခဲ့ဘူးတဲ့ လင်မောင်စိန်ချိုသာတဲ့ စကားရယ်နဲ့ ဆိုတဲ့ နှစ်ပါးသွား သီချင်းကလေးကို တယောက်ထဲ မတိုးမကျယ် သီဆိုနေတယ်။ နှလုံးဟာ ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုရဲ့ ရောဂါဟာ အဲဒါလောက် ထရုံနဲ့ မပြီးသေးဘူး။ နောက်ထပ်ပြီး အများကြီး ထစရာရှိသေးတယ်။ နောက်တခန်း တွေရောက်မှ ပဲ သက်ဆိုင်သလို ကြည့်ပြီး ဖေါ်ပြသွားပါ့မယ်။

(ဃ) မောင်နုဟာ စာဘက်မှာ ညံ့တယ်။ ကျောင်းကစစ်တဲ့ စာမေးပွဲတွေဟာ အဲဒီအချိန်တုန်းကတော့ တင်းတင်းကြပ်ကြပ် မရှိလှသေးဘူး။ အဲဒီတော့ အဲဒီလျော့ရဲရဲ ကျောင်းစာမေးပွဲတွေ မှာ အောင်ဘို့ မောင်နု အတွက် အခက်အခဲ မရှိလှဘူး။ ဆယ်တန်း စာမေးပွဲကတော့ အစိုးရစစ်တဲ့ စာမေးပွဲ ဖြစ်နေပြီ။ အဲဒါကြောင့် ဒီစာမေးပွဲမှာ အောင်ဘို့ မောင်နု အတွက်ခက်တယ်။ တတန်းတည်းသားချင်း မောင်နုရဲ့ သူငယ်ချင်းတွေ ကလည်း မောင်နုဟာ ဆယ်တန်းမှာ မအောင်နိုင်ဘူးလို့ သြဘာပေးကြတယ်။ ဆယ်တန်းပြ ဆရာတွေ ကလည်း ဒီလိုပဲနိမိတ် ဖတ်ကြတယ်။ မောင်နုကိုယ်တိုင်လည်း အတန်းသားတွေ သူ့ဆရာတွေ နိမိတ် ဖတ်တဲ့အတိုင်း သြဘာပေးတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့ မမှိတ်မသုံ ယုံကြည်နေတယ်။ ဒါပေမဲ့ မောင်နုမှာ အထက်တန်း ပညာတွေ ဆက်သင်ဘို့ ဒီပညာတွေကို သင်ပြီးတဲ့နောက် ဘယ်အလုပ်ကြီး အကိုင်ကြီး တွေကို လုပ်ဘို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ၊ စိတ်ကူးတွေ ဆန္ဒတွေ ဘာမှ မရှိ သေးတဲ့အတွက် ဆယ်တန်း စာမေးပွဲမှာ အောင်တာ၊ ကျတာတွေကို သူသိပ်စိတ်မဝင်စားဘူး။ စာမေးပွဲကျရင် ဘာအရေးကြီးသလည်း။ ကျောင်းကထွက်ပြီး အိမ်ပြန်မှာပေါ့လို့သာ သူစိတ်ကူးထားတယ်။ ၁၉၂၄ ခုနှစ်ဇန်နဝါရီ အလယ်လောက်ကို ရောက်တဲ့အခါ အစမ်းစာမေးပွဲတခု ကျင်းပတယ်။ ဒီစာမေးပွဲမှာ အောင်တဲ့ ကျောင်းသားတွေကိုသာ မတ်လ စာမေးပွဲကြီးမှာ ဖြေဆိုဘို့ စာရင်းသွင်းမယ်။ အဲဒီ စာမေးပွဲရဲ့ အောင်စာရင်းကို မကြေညာခင် တရက်မှာ ဆယ်တန်း ကျောင်းသားတွေကို ခေါ်ပြီး မင်းတို့မနက်ဖြန်ခါ စာမေးပွဲဝင်ခ ၁၂ကျပ်စီ ယူခဲ့ကြ၊ အောင်တဲ့ လူတွေ ၁၂ကျပ်စီ ပေးပြီး စာမေးပွဲအတွက် လျှောက်လွှာသွင်းရမယ်။ ကျတဲလူတွေကိုယ့် ငွေကိုယ်ယူပြီး အိမ်ပြန်ကြလို့ ဆရာကြီးက ကျေညာတယ်။ ဆရာတယောက်က တိတ်တိတ်ပြောလို့ သူကျတယ်ဆိုတာ မောင်နု သိပြီးနေပြီ။ ဒါပေမဲ့ အဲဒီနေ့ ညနေဘက် ရောက်တော့ ဆရာတွေက ဆရာကြီးကို ဝိုင်းပြီး တိုက်တွန်းတဲ့အတွက် ဆယ်တန်းကျောင်းသားအားလုံး စာမေးပွဲဝင်ခွင့် ပြုလိုက်တယ်။ ဆယ်တန်း စာမေးပွဲကြီးအတွက် အောင်စာရင်း ထွက်လာတဲ့အခါ အစမ်းစာမေးပွဲမှာ ကျတဲ ကျောင်းသားတွေထဲက မောင်နုနဲ့ မော်လမြိုင်က ကျော်စိန်တို့ရဲ့ နံမယ်တွေ ပါလာတယ်။ ကျော်စိန်က (က) တန်းက အောင်တယ်။ မောင်နုက (ခ) တန်းက အောင်တယ်။ အဲဒီအစမ်း စာမေးပွဲမှာ ပထမရတဲ့ ငသိုင်းချောင်းက မောင်သိန်း ဆိုတဲ့ ကျောင်းသား ကျကျန်နေရစ်တယ်။

Read More...