ကျနော်တို့ နိုင်ငံနှင့် ဒီမိုကရေစီ

ဒီမိုကရေစီဆိုတာ နိုင်ငံတိုင်းလူမျိုးတိုင်းနဲ့ထိုက်တန်တဲ့ စနစ်တစ်ခုလို့ပဲထင်တယ် အာဏာရှင် စနစ်ထက် အပုံကြီးကွာတယ်။ တစ်ချို့က မင်းတို့မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ဆိုချင်ကြတယ်။ လူတွေရဲ့အကျင့်ဆိုးတွေကို ကြည့်ပြီးပြောတာ ထင်ပါရဲ့ တစ်စိတ် တစ်ပိုင်းတော့မှန်နိုင်မယ်။ ဒါပေမယ့် ပြင်လို့မရတော့တဲ့အရာတော့ မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်ရဲ့အောက်မှာ တို့လူမျိုးတွေရဲ့ ခန္ဓာ၊ အသွေးအသား၊ စာရိတ္တတွေ၊ ပျက်ပြားကုန်တာ အားလုံးအသိပါလေ။ ဗုဒ္ဓသာသနာထွန်းကားပြီး တိုင်းရင်းသားအစုံအလင်နဲ့ ချစ်စဖွယ် ဓလေ့ရိုးရာများပြားလေတော့ လွတ်လပ်ပြီး တရားမျှတတဲ့ စနစ်ကောင်းလေးတစ်ခုရှိရင် ပျော်စရာ ကောင်းတဲ့နိုင်ငံ၊ နေချင်စဖွယ်နိုင်ငံ၊ နိုင်ငံတကာက အားကျတဲ့နိုင်ငံဖြစ်မှာမလွဲဘူး။ တစ်ချို့ ဆန့်ကျင်ဘက် မြန်မာဘလော့ဂါ တွေရဲ့ပို့စ်တွေမှာ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ ဖောက်ပြန်မှုတွေကို လက်ညိုးထိုးပြကြတယ်။ တွေ့လားပေါ့ မင်းတို့ အထင်ကြီး နေတဲ့ ဒီမိုကရေစီစနစ်ဆိုတာ ဆိုပြီးပေါ့။ ကွန်ပြူတာစကားနဲ့ ပြောရရင် နိုင်ငံကြီးတွေမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်တွေကို Select All / Copy / Paste လုပ်မှာမဟုတ်ဘူးဆိုတာပါပဲ။ ကိုယ့်နိုင်ငံရဲ့ ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှု၊ အစဉ်အလာတွေကို ထိမ်းသိမ်းပြီး ကိုက်ညီနိုင်မယ့် ပုံစံကို ခွဲခြမ်းစိပ်ဖြာပြီး သုံးသပ်နိုင်စွမ်း တို့နိုင်ငံမှာရှိပါတယ်။ တိုတောင်းလှတဲ့ အချိန်လေးတွင်းမှာ ရေးဆွဲခဲ့တဲ့ ၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပဲကြည့်တော့ ဘယ်လောက်တော်သလဲဆိုတာ။ စစ်တပ်က အာဏာရယူထားတဲ့ နှစ် ၅၀ လောက်အတွင်း ငါ့အာဏာအဓွန့်ရှည်ရေး၊ ငါ့ဆွေမျိုးကောင်းစားရေး ဆိုတဲ့ စနစ်ဆိုးအောက်မှာ ဦးနှောက်ဖောက်စားခံရပြီး အမှောင်တိုက် အောက် ရောက်နေတဲ့ဘ၀မှာ ကမ်းမမြင်လမ်းမမြင် စိတ်ဓတ်ယိုယွင်းပျက်စီး ခဲ့ကြတာ အပြစ်လို့ မဆိုသာ။ မြန်မာပြည်သားတွေ နိုင်ငံခြားတွေကိုရောက်ရင် အထင်မကြီးကြဘူး ဈေးပေါတယ်။ ဥရောပသား၊ အနောက်တိုင်းသား၊ ကိုယ့်နိုင်ငံကို ရောက်ရင် လူတချို့ကငေးကြည့်ကြတယ် လူတချို့ကအနောက်က တကောက်ကောက်လိုက်ကြတယ်။ သူတို့ကို တိုးရစ်လို့ခေါ်ကြတယ်။ မြန်မာပြည်သား တွေလဲ လူပဲ ကမ္ဘာပတ်မယ် အင်္ဂလန်သားတစ်ယောက်ကို ဂိုက်ငှားမယ်၊ အမေရိကန် တစ်ယောက်ကို အထုတ်ထမ်းခိုင်းမယ် ဖြစ်တာပဲ။ သူတို့က အင်္ဂါဂြိုဟ်က လာတာ မို့လား။ အဲဒါ ရိုးရာလိုလို ယဉ်ကျေးမှုလိုလို ဓလေ့လိုလို စတာတွေနဲ့ ဖုံးဖိပြီး တို့လူမျိုးတွေကို သိမ်ငယ်စိတ်ဝင်အောင်၊ ကြောက်တတ်အောင်၊ ဦးနှောက်ဖောက်စား အမှောင်တိုက်သွင်းခဲ့တဲ့ အာဏာရှင်တို့ရဲ့ စနက်ကြောင့်ပဲဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ဖြစ်နိုင်မယ်ဆိုရင်လေ ဒီမိုကရေစီ စနစ်ဆိုတာကို မရသေးရင်လဲနေပါစေလေ လောလောဆယ် ဒီ အာဏာရှင်စနစ်ကြီးကိုတော့ မမြင်ချင် မတွေ့ချင်လောက်အောင် မုန်းတီးလှပါပြီ။

Read More...

တာတေစနေသား အခန်း(၅) ဦးနု

၁၉၂၅ ခုနှစ်မှာ မောင်နုဟာ ခ တန်းနဲ့ အိုင်အေ အောက်တန်းစာမေးပွဲကို တနှစ်ထဲနဲ့ အောင်ပြီး အထက် တန်းကို တက်ရတယ်။ သူ့အသက်ဟာ အဲဒီအခါမှာ ၁၈နှစ်ရှိသွားပြီ။ ကောလိပ်ကျောင်းကို ဇွန်လ အစ လောက်မှာ ပြန်ဖွင့်တယ်။ နဲနဲပါးပါး လည်ပတ်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မောင်နုနဲ့ သူ့သူငယ်ချင်း ကိုထွန်းတင် တို့ဟာ ကျောင်းမဖွင့်ခင် တနင်္ဂနွေ တပတ်လောက်ကြိုပြီး ရန်ကုန်ကိုလာကြတယ်။ ကိုထွန်းတင်ဟာ မောင်နုထက် ၂နှစ်လောက် ပိုကြီးတယ်။ စာဘက်မှာ သိပ်တော်တယ်။ မောင်နုနဲ့ တခြား စီဘဲ။ အဲဒီနှစ်မှာ ကိုထွန်းတင်ဟာ ဘီအေ အောက်တန်းကို ရောက်နေပြီ။ ရန်ကုန်ရောက်တဲ့နေ့မှာ ရှေးဦးစွာ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်ကြတယ်။

နောက်ပြီးတော့ မြို့ထဲမှာ နဲနဲပါးပါး လျှောက်လည်ကြတယ်။ ညနေ ၃နာရီခွဲမှာ ရုပ်ရှင်ဝင်ကြည့်တယ်။ ညနေ ၆နာရီခွဲလောက်ရှိတော့ တရုတ်ပျော်ပွဲစားရုံတခုမှာ ညစာစားပြီး အရက်နဲနဲသောက်ကြတယ်၊ နဲနဲမူး လာတဲ့အခါ ပြည့်တန်ဆာမတွေ ဆီကို သွားကြဘို့ သူတို့နှစ်ဦးဆွေးနွေးကြတယ်၊ ကောလိပ်မှာ သူတို့ နှစ်ဦးစလုံးဟာ အရင်တုန်းကလို အရမ်းမသွားကြဘူး။ အက်ဖ်အယ် (F.L) ဆိုတဲ့ အကာအကွယ် ကိုယူပြီး သွားကြတယ်။ ပြည့်တန်ဆာမ အိမ်မှာ ကိုထွန်းတင်နဲ့ မောင်နုတို့ဟာ သူတို့ မျက်စိကျရာ မိန်းကလေး တယောက်စီကို ခေါ်ပြီး အခန်းထဲ ဝင်သွားကြတယ်။ မောင်နုခေါ်သွားတဲ့ အမျိုးသမီးဟာ မောင်နုထက် အတော်ကလေးကြီးတယ်။ အသက်အစိပ် လောက် ရှိနေပြီ။ အသားညိုတယ်။ မလှဘူး။ ဒါပေမဲ့ မောင်နုရဲ့ မျက်စိထဲမှာ အတော်ယဉ်တယ်။ မောင်နုဟာ အရပ်ပုတဲ့ မိန်းမထက် အရပ်ရှည်တဲ့ မိန်းမကို ပိုပြီးမက်တယ်။ သူခေါ်သွားသူဟာ သူ့မျက်စိထဲမှာ ယဉ်ရတဲ့အထဲ အရပ်ကလည်း သူ့စိတ်တိုင်းကျ ပေမှီ နေပြန်တဲ့အတွက် မောင်နုမျက်စိထဲမှာ အဲဒီသူငယ်မဟာ အတော် မက်စရာဖြစ်နေတယ်။ ခင်ဗျားနာမည်ဘယ်သူလဲ။ မခင်မြင့်။ (ဒါဟာ သူ့နံမယ် အစစ်မဟုတ်ဘူး) ရန်ကုန်သူလား။ မဟုတ်ဘူး။ ဘယ်ကလာတာလဲ။ တိုက်ကြီးက။ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ။ မခင်မြင့်ဟာ ဒီမေးခွန်းကို ရုတ်တရက်မဖြေနိုင်ဘူး။ သူ့ခေါင်းကို အသာ ငုံ့ထားပြီး မျက်ရည်တွေ ကျနေတယ်။ မောင်နုဟာ မိန်းမတယောက် မျက်ရည်ကျနေတာကို ဒီလောက် နီးနီးကပ်ကပ် သူ့တသက်မှာ တခါမှ မမြင်ဖူးဘူး။ အဲဒါကြောင့် အခုလို မြင်ရတဲ့အခါ ဘာဖြစ်မှန်း မသိဘူး။ သူပါရောပြီး ငိုချင်သလိုလို ဖြစ်လာတယ်။ တအောင့် လောက်ကြာတဲ့အခါ မခင်မြင့်ဟာ မောင်နုကို မော့ကြည့်တယ်။ မျက်ရည်ကျတာတော့ ရပ်သွားပြီ။ ဒါပေမဲ့ သူ့မျက်နှာပေါ်မှာ မျက်ရည်စ ကလေးတွေ နဲနဲပါးပါး ရှိနေသေးတယ်။ ကျမဟာ အခုလိုအစားထဲက မဟုတ်ပါဘူး။ ကျမယောင်္ကျားဟာ မယားငယ်တယောက်ကို ယူပါတယ်။ အဲဒီမယားငယ်က ဂုံးတိုက်ပေးတဲ့အတွက် ကျမကို သိပ်နှိပ်စက် ပါတယ်။ မယားငယ်ဘက်ကို လုံးလုံးပါသွားပြီး ကျမကို အိမ်ပေါ်က နှင်ချလိုက်တာပါပဲ။ ကျမလည်း အလုပ်ရှာရအောင် ရန်ကုန် ရောက်လာပါတယ်။ ရန်ကုန် ကျတော့ နေရေးစားရေးဟာ သိပ်ကြပ်တည်း လာတဲ့အတွက် ခိုကိုးရာမဲ့ ဖြစ်ပြီး ဒီဘဝကို ရောက်လာရတာပါဘဲ။ လို့ မခင်မြင့်က ပြောတဲ့အခါ မခင်မြင့်ကို သနားတဲ့စိတ်နဲ့ မခင်မြင့် ယောင်္ကျားကို ဒေါသဖြစ်တဲ့စိတ် တွေဟာ သူ့ရင်ထဲမှာ အရှိန်ပြင်းပြင်းထန်ထန်၊ တလှည့်စိ။ ငုပ်ချိ ပေါ်ချီ ဖြစ်နေတယ်။ အဲဒါကြောင့် မခင်မြင့်ပြောပြီးတာနဲ့ တပြိုင်နက် ခင်ဗျားဘာဖြစ်လို့ အိမ်ပေါ်က ဆင်းလာတာလဲ၊ ခံချပြီးဒီကောင့်ကို အိမ်ပေါ်က ဆင်းခိုင်းပါလား။ ကိုယ့်မယားကို အနိုင်ကျင့်တဲ့ မအေ - တွေဟာေ-ာက်ကြောက်တွေ။ ငုံ့ခံတဲ့လူတွေ ကိုသာ သူတို့အနိုင်ကျင့်ရဲတာ။ ခံချရင်သူတို့ အိမ်ပေါ် က ပြေးမှာဘဲ။ ဘာဖြစ်လို့ ခင်ဗျားမခံချသလဲ။ ခံမချပဲ အခုလိုဆင်းလာတာ ခင်ဗျား သိပ်မှားတာပဲလို့ သူ့ဝမ်းထဲက ပေါက်ကွဲ ထွက်လာတဲ့ မခံချင်စိတ်တွေ။ ဒေါသစိတ်တွေ၊ သနားတဲ့စိတ်တွေကို မထိန်း သိမ်းနိုင်ဘဲ မောင်နု လျှောက်ပြောနေတယ်။ မိန်းမသားဆိုတော့ ဘယ်ခံချရဲမလည်း။ အဲဒီလို မခင်မြင့်ကို နှင်ချ နေတုန်းက သူသာအနားမှာ ရှိနေရင် ပွဲကောင်းတခုတော့ ကြည့်ရမှာပဲလို့ စဉ်းစားရင်း အတော် ကလေးကြာအောင် ငေးနေမိတယ်။ မခင်မြင့်ရဲ့ ကိုယ်မှာလူးထားတဲ့ ပေါင်ဒါနံ့ ကလေးတွေဟာ သူနှာခေါင်းထဲကို ဝင်ကလိတော့မှ မခင်မြင့်အနားမှာ ထိုင်နေတာကို သူသတိရပြန်တယ်။ အဲဒီအိမ်ပေါ်က ဆင်းလာတဲ့အခါမှာရော လမ်းတလျှောက်လုံးမှာရော၊ ကျောင်းဆောင်ပြန်ရောက်ပြီး အိပ်ရာဝင်တဲ့အခါမှာပါ၊ မခင်မြင့်ရဲ့မျက်နှာကလေးဟာ မောင်နုရဲ့ မျက်လုံးအိမ်ပေါ်မှာ စုပ်တံနဲ့ ဆေးချယ်ထားသလို ဖြစ်နေတယ်။ နောက်တနေ့ နေ့လည်စာစားပြီးတဲ့အခါ မောင်နုဟာ ကိုထွန်းတင်ရဲ့ အခန်းကို ပြန်ရောက်လာပြီး မခင်မြင့်တို့ ဆီကို သွားရအောင်လို့ခေါ်တယ်။ ကိုထွန်းတင်လည်း သူဖတ်နေတဲ့စာအုပ်ကို ပိတ်ပြီး မောင်နုနဲ့ အတူ မြို့ထဲကို ထွက်လာခဲ့တယ်။ နေ့ခင်းဘက်မှာ လူရှင်းတဲ့အတွက် မောင်နုတို့ဟာ မခင်မြင့်တို့ အိမ်မှာ ညတုန်းကထက် ပိုပြီး ကြာတယ်။ နောက်တနေ့နေ့လည်စာ စားပြီးတဲ့အခါမှာလည်း မောင်နုဟာ ကိုထွန်းတင်ရဲ့ အခန်းကို ရောက်လာပြီး မခင်မြင့်တို့ဆီကို သွားရအောင်လို့ခေါ်ပြန်တယ်။

တခါနှစ်ခါလောက်သွားရင် တော်ရောပေါ့ကွာ။ မောင်နုရေ မင့်ဟာ နဲနဲများလာပြီ ထင်တယ်။ မခင်မြင့်ကို ကျွန်တော်ယူတော့မယ်။ ကိုထွန်းတင်ဟာ မောင်နုကို အံ့အားသင့်ပြီး ကြည့်နေရာမှ ဘယ်လိုယူမှာလဲလို့ မောင်နုကို မေးလိုက်တယ်။ မယားအဖြစ်နဲ့ ယူမှာပေါ့။ မဟုတ်တာပဲကွာ။ ဘာဖြစ်လို့ မဟုတ်တာလဲ။ ဟာ-သူက ဖာသည် ပဲကွ။ ဖာသည်ကို မယူရဘူးလား။ မောင်နု မင်းခပ်တည်တည် ပြောနေတာလား။ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ငါကန့်ကွက်တယ်ကွာ။ ကိုထွန်းတင်လည်း သူ့အခန်းနံရံကို စိုက်ကြည့်ပြီး စကားမပြောပဲ ငြိမ်နေတယ်။ နောက် နှစ်မိနစ်လောက်ကြာတဲ့အခါ ငါအခုချက်ချင်း မလိုက်နိုင်သေးဘူးကွာ။ စာရေးစရာ နည်နည်းရှိနေတယ်။ နေ့လည် ၁ ချက်လောက်မှ ပြန်လာ။ အဲဒီတော့မှ ငါလိုက်မယ်။ မောင်နုဟာ တချက်တီး ပြန်လာတဲ့အခါ ကိုထွန်းတင်ဟာ သူ့အခန်းမှာ မရှိတော့ဘူး။ သူအခန်း ပိတ်ထားတယ် အခန်းရဲ့ သော့ခလောက်တံထဲမှာ သူဟာ မိတ်ဆွေ တယောက်လာခေါ်လို့ မြို့ထဲကို လိုက်သွားရတယ်၊ အဲဒီမြို့ထဲကမှ မောင်နုနဲ့ ချိန်းထားတဲ့ အိမ်ကိုသွားပြီး အဲဒီမှာ စောင့်နေမယ်ဆိုတဲ့ မောင်နုအတွက် စာ တစောင်ကို ညှပ်ထားပစ်ခဲ့တယ်၊ မခင်မြင့်တို့အိမ်ကို မောင်နုလိုက်သွားတဲ့အခါ ဧည့်ခန်းထဲမှာ ကိုထွန်းတင်ကိုလည်း မတွေ့ဘူး။ မခင်မြင့်ကိုလည်း မတွေ့ဘူး။ အဲဒီအိမ်က အကြီးအကဲဖြစ်တဲ့ ခေါင်းနဲ့ အတော်ကလေး အကျွမ်းတဝင် ဖြစ်နေကြပြီ ဖြစ်တဲ့အတွက် မောင်နုက ကျွန်တော့်သူငယ်ချင်း ကိုထွန်းတင် မရောက်သေးဘူးလားလို့ လှမ်းမေးလိုက်တယ်၊ အဲဒီခေါင်းက ရောက်နေပြီ အခန်းထဲမှာ လို့ဖြေတယ်။ မခင်မြင့်ကော ဘယ်သွားသလည်းလို့ မောင်နုက ထပ်ပြီးမေးတဲ့အခါ ကိုထွန်းတင် ခေါ်သွားတယ်။ နှစ်ယောက်လုံး အခန်းထဲမှာလို့ ထပ်ဖြေတယ်။ မခင်မြင့်က ဖာပဲ (စာသားအတိုင်း ရိုက်ရခြင်းဖြစ်ပါသည်၊) ဘယ်သူမဆို ခေါ်နိုင်တယ်။ သူနဲ့ မတွေ့ခင်တုန်းကလည်း ဘယ်သူခေါ်ခေါ် လိုက်နေတာပဲ၊ သူနဲ့တွေ့ပြီး ဘယ်သူခေါ်ခေါ် လိုက်နေမှာဘဲ ဆိုတာတွေကို အဲဒီအချိန်မှာ မောင်နုမေ့နေတယ်။ ငါယူတော့မယ်လို့ ပြောထားတဲ့ မိန်းမကိုမှ သူဒီလို လုပ်တာကောင်းသလားလို့ တွေးမိပြီး မောင်နုဟာ ထောင်းကနဲဒေါသ ထွက်လာတယ်။ အဲဒီဒေါသကြောင့် ထရမလား။ ထွက်သွားရမလား။ အခန်းထဲကို ဝင်ပြီး အတင်းရိုက်ရ မလား။ အပြင်ကပဲ ကလော်ဆဲရမလား ဆိုတာတွေကို မဆုံးဖြတ်နိုင်သေးပဲ တွေဝေနေတဲ့အချိန်မှာ မောင်နုကို သိသလားလို့ ကိုထွန်းတင် ခပ်ကျယ်ကျယ် မေးလိုက်တဲ့အသံဟာ အခန်းထဲက ရှေးဦးစွာ ထွက်လာတယ်။ အဲဒီနောက်သိသားပဲ ဆိုတဲ့ မခင်မြင့်ရဲ့ ဖြေသံ ထွက်လာတယ်။ မောင်နုလည်း ဒေါသ ဖြစ်ရာက အဲဒီအသံတွေကို နားထောင်နေတယ်။ မခင်မြင့် မောင်နုကို မေတ္တာရှိလား။ မရှိဘူး။ မခင်မြင့် မောင်နုကို ယူမလား။ ဒီချာတိတ်ကို မယူချင်ဘူး။ မခင်မြင့် ကိုယ့်ကို မေတ္တာရှိလား။ ရှိတာပေါ့ကိုကို။ ကိုထွန်းတင်နဲ့ မခင်မြင့်တို့ဟာ အခန်းထဲမှာ အမေးတွေ အဖြေတွေနဲ့ ဆက်ပြီးနှစ်ပါးသွား နေကြတာကို မောင်နုဟာ ဆက်ပြီးနားမထောင်ချင်တော့ဘူး။ အဲဒါကြောင့် ဒုံးဒိုင်းနဲ့ အိမ်ပေါ်က ဆင်းချသွားတယ်။ အိမ်နဲ့ ကိုက်တရာလောက် ရောက်တဲ့အခါ သူ့လက်ထဲက ထီးကို ပြောင်းပြန်ကိုင်ပြီး စောင့်နေတယ်။ ၁၅မိနစ် လောက်အကြာ ကိုထွန်းတင် ဆင်းလာတဲ့အခါ မောင်နုဟာ ကိုထွန်းတင်ကို ထီးနဲ့ရိုက်ရအောင် အတင်း ပြေးသွားတာပဲ။ အဲဒီ (၃၆) လမ်းထဲမှာ ရှိတဲ့ ကလားတယောက်က မောင်နုကို ဆီးဖက်ပါသေးတယ်။ မောင်နုဟာ ဒေါသနဲ့ တအားတွန်းပစ်လိုက်တာကြောင့် အဲဒီကုလားဟာ လွင့်ပြီးလဲကျသွားတယ်။

လမ်းထဲက ကုလားတွေခပ်များများ အဲဒီ လဲသွားတဲ့ကုလားကို မြင်ရတဲ့အတွက် ကုလားလို အော်ဟစ်ပြီး မောင်နုကို အတင်းပြေးဖက် ထားကြတယ်။ အဲဒါကြောင့် မောင်နုဟာ ကိုထွန်းတင်ကို မရိုက်ရဘူး။ ကိုထွန်းတင်ဟာ ခပ်လှမ်းလှမ်းကနေပြီး မင်းငါ့ကို အခုအများကြီး စိတ်ဆိုးမယ်။ နောက်ကြရင် မင်းငါ့ကို အများကြီး ကျေးဇူးတင်မယ်လို့ မောင်နုကိုပြောတယ်။ မောင်နုလည်း ဒေါသသိပ်ထွက်နေတာကြောင့် စကားများများ မပြောနိုင်ဘူး။ မင်းကောင်းကောင်းသတိထား။ ဆိုတာလောက်ကိုပဲ ပြန်ပြောနိုင်တယ်။ ဘာထပ်ပြောရမလည်း လို့စဉ်းစားနေတုန်း ရန်ကုန်ရောက်တဲ့နေ့က ကိုထွန်းတင်မှာ လက်ကြယ်သီး တစုံ ပျောက်သွားတယ် ဆိုလို့ ကိုထွန်းတင်ကို သူပေးထားတဲ့ ရွှေကြယ်သီးတွေကို မောင်နု ပြေးပြီးသတိရတယ်။ အဲဒါကြောင့် ခလေးလိုဖြစ်ပြီး။ ငါ့ရွှေလက်ကြယ်သီးတွေ ပြန်ပေးလို့ အော်ပြီးတောင်းတယ်။ ကိုထွန်းတင် လည်း ရွှေကြယ်သီးလေးတွေ ကဗျာကယာဖြုတ်ပြီး သူ့အနားမှာ ရပ်နေတဲ့ ကုလားတယောက်နဲ့ မောင်နုကို အပေးခိုင်းလိုက်တယ်။ မောင်နုဟာ သူ့အခန်းကို ပြန်ရောက်တဲ့အခါ တံခါးပိတ်။ အတွင်းက မင်းတုံးကို သေသေ ချာချာထိုး။ ခြင်ထောင်ချ။ စောင်ခေါင်းမြီးခြုံပြီး ရှိုက်ကြီးတငင် ငိုပွဲဆင်ပစ်လိုက်တယ်။ ဒါပေမဲ့ ဒီလိုငိုတာဟာ မခင်မြင့်ကို မရလို့ငိုတာ ဟုတ်မယ်မထင်ဘူး။ ဒီအချိန်မှာ ဖာသယ်မ မခင်မြင့်ကို သူအတော် စိတ်နာနေပြီ။ သူ့ဒေါသကို သူနိုင်အောင် မထိန်းနိုင်တဲ့ အတွက် ငိုချလိုက်တာပဲလို သူယူဆ နိုင်စရာ အကြောင်းရှိတယ်။ နောက်တနင်္ဂနွေ နှစ်ပတ်လောက်ကြာတော့ မခင်မြင့်ကို မေ့ပြီး စာကြည့်ခန်းထဲက ပြဇာတ်တွေနဲ့ ဆွန်းနက်တွေထဲမှာ စိတ်ပြန်လည်လာတဲ့အခါ မောင်နုဟာ ကိုထွန်းတင်ကို တစိမ့်စိမ့် ကျေးဇူးတင်လာတယ်။ ဟိုနေ့က လမ်းမလည်ခေါင်ကြီးမှာ လူတွေဝိုင်းပြီး ကြည့်နေတဲ့ကြားထဲက ဖာသယ်မ တယောက်အတွက် လူသိရှင်ကြား အော်ကြီးဟစ်ကျယ် ရန်ဖြစ်ခဲ့ရတာကိုလည်း တစိမ့်စိမ့်တွေးပြီး မောင်နု ရှက်နေတယ်။ အဲဒါကြောင့် တနေ့မှာ မောင်နုဟာ ကိုထွန်းတင်ဆီကို သွားပြီးတောင်းပန်တယ်။ သူပြန်တောင်းထားတဲ့ ရွှေလက်ကြယ်သီးကိုလည်း ကိုထွန်းတင်ကို ပြန်ပေးလိုက်တယ်။ မခင်မြင့်အပေါ်မှာ မောင်နုစိတ်ပျက်သွားအောင် ကိုထွန်းတင်ဒီလို လုပ်ရတယ်။ အဲဒီနေ့ မောင်နုကို တချက်တီးမှာ လာလို့ ချိန်း လိုက်ပြီးတဲ့နောက် သူတယောက်ထဲ မခင်မြင့်တို့ဆီကို ထွက်လာတယ်။ ခေါင်းလုပ်သူက မခင်မြင့်နဲ့ အတော် စီးပွားဖြစ်နေတော့ မခင်မြင့်ကို ဘယ် လက်လွှတ်ချင်မလဲ။ အဲဒါကြောင့် ကိုထွန်းတင်ဟာ သိပ်ပြောနေဘို့ မလိုဘူး။ ကိုထွန်းတင်ရဲ့ အကြံကို ခေါင်းလုပ်သူဟာ ချက်ချင်းသဘောတူပြီး ဟိုနေ့က အတိုင်း ဖြစ်သွားအောင် သူပါ ဝိုင်းကူလိုက်တာပါပဲ၊ မောင်နု အင်မတန် ကံကောင်းတယ်။ အဲဒီနေ့က စိတ်ပျက်မသွားဘဲ တခေါက်ပြန်လာရင် သူ့တပည့်တွေ ဝိုင်းရိုက်တာကိုမောင်နု မရှုမလှ ခံရမယ်။

နောက်တလလောက်ကြတဲ့အခါ ဂျင်မခါနာ ပြဇာတ်အသင်းက တင်ဆက်တဲ့ 'ချီးကျူးစရာကောင်းတဲ့ ကရိုက်တန်' ( Admirable Creighton )ဆိုတဲ့ ပြဇာတ်ကို ကြည့်ဘို့အတွက် မောင်နုဟာ ဂျုဗလီဟော ထဲမှာ ထိုင်နေတယ်။ မောင်နုရဲ့ဘေးမှာ ပါရစီမကလေး နှစ်ယောက်နဲ့ သူတို့ရဲ့မိဘ နဲ့တူတဲ့ ပါရစီ ယောင်္ကျားကြီး တယောက် ပါရစီ မိန်းမကြီးတယောက် ထိုင်နေကြတယ်။ ပါရစီမကလေး နှစ်ယောက်စလုံး ဟာ မိန်းမချောလေးတွေပဲ။ ဒါပေမဲ့ မောင်နုရဲ့ဘေးမှာ ထိုင်နေတဲ့ အကြီးမကလေးက ပိုပြီးချောတယ်။ မောင်နု မက်လောက်အောင် အရပ်ရှည်တယ်။ အထူးသဖြင့် သူ့မျက်လုံး ကလေးတွေဟာ သိပ်လှတာပဲ။ အသက်က မောင်နုထက် နဲနဲပိုကြီးလိမ့်မယ်လို့ ခန့်မှန်းရတယ်။ ဒီပါရစီမ ကလေးဟာ လှရုံတင်မကဘူး။ သိပ်ပြီးတော့လည်း ဖော်ရွေတာဘဲ။ မောင်နုဟာ မေ့ပြီး အခမ်းအနား အစီအစဉ်ကို မဝယ်ခဲ့ဘူး။ အဲဒါကို ပါရစီမကလေးက မြင်တယ်၊ အဲဒါကြောင့် မောင်နုကို သူ့လက်ထဲက အစီအစဉ် စာအုပ်တအုပ်ပေးတယ်။ မောင်နုက ခင်ဗျားဘာနဲ့ ကြည့်မလည်း လို့မေးတဲ့အခါ သူ့ညီမနဲ့ အတူတူ ကြည့်မယ်လို့ ပြန်ပြောတယ်။

ပြဇာတ်မပြခင် ပြဇာတ်ကို ဖတ်ဘူးလားလို့ သူက မောင်နုကိုမေးတယ်။ မောင်နုက မဖတ်ဘူးဘူးလို့ ဖြေတယ်။ အဲဒီအခါ သူက ဖတ်ပြီးပြီလို့ ပြောပြီးပြဇာတ်နဲ့ ပတ်သက်လို့ သူ့သဘောထားကို ပြောတယ်။ ပြဇာတ် ပထမပိုင်းနဲ့ ဒုတိယပိုင်းပြီးတဲ့အခါ မှာလည်း ပြဇာတ်ကောင်တွေနဲ့ ပတ်သက်ပြိး ဘယ်သူတွေက ကောင်းတယ်။ သရုပ်ဆောင်နိုင်တယ်။ ဘယ်သူတွေကညံ့တယ်။ ဘယ်သူတွေကပျော့တယ်။ အစရှိသဖြင့် အဲဒီပါရစီမ ကလေးက မောင်နုကို ဖော်ဖော်ရွေရွေ ပြောပြတယ်။ မောင်နုကလည်း သူ့သဘောထားတွေကို ပြန်ပြောပြချင်နေတယ်။ ဒါပေမဲ့ ပါရစီမ ကလေးက အင်္ဂလိပ်စာ ကောင်းလွန်းတဲ့ အတွက် မောင်နုဟာ သူပြောချင်တာတွေကို ပြန်မပြောရဲဘူး။ ပါရစီမ ကလေးပြောတာတွေကိုသာ ခေါင်းငြိမ့်လိုက်။ ရယ်လိုက်၊ ပြုံးလိုက်နဲ့ လုပ်နေရတယ်။ ပြဇာတ်ပြီးလို့ ထပြန်ကြခါနီး အင်မတန် တိုတောင်းတဲ့ အချိန်ကလေး အတွင်း မှာတောင် ကရိုက်တန်ဟာ တကယ်ချီးကျူးစရာ မကောင်းဘူးလားလို့ မေးပြီး မောင်နုကို ဂွတ်ဘိုင်လို့ နှုတ်ဆက်သွားလိုက်သေးတယ်။ ပါရစီမ ကလေးတွေရဲ့ မော်တော်ကား ထွက်သွားတဲ့အခါ မောင်နုဟာ ခပ်လှမ်းလှမ်းက ငေးပြီးကျန်ရစ်တယ်။ မောင်နုဟာ တလမ်းလုံးမှာရော၊ သူ့အခန်းကို ပြန်ရောက်တဲ့ အခါမှာရော ပါရစီမကလေး ကိုယ်က ထွက်ထွက်လာတဲ့ သင်းပျံ့ပျံ့ အမွှေးနံ့ ကလေးတွေ ချိုသာနွဲ့ပြောင်း အင်မတန် နားထောင်လို့ကောင်းတဲ့ အသံကလေးတွေ၊ သူ့ဟဒယနှလုံးကို သိမ်းကြုံးထားတဲ့ မျက်လုံး ကလေးတွေ အပေါ်မှာဘဲ သူ့စိတ်တွေဟာ တဝဲလည်လည် ဖြစ်နေတယ်။ အဲဒီည ဆွန်းနက်တပုဒ်ကို မောင်နု ထိုင်ရေးနေတာ မနက်လင်းအားကြီး ၄နာရီလောက်ကြာမှ ပြီးသွားတယ် ဒါပေမဲ့ ဆွန်းနက်ကို ဘယ်သူ့ဆီ ပို့ရမလဲ။ ဂျုဗလီဟောထဲမှာတုန်းက အဲဒီပါရစီမ ကလေးကို ခင်ဗျာ့နာမည် ဘယ်လိုလည်းလို့ မေးချင်လိုက်တာ မောင်နုရဲ့ ပါးစပ်ဖျားမှာကို ယားနေတာပဲ။ မမေးရဲလို့ လက်လျော့ လိုက်ရတယ်။ သူ့အခန်းကို ပြန်ရောက်တော့ မှ ဒီလိုမမေးမိတာ မှားလေခြင်းလို့ သူ့ကိုယ်သူ ပြန်ပြီး အပြစ်တင်နေတယ်။ ဟိုဟာမကလေးကတော့ မေးရင်ပြောမဲ့ပုံပဲ။ ပြောချင်လွန်းလို့ အခွင့်ရတိုင်း သူကချည်းပြောနေတာ။ မင်းစောက်သုံးမကျလို့ ဒီလိုဖြစ်ရတာ ဆိုပြီး။ သူကိုယ့်သူ ထိုးချင်သလိုလို။ ကြိတ်ငိုချင်သလိုလို မချင့်မရဲ ဖြစ်နေတယ်။ မောင်နုဟာ သူ့ဝမ်းထဲမှာ ဖြစ်နေတာ တရက်နှစ်ရက်လောက်ပဲ မျိုသိပ်ထားလို့ရတယ်။ တတိယနေ့ လောက်ရောက်တော့ သူ့သူငယ်ချင်း အရင်းတွေထဲက လည်လည်ပတ်ပတ်ရှိတဲ့ သူငယ်ချင်း နှစ်ဦးသုံးဦးကို သူ့ကိစ္စ တိုင်ပင်ကြည့်တယ်။ ရန်ကုန်မှာ ပါရစီတွေက အများကြီး အဲဒီတော့ အဲဒီကောင်မလေးကို ရှာဘို့ဆိုတာ မလွယ်ဘူး။ အနည်းဆုံး နံမယ်လောက်သိရင် ရှာတွေ့ဘို့ဆိုတာ ဖြစ်နိုင်စရာ အကြောင်းရှိသေးတယ်လို့ သူငယ်ချင်းတွေက ဖြေကြတယ်။ အဲဒီအဖြေတွေ ကြားရတော့မှ မင်း အ လို့ ဒီလိုဖြစ်ရတာပဲ လို့သူကိုယ်သူ ကြိမ်းမောင်းပြီး မောင်နုဟာ ရှေးကထက်တောင် သူကိုယ်သူ ပိုပြီး စိတ်ဆိုးနေသေးတယ်။ သူငယ်ချင်းတွေက ဘယ်လိုမှ မကူညီနိုင်တဲ့အခါ မောင်နုဟာ ကျောင်းက အားလပ်ခွင့် ရတိုင်း အဲဒီ ပါရစီမ ကလေးကို ရုပ်ရှင်ရုံတွေမှာ၊ ဖိုက်(ခ်) စကွဲယား(ယခု ဗန္ဒုလပန်းခြံ)ထဲမှာ ၊ ကန်တော်ကြီးမှာ သွားသွားပြီး ရှာတယ်။ ဂျင်မခါနာ ပြဇာတ် အသင်းက စေးဝှင်း (Say When) ဆိုတဲ့ ရီဗြူး (သီချင်းနဲ့ အကပါသော ပြဇာတ်တမျိုး) ကို ဂျုဗလီဟောမှာ တင်ပြန်တဲ့ အခါမှာလည်း မောင်နုဟာ ပါရစီမ ကလေးကို တွေ့လိုတွေ့ငြား နှစ်ညတိုင်တိုင် သွားစောင့်ပါသေးတယ်။ မတွေ့ဘူး။

နောက်တလကြာတဲ့အခါ လှမောင်ဆိုတဲ့ သူငယ်ချင်းတယောက်က ကိုနု ခင်ဗျာ့ ပါရစီမ ကလေးရဲ့ လိပ်စာ ရပြီ ဆိုပြီး လိပ်စာတခု ပေးတယ်။ အဲဒီလိပ်စာထဲမှာ ပါရစီမကလေးရဲ့ နံမယ်ဟာ မစ်ဟိုးမက်စ်ဂျီ ဆိုပြီး ပါလာတယ်။ မောင်နုသိပ်ပြီးဝမ်းသာ သွားတယ်။ သူရေးထားတဲ့ ဆွန်းနက်ရယ်။ မစ်ဟိုးမက်စ်ဂျီကို သူအင်မတန် တွေ့ချင်တယ်လို့ ရေးထားတဲ့ စာတစောင်ရယ် အဲဒီလိပ်စာအတိုင်း ချက်ချင်းပို့လိုက်တယ်။ တနင်္ဂနွေ တပတ်ကြာလည်း စာပြန်မလာ၊ နှစ်ပတ်ကြာလည်း စာပြန်မလာတဲ့အခါ မောင်နုဟာ လှမောင်ဆီ သွားပြီး ခင်ဗျာ့ လိပ်စာဟုတ်ရဲ့လား။ စာလဲပြန်မလာဘူးလို့ မောင်နုက ညည်းတယ်။ စာတစောင်ထဲ ရှိသေးတယ်။ ဘယ်ပြန်လာမလဲ။ အိနြေ္ဒရှင်ဆိုတာ ဒီလိုပဲ ဟန်လုပ်နေရသေးတယ်။ စာတစောင်ပေးရုံနဲ့ ချက်ချင်းစာပြန်ရင် အပေါစားဖြစ်သွားမှာပေါ့ လို့ လှမောင်က ရှင်းပြပြီး ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုတဲ့ စကားအတိုင်း ဇွဲကောင်းကောင်းနဲ့ ဆက်ကြိုးစားဖို့ မောင်နုကို အားပေးတယ်။ မောင်နုလည်း အဲဒီ အားပေးချက်အရ နောက်ထပ် တစောင်ထဲ့လိုက်တယ်။ စာပြန်မလာဘူး။ နောက် တနင်္ဂနွေ ၂ပတ်လောက် ကြာတဲ့အခါ တတိယစာကို ထည့်လိုက်ပြန်တယ်။ နောက်တနင်္ဂနွေ ၂ပတ်လောက်ကြာတော့လည်း စာပြန် မရတဲ့အခါ ရှေ့တလှမ်းတိုးမယ် ဆိုတဲ့အနေနဲ့ မစ်ဟိုးမတ်စ်ဂျီရဲ့အိမ်ကို အလည်သွားချင်တယ်။ လိုက်ပြ ပါလို့ မောင်နုက လှမောင်ကိုပူဆာတယ်။ လှမောင်ကလည်း ခဏစောင့်ပါဦးလို့ တောင်းပန်ထားရတယ်။ ပူဆာတဲ့ အကြိမ်ပေါင်းများလာတဲ့ အခါကျတော့မှ ကဲ-ကိုနု ခင်ဗျားကို သက်သက်နောက်တာ။ ဒီလိပ်စာ ကောင်မလေးရဲ့ လိပ်စာမဟုတ်ဘူး။ တယ်လီဖုန်း စာအုပ်ထဲက ပါရစီနံမယ်နဲ့ လိပ်စာတခု ကူးလာပြီး ခင်ဗျားကိုပေးတာလို့ အူတက်အောင် ရယ်ရင်းလှမောင်က မောင်နုကို ရှင်းပြတယ်။ မောင်နုလည်း ဝါးခယ်မ တုန်းက မောင်ရှန်နဲ့ ထွန်းရင်ဆိုတဲ့ သူငယ်ချင်းတွေကို ဒီလိုပဲ နောက်ခဲ့ဘူးတယ်။ ဒီသူငယ်ချင်းတွေ ပိုးနေတဲ့ ကောင်မလေးတွေရှိတယ်။ ကောင်မလေးတွေက ဘာမှ မသိရဘဲ ကောင်မလေးတွေရဲ့ လက်ရေးနဲ့ တူအောင် စာတွေရေးပြီး မောင်ရှန်နဲ့ ထွန်းရင်ဆီပို့တယ်။ ညကို ဘယ်လမ်းက လာခဲ့ပါဆိုပြီး ချိန်းတယ်။ လာတဲ့အခါ မောင်နုနဲ့ သူငယ်ချင်းတစုဟာ မှောင်ရိပ်ထဲက ချောင်းပြီး အဲဒီ မောင်ရှိန်နဲ့ ထွန်းရင်ကို ရေတွေနဲ့ ဝိုင်းလောင်းတယ်။ အဲဒါတွေကိုမောင်နု ပြန်သတိရပြီး ငါလည်း ဝဋ်လည်တာပဲလို့ သဘောပေါက်တဲ့အတွက် လှမောင်ကို ဘာမှ မပြေတော့ဘူး။ မချိသွားဖြဲ လုပ်နေလိုက်တယ်။

အိုင်အေ ဒုတိယနှစ်မှာ မောင်နုဟာ အရက်ကို ရှေးကထက် ပိုပြီး သောက်လာတယ်။ စနေညတိုင်း စိတ်တူ သဘောတူ မိတ်ဆွေတွေစုပြီး အရက်သောက်လေ့ရှိကြတယ်။ သူတို့သောက်ပုံ သောက်နည်း ကို စုံစမ်း ကြည့်လို့ သိရတဲ့ အတိုင်းဆိုရင် ပျော်စရာကြီးပါဘဲ။ ဂျော်နီဝါးကား ဝီစကီတပုလင်းကိုဝယ် ဇလုံကြီးထဲမှာ ဗင်မတို။ ဘိလပ်ရေ။ ရေခဲတွေနဲ့ရော အဖွဲ့ထဲပါတဲ့ ကျောင်းသားတွေဟာ ဒီဝီစကီဖျော်ရေကို ကြိုက် သလောက် ခပ်သောက်ကြတာပဲ။ မောင်နုဟာ သာမန်အားဖြင့် ဆေးလိပ် မသောက်တတ်ဘူး။ အဲဒိဝီစကီ ဖျော်ရည်သောက်တဲ့အခါ ကျတော့ အရက်တကြိုက်။ စီးကရက် တဖွာ သောက်လေ့ရှိတယ်။ တခြား ကျောင်းသားတွေဟာ အရက်မူးပေမဲ့ အတော်အိနြေ္ဒရတယ်။ မောင်နုကတော့ ဒီလိုမဟုတ်ဘူး။ အရက်မူး လာရင် အလွန် အိနြေ္ဒမဲ့တယ်။ အဲဒီနှစ်က တကောင်းနဲ့ ပြည်ကျောင်းဆောင် နှစ်ခုစုပြီး လုပ်ကြတဲ့ ခရစ်စမတ်ပွဲမှာ ကျောင်းအုပ်ကြီး ဆလော့။ ကျောင်းဆောင်မှုးတွေ။ ဆရာတွေ ကျောင်းသူကျောင်းသားတွေ ထိုင်ပြီး အငြိမ့်ကြည့်နေတုန်း။ မောင်နုဟာ အရက်ကို အလွန်အကျွံမူးပြီး ပွဲလည်ခေါင်မှာ လဲနေလို့ သူ့အခမ်းကို ထမ်းပြီးခေါ်သွားရတယ်။ ဘယ်လောက်မူးလဲ ဆိုရင် ကြိုးနဲ့ ခိုင်ခိုင်ချည်ထားတဲ့ သူ့ရှုးဖိနပ် တဘက်ဟာ ကျွတ်ကျန်နေရစ်တာကို မောင်နုမသိဘူး မနက်ကျတော့ တံမြက်စီးလှဲသမား တယောက်က ယူလာလို့ ပြန်ရတယ်။

မောင်နုဟာ ကောလိပ်ကျောင်းကို ရောက်ကတည်းက စင်မြင့်ပေါ်က စကားပြောနေတဲ့ ကျောင်းသူ ကျောင်းသား တွေကို မြင်ပြီး သူလည်းအဲဒီ ကျောင်းသူကျောင်းသားတွေလို သိပ်ဖြစ်ချင်နေတယ်။ အဲဒါ ကြောင့် စကားရည်လုပွဲတွေ ဆွေးနွေးပွဲတွေဆိုရင် သူကြိုးစားတက်တယ်။ ဒါပေမဲ့ တက်ခါစ သုံးလေးပွဲမှာ စကားပြောမယ်လို့ ထခါနီး တကိုယ်လုံး ဆက်ဆက်တုန်နေတာနဲ့ မထရဲပဲ လက်လျော့ပေးခဲ့ရတယ်။ နောက်ပွဲတွေ ကျတော့ အဲဒီပွဲမှာ စကားမပြောရဲရင် တရက်လုံးလုံး အစာမစားဘူးလို့ အဓိဌာန် လုပ်သွားတယ်။ ဒါပေမဲ့ အဓိဌာန်လည်း မကယ်နိုင်ပါဘူး။ တကိုယ်လုံး နတ်ပူးသလိုလို ဖြစ်ပြီး လက်လျော့ခဲ့ ရတာဘဲ။ အဲဒီလို လက်လျော့ ခဲ့ရတိုင်း အဓိဌာန်တွေ တိုးတိုးပြီး တင်လာလိုက်တာ စကားမပြောရဲရင် သုံးရက်တိုင်တိုင် အစာမစားဘူး ဆိုတဲ့အဓိဌာန် အထိရောက်လာတယ်။ တညကျတော့ ကျောင်းသူ အသင်းက ကြီးကြပ်ပြီး စကားရည်လုပွဲတခု ကျင်းပတယ်။ ပြောရမယ့် ဘာသာရပ်က ဒါးသွားထက်၊ ကလောင်သွားက ပိုပြီးထက်သည်။ ဆိုတဲ့ ဘာသာရပ်ပဲဖြစ်တယ်။ ဒီပွဲမှာ အင်္ဂလိပ်လိုပြောရမယ်။ စင်မြင့်ပေါ်မှာ အဆိုနဲ့ အတိုက်အခံဘက်က ပြောကြမဲ့ ပုဂ္ဂိုလ်လေးဦးစလုံးဟာ ကျောင်းသူတွေချည့်ပဲ။ နောက်ပြီးတော့လည်း ကျောင်းသူဟောင်းကြီးတွေ စကားရည်လုပွဲမှာ ကျင့်သားအများကြီး ရပြီးသူတွေ မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ကမှ မောင်နုနဲ့ အတူတူ ကောလိပ်ကျောင်းကို ရောက်လာကြသူတွေ ဖြစ်နေတယ်။ အဲဒါကြောင့် မောင်နုဟာ စကားရည်လုပွဲ မစမှီကတဲက မောင်နု ဒီကောင်မလေးတွေ ပြောနိုင်တဲ့ပွဲမှာ မင်းမပြောရဲရင် မင်းကို လေးရက် အငတ်ထားမယ်။ လို့သူ့ကိုယ်သူ ကြိမ်းမောင်းထားတယ်။ အဲဒီပွဲမှာ အဆို တင်သွင်းမယ့် ကျောင်းသူဟာ စီစီအောင်ကြီး ဖြစ်တေယ်။ ဒီကျောင်းသူဟာ အသက်အားဖြင့် မောင်နုနဲ့ ရွယ်တူ ချင်းလောက်ဖြစ်မှာပဲ။ ဒါပေမဲ့ စီစီအောင်ကြီးဟာ ဘော့ဘ် ဆံတောက် ထားတဲ့အပြင် သူ့မျက်နှာ ကလေးဟာ အင်မတန်ချိုပြီး နုနေတဲ့အတွက် သူ့ကိုမြင်ရသူတိုင်းက ခလေးလို့ ထင်ကြတယ်။ စီစီဟာ သူ့အချိန်ရောက်တာနဲ့ တပြိုင်နက်၊ သူ့အဆိုကို မကြောက်မရွံ့ မတုန်မလှုပ်၊ ခပ်အေးအေး ကလေး တင်သွင်းသွားတာဘဲ။ စကားပြောသိပ်ကောင်းတယ် မဆိုနိုင်ဘူး။ ဒါပေမဲ့ မညံ့ဘူး။ အခြားကျောင်းသူ သုံးဦးကလည်း အတော်နားထောင်ကောင်းအောင် သူ့နည်းနဲ့သူ ပြောဆိုသွားကြတာပဲ။ စင်မြင့်ပေါ်က ကျောင်းသူလေးယောက် ပြောပြီးတဲ့အခါ နာယကလုပ်သူက ပုရိဿတ်များလည်း ဝင်ရောက်ဆွေးနွေး နိုင်တယ်လို့ ခွင့်ပြုလိုက်တာနဲ့ တပြိုင်နက် မောင်နုဟာ ဗြုန်းကနဲ ထလိုက်တာဘဲ။ သူ့မျက်စိထဲမှာ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး ။ ရေထဲငုပ်ပြီး မျက်စိဖွင့်ကြည်နေရသလို ဝါးတားတားကြီး ဖြစ်နေတယ်။ အဲဒီ တုန်းက သူဘာတွေ ပြောခဲ့တယ်ဆိုတာတော့ စုံစမ်းလို့မရဘူး။ သူဟာ အဆိုကို ကန့်ကွက်တယ် ဆိုတာ လောက်ပဲ သိရတော့တယ်။ အဲဒီည စကားပြောတာ အောင်မြင်သွားတဲ့အတွက် မောင်နုဟာ သိပ်ပျော် နေတယ်။ ဒါပေမဲ့ ပျော်တာချည်းသက်သက် မဟုတ်ဘူး။ မကြာခဏ ထနေကြ သူ့ရောဂါဟာ ပျော်တာနဲ့ အတူတူ တလှည့်စီ သူ့စိတ်ထဲမှာ ပေါ်နေတာ မောင်နုတွေ့ရတယ်။ ဒီတကြိမ်မှာတော့ ရောဂါ ထအောင် လုပ်ပေးသူဟာ တခြားမဟုတ်ဘူး။ စကားရည်လုပွဲမှာ အဆိုတင်သွင်းသွားတဲ့ စီစီအောင်ကြီး ဖြစ်နေတယ်။ စီစီအောင်ကြီးကို ကြည့်လိုက်ရင် သူ့မျက်နှာကလေးဟာ အစဉ်ပြုံးနေသလို ထင်ရတယ်။ ဒါကလွဲပြီး သူ့ မျက်နှာမှာ မက်စရာ ဆိုလို့ ဘာမှမတွေ့ဘူး။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပိန်ကပ်ကပ်ကလေး။ ရောဂါသည် ကလေးနဲ့တူတယ်။ ဘော့ဘ်ဆံတောက်နဲ့ ဗမာအဝတ်အစားကို ဝတ်ထားပြန် တယ်ဆိုတော့ ဗျုံးကနဲဆိုရင် အဆင်မပြေသလိုလို ဖြစ်နေတယ်။ ဒီလိုဆိုရင် မောင်နုဟာ စီစီမှာ ဘာကို မက်သွားတာလဲ။ စကားရည်လုပွဲညက မောင်နုဟာ အတင်းသာ စကားထ ပြောလိုက်ရတယ်။

ကြောက်စိတ်တွေ လွှမ်းနေတာ ကြောင့် သူပြောချင်သလောက် ကျကျနန မပြောလိုက်ရဘူး။ စီစီကတော့ ဒီလိုမဟုတ်ဘူး။ ခပ်အေးအေး ခပ်တည်တည်ဘဲ အဆိုတင်သွင်းတဲ့အခါမှာ သူအဆိုဟာ ကျက်လာတဲ့အဆိုလို့ ပြောချင်ပြောနိုင်တယ်။ ဒါပေမယ့် အတိုက်အခံဘက်က ပြောတာတွေကို ပြန်ဖြေဘို့ကျတော့ ကျက်ထားလို့မရဘူး။ အဲဒါကို အချက်ကျကျ ပြန်ဖြေရတယ်ဆိုတာ မလွယ်ဘူး။ အဲဒီမလွယ်တဲ့ အလုပ်ကို စီစီအောင်ကြီးဟာ ခပ်အေးအေး ခပ်တည်တည် လုပ်နိုင်တယ်။ အဲဒီ တည်ကြည်မှု သတ္တိရှိမှု ညာဏ်ထက်မြက်မှု တွေဟာ မောင်နုရဲ့ မျက်စိနဲ့ နားထဲက အသည်းနှလုံးထဲအထိ စိမ့်ပြီးဝင်သွားတယ်။ ဒီအစာစားမိရင် ဒီအဖျားဖျားတာပဲ ဆိုတဲ့စကားကို ဓါတ်မ တခုခုရဲ့ အာရုံဟာ အခုလို သူ့အသည်းနှလုံးထဲ ဝင်လာပြီဆိုရင် မောင်နုမှာ ထနေကြရောဂါ ဟာ ထလာတာပါဘဲ။ ဒါပေမဲ့ မောင်နုဟာ မေတ္တာစာရေးတိုင်း ဘယ်တော့မှ တုံ့ပြန်မှု မရတာကြောင့် ဒီတခါကျတော့ ရှေးတုန်းကလို အလျင်စလို မလုပ်ဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူချိန်ဆ နေတယ်။ တနေ့ကျတော့ နာမည်ကျော် မြန်မာရုပ်ရှင်တကားကို ၃နာရီခွဲပွဲမှာ ကြည့်ရအောင် ရုပ်ရှင်ရုံတခုရဲ့ ရှေ့ကို မောင်နုရောက်သွားတယ်။ အဲဒီရုံရှေ့မှာ စီစီအောင်ကြီးနဲ့ ကျောင်းသူ သူငယ်ချင်း နှစ်ယောက်လည်း ရောက်နေတယ်။ ပရိသတ်က များလွန်း အားကြီးတဲ့အတွက် လက်မှတ်ကို လွယ်လွယ်နဲ့ ဝယ်လို့မရဘူး။ အဲဒါကြောင့် လက်မှတ်သုံးစောင်ဝယ်ပြီး စီစီတို့ကို ပေးဖို့ မောင်နု ရှေးဦးစွာ စဉ်းစာမိတယ်။ ဒါပေမဲ့ မလိုချင်ဘူးလို့ ဆိုလိုက်ရင် လူတွေအများကြီးရှေ့မှာ အရှက်ကွဲ မှာပဲလို့ စဉ်းစားမိတဲ့အတွက် မောင်နု နောက်တွန့်သွားပြန်တယ်။ ကောလိပ်ကျောင်း သားတွေဟာ အိနြေ္ဒကြီးတဲ့ ကျောင်းသူတွေနဲ့ တွေ့တဲ့အခါ အရှက်ကွဲပြီး ပြန်လာကြရတယ် ဆိုတဲ့ သတင်းတွေကို မောင်နု ခဏခဏ ကြားရတဲ့အတွက် မောင်နုဟာ စီစီတို့အနား ကပ်ရမှာ သိပ်လန့်နေတယ်။ အဲဒါကြောင့် စီစီတို့ အကူအညီတောင်းရင် အဆင်သင့် ပေးဘို့ဆိုတဲ့အနေနဲ့ မောင်နုဟာ ခပ်လှမ်းလှမ်းက ရပ်ပြီးစောင့် နေတယ်။ လူအတော်ပါး သွားတဲ့အခါ စီစီတို့လူစုလည်း သူတို့ဟာ သူတို့ လက်မှတ်ဝယ်ပြီး ရုပ်ရှင်ရုံထဲ ဝင်သွားကြတယ်။
အတော်လေးကြာတော့မှ မောင်နုလည်း ရုံထဲလိုက်ဝင်သွားတယ်။ မောင်နုဟာ ရုပ်ရှင်ကိုသာ ကြည့်နေရ တယ်။ ဘာတွေကို မြင်နေရတယ်ဆိုတာ ကောင်းကောင်းမသဲကွဲဘူး။ စီစီတို့ဆီကို သူသွားပြီးမေးလိုက်ရင် သိပ်ကောင်းမယ်။ မမေးမိတာ သိပ်မှားသွားတယ်။ ဟာ ဘယ်ဖြစ်မလဲ ကိုယ်က စေတနာနဲ့ သွားမေးတာ တော့ ဟုတ်ပါရဲ့ ဟိုက အကူအညီ မလိုချင်ဘူး လို့ဆိုလိုက်ရင် ဘယ်နှယ့်လုပ်မလဲ။ မလုပ်ပါဘူး စေတနာ ကောင်းနဲ့ လာမေးတယ်ဆိုတာ သူတို့လည်းသိမှာပါ။ စီစီတို့ဟာ သူဘက်ကို ခဏခဏ လှည့်ကြည့်နေတာ ထောက်ရင် သူ့ဆီက အကူအညီ လိုချင်တာ အမှန်ဖြစ်မှာပဲ။ သနားစရာပါကွာ။ အစရှိတဲ့ သူ့ကိုယ်သူ အပြစ် တင်ချက်တွေ။ ပြန်လှန်ဖြေကြားချက်တွေ။ သနားစိတ်တွေဟာ သူ့ဦးနှောက်ထဲမှာ စုပုံပြီး ဗလုံးဗထွေး ဖြစ်နေတာဘဲ။ သူ့အခန်းပြန်ရောက်တဲ့ အခါမှာလည်း ဒီဗလုံးဗထွေးဖြစ်နေတာတွေဟာ သူ့ဦးနှောက်ထဲမှာ ဆက်ပြီးပေါ်နေတုန်းဘဲ၊ ဖျောက်ဖျက်ပစ်လို့မရဘူး။ အမှန်စင်စစ် ဆိုရင် သူကသာ တဘက်သပ် ဒီလို ဖြစ်နေတာ စီစီအောင်ကြီးကတော့ ဒါတွေကို ဘာမှ သိမှာမဟုတ်ဘူး။ ဒီအချိန်လောက်ဆိုရင် စီစီ အောင်ကြီးဟာ အိပ်ပျောလို့ တရေးတောင်နိုးလောက်ပြီ။

မောင်နုဟာ အိပ်လို့မရတာနဲ့ စီစီအောင်ကြိးဆီကို ပို့ဘို့ စာတစောင် ထိုင်ရေးတယ်။ သူ့စာဟာ မေတ္တာစာလည်း မဟုတ် ။ ဝတ္တုလို့ ခေါ်ရမှာလည်း အခက်။ ပြဇာတ်လည် မဆိုနိုင်။ အဲဒီတော့ ဒီစာကို ပန်ကြားလွှာ လို့ပဲ ခေါ်ကြပါစို့။ ဒီပန်ကြားလွှာကို ဘလင့်ဗာစ် နဲ့ရေးထားတယ်။ ဒီပန်ကြားလွှာထဲမှာ ပါတာတွေကို အကုန်လုံး မဖေါ်ပြနိုင်ဘူး။ သဘောလောက်ပဲ ပြန်ပြောပြတော့မယ်။ ရှေးအခါတုန်းက မိန်းကလေးတဦး ရှိတယ်။ အဲဒီမိန်ကလေးရဲ့ နံမယ်က စီစီဖြစ်တယ်။ အဲဒီစီစီရဲ့ အချောအလှဟာ ပြိုင်ဘက်ကင်းတယ်။ သူ့မှာမြင့်မြတ်တဲ့ စိတ်လည်းရှိတယ်။ သတ္တိလည်းရှိတယ်။ သူဟာ အင်မတန်နက်ရှိုင်း တဲ့ တောကြီးအလယ်က အင်မတန်သာယာတဲ့ ဥယျာဉ် ထဲမှာနေတယ်။ သူနေတဲ့ ရဲတိုက်ကြီးကလည်း သိပ်ကောင်းတယ်။ သူနေတဲ့ဥယျာဉ်ကြီးကို ရောက်နိုင်ဘို့ လမ်းတလျှောက်လုံးမှာ ဂုမ္တာန်တထောင် စောင့်ကျပ် နေတဲ့အတွက် နုဆိုတဲ့ သူငယ်ဟာ ဥယျာဉ်နားကို မကပ်ရောက် နိုင်ရှာပဲ အဝေးကသာ လှမ်းမျှော်နေရပါတယ်။ နုမှာ နှလုံးသားကို လောင်ကျွမ်းလုမတတ် စွဲကပ်ဖိစီး နှိပ်စက်နေတဲ့ အချစ် ရောဂါဆိုး တခုရှိတယ်။ လမင်းသော်တာလို ပပဝင်းနေတဲ စီစီရဲ့မျက်နှာကို အားရအောင်ကြည့်ရပါမှ နုဟာ ဒီရောဂါဆိုးကြီးက လွတ်မြောက်ပါလိမ့်မယ်။ အဲဒါကြောင့် နုအပေါ် စီစီက ဂရုဏာသက်ပြီး ဘယ်အဆီး အတား အပိတ်ပင်မရှိစေရ။ ငါ့ရှေ့မှောက်ကို နုအရောက်လာစေဆိုတဲ့ အမိန့်တော်မြတ် ချမှတ်ပေးသနား တော်မူရန် အသနား ခံပါတယ်ဆိုတဲ့ သဘောမျိုး ရေးသားထားတယ်ဆိုတာ စုံစမ်းသိရှိရတယ်။ ဒီ ပန်ကြားလွှာကိုဖတ်ရရင် ပညာရှိတွေ ချီးကျူးမလား။ မချီးကျူးဘူးလား မပြောနိုင်ဘူး။ ဒါပေမဲ့ မောင်နု အနေနဲ့ကတော့ သူ့ပန်ကြားလွှာကို သိပ်ကြိုက်နေတာဘဲ ချစ်ဒုက္ခနဲ့ ရင်ဆိုင်ရတိုင်း ဘယ်တော့မှ ကိုယ့်ကိုယ်ကို အားမကိုးဝံ့ပဲ စာပို့ကုလားကိုသာ အစဉ်ထာဝရ အားကိုးရရှာသော မောင်နုဟာ နောက်တနေ့ မနက်ကို ရောက်လာတဲ့အခါ အဲဒီနေ့အတွက် ပထမဆုံးအလုပ်အနေနဲ့ သူ့ပန်ကြားလွှာကို စာတိုက်ပုံးထဲ သွားပြီးထည့်လိုက်တယ်။ စီစီသာ သူ့အပေါ်မေတ္တာရှိမယ်ဆိုရင် တနင်္ဂနွေ တပတ်အတွင်း စာပြန်ရမယ်လို့ မောင်နုတွက်ထားတယ်။ ဒါပေမဲ့ တနင်္ဂနွေ သုံးပတ်ကုန်တဲ့အထိ ဘာသံမှ မကြားဘူး။ စီစီလက်ထဲကို စာမရောက်ဘူး။ လမ်းမှာ ပျောက်သွားတာ ဖြစ်နိုင်တယ်လို့ သူ့ကိုယ်သူ အားပေးပြီး မောင်နုဟာ နောက်ထပ် စာတစောင် ထည့်လိုက်တယ်။ တနင်္ဂနွေ သုံးပတ်ကြာသည့်တိုင်အောင် ဘာသံမှ မကြားရဘူး။ နောက်တစောင်ထပ်ပို့ရင် စာပြန်ကောင်း ပြန်လိမ့်မယ်လို့ သူ့ကိုယ်သူ တရားချပြီး မောင်နုဟာ စီစီအောင်ကြီးဆီကို တတိယစာပို့ပြန်တယ်။ တလလောက်ကြာလို့ ဘာသံမှ မကြားရတဲ့အခါ ဒီကိစ္စကို ဘယ်လိုလုပ်ရမလည်းလို့ မောင်နုဟာ ပန်းကန် ကိုဗဂျမ်းနဲ့ တိုင်ပင်တယ်။ ကိုဗဂျမ်းက သူ့မှာ ရည်းစား ရှိနေပြီ ထင်တယ်လို့ ဖြေတယ်။ ကျွန်တော်ကတော့ ဒီလိုမထင်ဘူး။ ကျွန်တော့ကို မေတ္တာမရှိလို့စာမပြန်တာလို့ ယူဆတယ်။ ဟိုနေ့က ရုပ်ရှင်ရုံရှေ့မှာ သူတို့အနား မသွားမိတာ သိပ် ကံကောင်းတယ်။ သွားမိရင် လူတွေထဲ အရှက်ကွဲမှာပဲလို့ မောင်နုက ပြန်ပြောတယ်။ မောင်နုဟာ အဲဒီ အချိန်ကစပြီး စီစီအောင်ကြီးဆီကို ဘာစာမှ မရေးတော့ဘူး။ မတ်လ စာမေးပွဲကြီး လုပ်တဲ့အခါ စီစီ။ ကိုဗဂျမ်းနဲ့ မောင်နုတို့ဟာ ခန်းမကြီးတခုထဲမှာ အတူတူဖြေရတယ်။ နောက်ဆုံးဘာသာကို ဖြေပြီးတဲ့အခါ စီစီက ခမ်းမကြီးထဲက အရင်ထွက်တယ်။ စီစီရဲ့နောက်က မောင်နုထွက်တယ်။ မောင်နုရဲ့နောက်က ကိုဗဂျမ်းထွက်တယ်။ စီစီဟာ ကိုက်သုံးဆယ်လောက် လျောက်မိတဲ့အခါ မောင်နုတို့ဖက်ကို လှည့်ကြည့်ပြီး ရပ်နေတာကို ကိုဗဂျမ်းမြင်လိုက်တယ်။ အဲဒါကြောင့် ကိုဗဂျမ်းဟာ ကိုနု ဟိုမှာ စီစီရပ်ပြီး စောင့်နေတယ်။ သွားသွားလို့ မောင်နုကို အလန့်တကြား သုတ်သီးသုတ်ပြာ ပြောလိုက်တယ်။ မောင်နုဟာ မသွားရဲဘူးလို့ ကိုဗဂျမ်းကို တိုးတိုးပြောပြီး အနာက အခန်းတခုထဲကို ဝင်ပြေးတယ်။ ကိုဗဂျမ်းလည်း အခန်းထဲကို လိုက်လာပြီး စီစီကခင်ဗျားကို စောင့်နေတာ သွားပါဗျာလို့ မောင်နုကို ထပ်တိုက်တွန်းတယ်။ စာသုံးစောင်ကို ပေးပြီးပြီ။ စီစီိဆီက ပြန်စာမရ ကတဲက စီစီဟာသူ့ကို မချစ်ဘူးလို့ မောင်နုဆုံးဖြတ်လိုက်ပြီးပြီ။ အဲဒါကြောင့် ကျွန်တော့်ကို စောင့်တာဟာ မေတ္တာရှိပါတယ်လို့ စကားပြန်ဘို့ မဟုတ်ဘူး။ သူ့ဆီကို နောက်ထပ် စာမရေးနဲ့တော့လို့ ပြောဖို့စောင့်နေတာ ကျွန်တော်မသွားချင်ဘူးလို့ မောင်နုကပြန်ပြောတယ်။ ခင်ဗျားဟာ တခြားနေရာတွေမှာ အင်မတန်စွာပြီးဒီနေရာမှာ သိပ်သတ္တိကြောင်တယ်။ ကျွန်တော်သာဆိုရင် စီစီိဆီကို သွားမယ်။ သူကစာမရေးနဲ့လို့ ပြောရင် အေးကောင်းပြီ။ ကျေးဇူးတင်တယ်လို့ ခပ်တည်တည် ပြန်ပြောမယ်၊ ခင်ဗျားလိုတော့ ဖိုးသာဝ နသိုးလို သဝေထိုးပြီးမပြေးဘူး။ ခင်ဗျားဟာ မိန်းမတွေကို ချစ်တဲ့နေရာမှာ သူများထက် မြန်တယ် ကြောက်တဲ့နေရာမှာလည်း သူများထက်ပိုတယ်။ လာဗျာ ကျနော်လည်းလိုက်မယ်။ နောက်ထပ်သူ့ဆီကို စာမရေးပါနဲ့ လို့ပြောရင် ခင်ဗျားဘာမှ မပြောနဲ့။ ကျနော်ဖြေမယ်။ လာပါဆိုပြီး ကိုဗဂျမ်းဟာ မောင်နုကို အတင်းဆွဲခေါ်တယ်။ သူတို့နှစ်ယောက်ထွက်လာတဲ့ အခါ စီစီဟာ အဲဒီနေရာမှာမရှိ တော့ဘူး။ ကျောင်းသူတွေ အပန်းဖြေခမ်းမ သွားပြီး စီစီနဲ့တွေ့ရအောင် ကိုဗဂျမ်းက အဆိုသွင်းသေးတယ်။ မောင်နုက အတင်းခေါင်းခါပြီး ငြင်းတာနဲ့ ဒီအကြံ ပျက်သွားခဲ့ရတယ်။ ကောလိပ်ကျောင်းသားတွေဟာ ကျောင်းတက်ချိန်မှာ ကောလိပ်ကျောင်းသူတွေကို တွေ့ချင်ရင် အဲဒီ ကျောင်းသူ အပမ်းဖြေခန်းမကို သွားကြတာပဲ၊ သူတို့ တွေ့ချင်တဲ့ ကျောင်းသူတွေဟာ ခန်းမထဲက ထွက်လာပြီး အဲဒီအနီးတဝိုက်မှာ ကျောင်းသားတွေနဲ့ တွေ့ကြတာပဲ။ ဒီအခန်းနားကို ဖြတ်သွားကြတဲ့ ကျောင်းသားတွေဟာ ဒီအနီးတဝိုက်မှာ ဒီလိုပဲ မတ်တပ်ရပ်ရင်း စကားပြောကြတဲ့ စုံတွဲတွေကို အချိန်မရွေး မြင်နိုင်ပါတယ်။ ကျောင်းဆင်းချိန်မှာ ကောလိပ်ကျောင်းသူတွေကို တွေ့ချင်တဲ့ ကျောင်းသားတွေဟာ အင်းလျားကျောင်းဆောင်ကို သွားကြ တာပဲ။ မောင်နုဟာ ကောလိပ်မှာ ၈နှစ် တိုင်တိုင် နေခဲ့ပေမယ့် အဲဒီအပန်းဖြေခန်းမ အနီးအနားမှာ ဘယ်ကျောင်းသူနဲ့မှ ချိန်းမတွေ့ခဲ့ဖူးဘူး။ မတွေ့ချင်လို့တော့ မဟုတ်ပါဘူး။ ကြောက်လို့မတွေ့တာပါ။ အင်လျားကျောင်းဆောင်ကိုတောင် တခါပဲ ရောက်ခဲ့ဘူးတယ်။ အဲဒါဟာလည်း တခြားကြောင့်မဟုတ်ပါဘူး။ ဘုတလင် ကိုသိန်းဖေက သူ့မိတ်ဆွေ မသိန်းနုကို သွားတွေ့မလို့ လိုက်ခဲ့ပါ ခေါ်တာနဲ့ ပါသွားတာပါဘဲ။ သူ့ အလိုအလျောက် ဘယ်သူနဲ့မှ မတွေ့ဖူးဘူး။ အဲဒီလိုသတ္တိကြောင်တဲ့ စိတ်တွေဟာ အတင်း ဝိုင်းပြီးဖျက်တဲ့ အတွက် အပန်းဖြေခန်းမမှာ စီစီကိုလိုက်တွေ့ဆိုတဲ့ ကိုဗဂျမ်းရဲ့ ဖူးစာရေး အဆိုကြီးဟာ ပျက်သွားရတာ ဖြစ်တယ်။ စီစီဟာ ၁၉၂၆ ခုနှစ်ဇွန်လထဲမှာ ကျောင်းပြန်ဖွင့်တဲ့အခါ ပြန်မလာတော့ဘူး။ မောင်နု စုံစမ်းကြည့်တဲ့အခါ အဆုတ်နာရောဂါနဲ့ အနိစ္စ ရောက်သွားတယ်လို့ ကြားရတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရေစက်ဟာ မကုန်သေးဘူး။ သေသွားတယ်ဆိုတဲ့ စီစီနဲ့ မောင်နု တို့ဟာ ထူဆန်းစွာ ပြန်တွေ့ ကြရ သေးတယ်။ ဘယ်လိုတွေ့တယ်ဆိုတာ သက်ဆိုင်ရာ အခန်းရောက်မှပဲ ဆက်ပြောတော့မယ်။

Read More...

တာတေစနေသား အခန်း(၄)

ဆယ်တန်းစာမေးပွဲ အောင်တဲ့အတွက် မောင်နုက ဘာမှ မဖြစ်ဘူး။ သူ့အဖေ ဦးစံထွန်းဟာ ဝမ်းသာလွန်းလို့ ခြေမိကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပြီး မိတ်ဆွေရင်းချာတွေကို သာမက နဲနဲပါးပါးလောက်သာ သိကျွမ်းဖူးတဲ့ လူတွေကိုပါ။ သူ့သားစာမေးပွဲ အောင်တဲ့အကြောင်း လျောက်ပြောတယ်။ နောက်တနေ့ကျတော့ မောင်နုရဲ့ သူငယ်ချင်း တွေကို အဖိတ်ခိုင်းပြီး သူ့သား စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်နဲ့ အိမ်မှာ ညစာ ထမင်း ကျွေးတယ်။ သူ့သားရဲ့ အောင်ပွဲအတွက် အထူးဟင်း ဆိုပြီး သူကိုယ်တိုင်ချက်တယ်။ ဟင်းတွေက ထူးလည်း ထူးပါတယ်။ ကြက်သားဟင်းကျတော့ ထူးသထက်ထူးအောင် အချိုလည်းမဟုတ်။ အချဉ်လည်း မဟုတ်၊ ငရုပ်သီးထောင်းရော၊ နွားနို့ရော၊ အုံးနို့ရော တပြုံကြီးထည့်တာပဲ၊ ဧည့်သည်တွေ မကြိုက်ကြဘူး ထင်တယ်။ အဲဒီဟင်းကို သိပ်မနှိုက်ကြဘူး။ ဟေ့ကောင်တွေ ထည့်စားကြကွာ၊ ကလျာဏီဟင်းဆိုတာ ဒါပဲ လို့ ဝမ်းသာအားရပြောပြီး မောင်နုသူငယ်ချင်းတွေရဲ့ ပန်းကန် ထဲကို ကလျာဏီ ဟင်းတွေ ဦးစံထွန်း အတင်း လိုက်ထဲ့ပေးတယ်၊ မောင်နုဟာ ကောလိပ်ကျောင်းကို ရောက်တဲ့အခါ ကမ္ဘာ သစ်တခုထဲကို ရောက်လာရသလို ဖြစ်နေတယ်၊ အဆောက်အဦးတွေကလည်း သူအရင်နေခဲ့ရဘူးတဲ့ ဘုန်းကြီးကျောင်း အိုကြီးတွေ စစ်တန်းလျားတွေလို မဟုတ်ဘူး။ အတော်ခမ်းနား သပ်ယပ်တဲ့ အဆောက် အဦးတွေ တွေ့ရတဲ့ ကျောင်းသူကျောင်းသားတွေ အတော်များများကလည်း မြီု့မအထက်တန်း ကျောင်းမှတုန်းက သူတွေ့ခဲ့ရတဲ့ သူလိုငါလို။ ကျောင်းသူကျောင်းသားမျိုးတွေ မဟုတ်ဘူး။ အင်္ဂလိပ်စာ။ မြန်မာစာ။ အက္ခရာ သင်္ချာ။ ကင်မစ္စရီ။ ဖီးဆစ်။ ဥပဒေ အစရှိတဲ့ ဘာသာရပ်အသီးသီးမှာ အင်မတန် ထူးချွန်တဲ့ လူရည်ချွန်တွေ။ စင်မြင့်ပေါ်မှာ စကားပြောကောင်းတဲ့ ကျောင်းသားတွေ။ ဘောကန်ကောင်းတဲ့ ကျောင်းသားတွေ။ တင်းနစ် အရိုက်ကောင်းတဲ့ ကျောင်းသားတွေ။ အတုခိုးစရာ တကယ်ထူးချွန်တဲ့ ကျောင်းသားတွေ ပြည့်နေတာဘဲ၊ အဲဒီကမ္ဘာသစ်ထဲကို ရောက်လာတဲ့အခါ မောင်နုရဲ့စိတ်ဟာ အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲချက်တွေ အများကြီး ဖြစ်နေတယ်။ အရင်တုန်းက အထက်တန်းစားတွေကို ဆက်ပြီးသင်ချင်တဲ့ ဆန္ဒသူ့မှာလုံးဝ မရှိခဲ့ဘူး။ အခုဆိုရင် အများကြီးရှိလာပြီ။ အရင်တုန်းက သူကြီးလာရင် ဘာလုပ်မယ်ဆိုတာ တခုမှ မစဉ်း စားခဲ့ဖူးဘူး။ အခုဆိုရင် အများကြီး စဉ်းစားလာပြီ။ ဆယ်တန်းတုန်းက ရှိတ်စပီးယား ရဲက ပြဇာတ်တွေထဲက ကောက်နှုတ်ချက်ကလေးတွေ ဒီပြဇာတ်တွေကို အင်္ဂလိပ်စကားပြေနဲ့ ပြန်ရေးထားတာတွေကို ကျောင်းစာတွေအဖြစ်နဲ့ သင်ခဲ့ရတယ်၊ အဲဒါကြောင့် မောင်နုဟာ အဲဒီစာတွေထဲမှာ သိပ်စိတ်မဝင်စားလှဘူး။ တက္ကသိုလ်ရောက်တဲ့အခါ ကောလိပ် စာကြည့်ခမ်းထဲမှာ ရှိတ်စပီးယား ရဲ့ ပြဇာတ်တွေ၊ ကဗျာတွေကို အတန်းစာအဖြစ်နဲ့ မဟုတ်ပဲ။ သူ့သဘောနဲ့သူ ဖတ်ရတဲ့အတွက် သိပ်သဘောကျတယ်။ ဒီလိုသဘောကျ တာတွေများလာတော့ မောင်နုဟာ ပြဇာတ်ရေးဆရာ လုပ်ချင်သလိုလို ဖြစ်လာတယ်။ ရှီတ်စပီးယားရေးတဲ့ ဘလင့်ဗါ့စ် (Blank Verse) ကို အတုခိုးပြီး နဲနဲပါးပါး ရေးစမ်းကြည့်တယ်။ ရှိတ်စပီးယားရဲ့ ဆွန်းနက် ကဗျာတွေကို အတုခိုးပြီး ရေးကြည့်တယ်။ အမှန်စင်စစ် ကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့မောင်နုက သူဟာသူ သိပ်ကြိုက်နေတယ်။

မောင်နုကောလိပ်ရောက်လို့ မကြာခင်မှာဘဲ ပြည်ကျောင်းဆောင်နဲ့ တကောင်း ကျောင်းဆောင်တွေဟာ ဘောသင်းတသင်းစီ ထောင်တယ်။ ပြည်ကျောင်းဆေင် ဘောသင်းရဲ့ ကပ္ပတိန်ဟာ စောဓူဝံ၊ တကောင်းဘက်မှာတော့ မောင်ရှင်ဖြစ်တယ်။ မောင်နုဟာ တကောင်းမှာ သုံးယောက်တန်း ဘယ်ဘက်က ကစားတယ်။ မောင်နုဟာ ဆွန်းနက်ကို ရေးတတ်ခါစ သူ့လက်ကို ထိန်းမရ တဲ့ အတွက် စောဓူဝံကို ပြောင်လှောင်တဲ့ ဆွန်းနက်တွေကို မကြာခဏ ရေးရေးပြီး ပြည်ကျောင်းဆောင်ရဲ့ ထမင်းစားခမ်းက နို့တစ်ဘုတ်မှာ ကပ်လေ့ရှိတယ်။ စောဓူဝံဟာ ဒီဆွန်းနက် တွေကို မြင်တိုင်း သိပ်ဒေါပွ တယ်။ တညလသာသာ ၁၁နာရီလောက်မှာ ခပ်လှမ်းလှမ်း နေရာတခုက ကုလားတယောက်ဟာ ဒိုးပတ်ကို တီးနေတာ မောင်နုကြားရတယ်။ ဒီအသံကြားပြီး ဒီလရောင်မြင်ရတဲ့အခါ မောင်နုရဲ့ ရင်ထဲမှာ လှပ်လှပ်။ လှပ်လှပ် ဖြစ်လာတယ်။ အဲဒါကြောင့် Under a Marian tree မရမ်းတပင် အောက်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွန်းနက် ကဗျာ တပုဒ်ရေးတယ်။ နောက်တနေ့ကျတော့ သူ့ကျူတာ တယောက်ကို ဒီဆွန်းနက် ပြကြည့်တယ်။ အဲဒီလိုပြပြီး သူ့ကျောင်းက ထွက်ရင်ပြဇာတ်ရေးဆရာ လုပ်ချင်တဲ့ အကြောင်း ပြောပြတယ်။ ဒီကျူတာဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်။ ဘယ်တပည့်ကိုမှ စိတ်ပျက်သွားအောင်။ ရှက်သွား အောင်။ စိတ်နာသွားအောင် မပြောဘူး။ အဲဒါကြောင့် မောင်နုရဲ့ ဆွန်းနက်ကို ဖတ်ကြည့်ပြီး ကြိုးစားကွာ၊ ကြိုးစားရင် အောင်မြင်ရမှာပေါ့လို့ ချီးမွမ်းတာလည်းမဟုတ်။ ကဲ့ရဲ့တာလည်း မဟုတ် မယုတ်မလွန် ဒီ ကျုတာက ပြောတယ်။ အဲဒီကျုတာရဲ့ တိုက်တွန်းချက်အရမောင်နုဟာ ဘားနတ်ရှောရေးတဲ့ ဂျူးလီးယပ် ဆီဇာနဲ့ ကင်ဒစ်ဒါးဆိုတဲက ပြဇာတ်စာအုပ် နှစ်အုပ်ကို စဖတ်ရတယ်။ စကားပြေဟာ ဘလင့်ဗာစ် နဲ့ ရေးရ တာထက် မောင်နုအတွက် ပိုလွယ်တယ်။ အဲဒါကြောင့် ဘာနတ်ရှောရဲ့ စာအုပ်နှစ်အုပ်ကို ဖတ်ပြီးတာနဲ့ ပြဇာတ်ရေးရင် စကားပြေနဲ့ ရေးဘို့ မောင်နု ဆုံးဖြတ်တယ်။ တနေ့ကျတော့ မောင်နုဟာ ကောလိပ် စာ ကြည့်တိုက်မှာ သူဖတ်ဘို့ စာအုပ်လိုက်ရှာနေတုန်း စပိန်စာရေးဆရာကြီး သာဗင်းတပ်စ်ရေးတဲ့ ဒွန်ကီ ဟိုးတီး ဝတ္တု ကိုသွားတွေ့တယ်။ ဒွန်ကီးဟိုးတီးဟာ မတရားမှုမှန်သမျှကို တိုက်ဖျက်ပစ်မယ် လို့ သူ့ကိုယ်သူ အထင်ကြီးပြီး ဘဝင်မြင့်ရောဂါ စွဲကပ်နေတဲ့ မရူးတရူး၊ ခပ်နှမ်းနှမ်း လူတယောက်ဖြစ်တယ်။ သူ့အဖြစ် အပျက်တွေဟာ အတော်ရယ်စရာ ကောင်းတယ်။ မောင်နုရဲ့ အဖြစ်အပျက်အတော်များများနဲ့ တူလွန်းလို့ မောင်နု ကောလိပ်စာကြည့်ခန်းထဲမှာ အိနြေ္ဒမဆယ်နိုင်ဘူး။ တခိခိ တဝါးဝါးနဲ့ ရယ်ရင်း ဒီဝတ္တုကို သိပ်စွဲနေ တယ်။ ဒီဝတ္တုဟာ မောင်နုအပေါ်မှာ ဘယ်လောက် လွှမ်းမိုးနေတယ်ဆိုတာ ထင်ရှားအောင် သာဓကလေး တခုကို ဖော်ပြချင်တယ်။ ကောလိပ်ကျောင်းကို ရောက်ပြီးလို့ တလလောက်အကြာ မောင်နုဟာ တကောင်းကျောင်းဆောင် အနားမှာ လမ်းလျှောက်နေတုန်း ခွေးကြီးတကောင်က အစာ လုစားချင်တဲ့ အတွက် အစားစားနေတဲ့ခွေးလေး တကောင်ကို အတင်းလှိမ့်ပြီး ကိုက်နေတာ မောင်နု မြင်ရတယ်။ အနားမှာ ရှိတဲ့ ခဲနှစ်လုံးကို ကောက်ပြီး ခွေးကြီးကို အတင်းပြေးပေါက်တာဘဲ။ ခွေးကြီးဟာ ခွေးငယ်ကို လွှတ်ပြီး ထွက်ပြေးတာတောင် မောင်နုရဲ့ဒေါသဟာ မပြေသေးဘူး ခွေးကလေးကို အနိုင်ကျင့်ပြီး သူ့အစာလုစားမဲ့ ခွေးဆိုးကြီးကို နာနာနှက်ပေးရမယ်ဆိုတဲ့ စိတ်ထားနဲ့ ခွေးကြီး နောက်ကို အတော် ကြာအောင် မောင်နုပြေးလိုက်သေးတယ်။ မောင်နုဟာ ဒွန်ကီဟိုတီးကို ဖတ်ပြီးတဲ့အခါ ဒါမျိုးတွေ သိပ် မလုပ်တော့ဘူး။ သူ့ရဲ့ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးကို ထိန်းသိမ်းမှုတွေ အတော်လုပ်လာတယ်။ အဲဒီ ကောလိပ်ကျောင်းကို ရောက်တဲ့ ပထမနှစ်မှာဘဲ နှလုံးကြီးရောဂါ တကြိမ်ထလိုက်သေးတယ်။ အဲဒီရောဂါ ဟာ မောင်နုရဲ့ ဘဝမှာ အရေးပါ အရာရောက်တဲ့ အချက်တချက် ဖြစ်နေတဲ့အတွက် ဒီအချက်ကိုလည်း ဒီနေရာမှာ ဖော်ပြသင့်တယ်။ ဝါးခယ်မမှာ တင်တင်မြင့် ဆိုတဲ့ ကျောင်းသူတဦးရှိတယ်။ သူ့အဖေဟာ အငြိမ်းစား ရာဇဝတ်ဝန် ဦးခင် ဆိုသူဖြစ်တယ်။ တင်တင်မြင့်မှာ အမသုံးယောက်ရှိတယ်။ ညီမ တယောက် ရှိတယ်။ ဒီညီအမ ငါးဦးစလုံးဟာ မိန်းမချောတွေချည်းဘဲ။ မောင်နုဟာ ဝါးခယ်မကျောင်းမှာ တင်တင်မြင့်နဲ့ ပထမတန်းကစပြီး ခုနှစ်တန်းအထိ အတူတူနေခဲ့ဘူးတယ်။ ဒါပေမဲ့ တင်တင်မြင့်ဟာ အိနြေ္ဒကြီးတဲ့ မိန်း ကလေးဖြစ်တဲ့ အတွက် သူကလည်း ဘယ်ယောင်္ကျားလေးကိုမှ စကားမပြောဘူး။ ဘယ်ယောင်္ကျားလေး မှလည်း သူ့ကို စကားမပြောဝံ့ဘူး။

၁၉၂ဝ-ပြည့်နှစ် ပထမကျောင်းသား သပိတ် ဖြစ်တဲ့အခါ တင်တင်မြင့်က ကျောင်းမှာကျန်ရစ်တယ်။ မောင်နုတို့က ထွက်လာတယ်။ အဲဒီအချိန်ကစပြီး တယောက်နဲ့ တယောက် မတွေ့ရတော့ဘူး။ ဒါပေမဲ့ ၁၉၂၄ ခုနှစ်။ ဝါးခယ်မ တန်ဆောင်းတော်ကြီး အတွင်းမှာကျင်းပတဲ့ တန်ဆောင်တိုင် ပွဲမှာ မောင်နုဟာ တင်တင်မြင့်ကို တွေ့လိုက်တဲ့အခါ သူ့စိတ်ထဲမှာ ရှေးတုန်းက တခါမှ မဖြစ်ဘူးတဲ့ ချစ်စိတ်တွေဟာ အလွန်အမင်း ပြင်းပြင်းထန်ထန်ကြီး ဖြစ်လာတယ်။ မောင်နုဟာ တခြားကိစ္စ တွေမှာသာ လူရဲကြီး လုပ်ဝံ့တယ်။ အချစ်နဲ့ ပတ်သက်လာရင်တော့ သတ္တိကြောင်တယ်။ တချို့ ယောင်္ကျားလေးတွေလို သူတို့ချစ်တဲ့ မိန်းခလေးတွေကို လူပျိုစကား လိုက်ပြောတာတို့ မေတ္တာစာ လိုက်ပေး တာတို့ မလုပ်ရဲဘူး။ အဲဒါကြောင့် သူဟာ စာပို့ကုလားကို အားကိုးပြီး နောက်တနေ့ကျတော့ တင်တင်မြင့် ဆီကို စာတိုက်က စာတစောင် ထည့်လိုက်တယ်။ အိနြေ္ဒကြီးလှတဲ့ တင်တင်မြင့်ဆီက စာတစောင်မှ ပြန်မလာဘူး။ ဒါပေမဲ့ မောင်နုမှာ အဓိဌာန်များ ရှိနေသလားမသိဘူး။ ၁၉၂၄ ခုနှစ် နိုဝင်ဘာ လောက်ကစပြီး ၁၉၂၅ ခုနှစ် မတ်လ လယ်လောက်အထိ တင်တင်မြင့် ဆီကို စာပေါင်း၃ဝထက် မနည်း တစောင်ပြီးတစောင် ထည့်ခဲ့တယ်။ နောက်နှစ်ပေါင်း ၃၆နှစ်လောက်ကြာတဲ့အခါ ဒေါ်တင်တင်မြင့်ရဲ့ ခဲအို အင်ဂျင်နိယာချုပ် ဦးကျော်စိန်နဲ့ စကားပြောနေတုန်း၊ ဦးနုဟာ ငယ်ငယ်တုန်းက တင်တင်မြင့်ကို စာပေါင်း ၃ဝကျော် ပေးခဲ့ ဘူးတာ ပြန်ပြီးသတိရတယ်။ အဲဒီအခါကျတော့မှ သူငယ်ငယ်က ဂမူးရှုးထိုး၊ နသိုးကြိုးပြတ် လုပ်ခဲ့မိတာကို နောင်တရပြီး ဒေါ်တင်တင်မြင့်ကို ပြောပေးဘို့ ဦးနုက ခဲအို ဦးကျော်စိန်ကို မေတ္တာရပ်ခံ ခဲ့တယ်၊ ဒေါ်တင်တင်မြင့်ဟာ ဦးကျော်စိန်ကို ပြောတဲ့အချိန်အထိ အပျိုကြီးဘဲ၊ နောင်လည်း အိမ်ထောင်ပြုမဲ့ လက္ခဏာ မရှိပါဘူး။ ဒီကိစ္စကို အတော်စက်ဆုပ်ပုံပေါ်တယ်။

Read More...

သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

သတင်းစာ ဆရာကြီး ဦးဝင်းတင်

မနေ့က စစ်အစိုးရမှ အကျဉ်းသား ၉၀၀၀ ကျော်ကို လွှတ်ပေးရာတွင် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော အသက် ၇၉ နှစ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ပြန်လည်လွှတ်ပေး လိုက်ကြောင်း သိရသည်။

ဦးဝင်းတင်သည် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၉ ခု ဇူလိုင် (၄) ရက်တွင် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ လွတ်ရက်စေ့ကာနီး ၁၉၉၂ မတ်လတွင် ထောင်ဒဏ် (၁၀) နှစ် ထပ်မံချခံရပြီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ထံ စာရေးတိုင်ကြားမှုဖြင့် ၁၉၉၆ မတ်လ၌ နောက်ထပ် ထောင်ဒဏ် (၇) နှစ် ထပ်ဆင့် ချမှတ်ခံခဲ့ရသည်။

အသက် (၇၉) နှစ်ရှိပြီဖြစ်သည့် ဦးဝင်းတင်သည် အကျဉ်းထောင်တွင်း၌ သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် အရိုးကျီးပေါင်းတက် ဝေဒနာများ ခံစားနေရပြီး ပြီးခဲ့သည့် ဇူလိုင်လက ထောင်သက်တမ်း (၁၉) နှစ်ပြည့်ပြီဖြစ်ကာ သက်တမ်းကျော်လွန်ပြီး ဖမ်းဆီးခံထားရသည့် နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

နိုင်ငံရေးမလုပ်တော့ပါဟု ခံဝန်ချက်ကတိ လက်မှတ်ရေးထိုးလျှင် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ဦးဝင်းတင်က ထိုကမ်းလှမ်းချက်ကို တောက်လျှောက်ပယ်ချခဲ့သည်။ ၂၀၀၅ ဇူလိုင်လတွင် အာဏာပိုင်များက ဦးဝင်းတင်ကို ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ပြီး အင်းစိန်ထောင်ဗူးဝသို့ ရောက်ရှိပြီးကာမှ ထောင်မှူးက ပြန်ခေါ်ဆောင်ကာ ပြန်လည် အကျဉ်းချထားခြင်း ခံခဲ့ရသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို (UNESCO) မှချီးမြင့်သော ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (Guillermo Cano World Press Freedom Prize) နှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom)၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆု (Winner of Reporters Without Border) များကို ချီးမြှင့်ခဲ့သည်။

ယခုအကျဉ်းသားများ လွှတ်ပေးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော် အမတ် များဖြစ်သည့် ဒေါက်တာ သန်းငြိမ်း( ပြည်ထောင်)၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့် ( အင်းစိန် ထောင်)နှင့် ဦးအောင်စိုးမြင့် (သရက်ထောင်)တို့လည်း ပြန်လည် လွတ် မြောက်လာကြောင်းသိရသည်။

သရက်ထောင်မှ လွှတ်သည့် အကျဉ်းသား ၄၀ တွင် ဦးအောင်စိုးမြင့် တဦးသာလျှင် နိုင်ငံရေးအကျဉ်းသား ပါဝင် ကြောင်း သိရသည်။
အန်အယ်လ်ဒီ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးခင်မောင်ဆွေ ကို လားရှိုးထောင်မှ ပြန်လည် လွှတ်ပေးလိုက် ကြောင်း၊ တတ်သိပညာရှင်များအဖွဲ့မှ ဦးဝင်းထိန်ကို ကသာထောင်မှလွှတ်ကြောင်း၊ သပိတ်ကျင်း အန်အယ်လ်ဒီ ဦးအေးသိန်း ကို ကလေးထောင်မှ ပြန်လွှတ်လိုက်ကြောင်းနှင့် မန္တလေး အန်အယ်လ်ဒီ ဦးသိန်းတန်ကို မန္တလေး ထောင်မှ ပြန်လွှတ်လိုက်ကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။

စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ယခုကဲ့သို့ အကျဉ်းသားများအားပြန်လွှတ်ပေးခြင်းသည် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အကျိုးပြုစေမည့် နိုင်ငံသားများဖြစ်စေရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံတ၀န်း အကျဉ်းစခန်းများမှ အကျဉ်သား ၉၀၀၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Read More...

တာတေ စနေသားအခန်း (၃) (ဦးနု)

(က)
မောင်နုဟာ ၁၉၂၂ မေလ အစလောက်မှာ သရက်တောကျောင်းတိုက်ထဲက နေရှင်နယ်ကျောင်းကို ရောက်လာတယ်၊ ရပ်ဝေးက ရောက်လာကြတဲ့ ကျောင်းသားတွေ နေဘို့ စားဘို့အတွက် ကျောင်းအုပ်ချုပ် ရေးအဖွဲ့က လှည်းတန်းထဲမှာ တိုက်တလုံးငှားပေးထားတယ်၊ နောက်ခြောက်လ ကြာတဲ့အခါ ကျောင်းအုပ် ချုပ် ရေးအဖွဲ့ဟာ အဲဒီတိုက်ကို ဆက်မငှားနိုင်တော့ဘူး။ အဲဒါကြောင့် မောင်နုတို့လူစုဟာ သရက်တော ကျောင်းတိုက်ထဲက ဘုန်းကြီးကျောင်းမှာ လှည်းတန်းတုန်းကလို ကျောင်းအိပ် ကျောင်းစားတွေအတွက် စည်းကမ်း သိပ်မကြီးတော့ဘူး။ ညတညတော့ ရန်ကုန်အရှေ့ပိုင်းမှာ မီးအကြီးအကျယ်လောင်တယ်၊ မောင်နုနဲ့ သူ့သူငယ်ချင်းဟာ သရက်တောကျောင်းရဲ့ အပြင်ဘက်ကို ထွက်ပြီး အပေါ်ကို ထိုးတက်နေတဲ့ မီးရောင်တွေကို လှမ်းကြည့်နေကြတယ်၊ မောင်နုကို ဒီလူရဲ့နာမည်မေးလို့မရဘူး။ မီးလောင်တာကို လှမ်းကြည့်လို့ အတော်ကလေး ကြာလာတဲ့အခါ မောင်နုက အဲဒီသူငယ်ချင်းကို လှမ်းပြီး။ ပြည့်တန်ဆာမ တွေ ဘယ်မှာရှိသလဲ။ ခင်ဗျားသိသလား လို့မေးတယ်။ သိတယ်လို့ အဲဒီလူက ဖြေတယ်။
အဲဒီကို ကျနော်သွားချင်တယ်၊ ခင်ဗျားလိုက်ပို့မလားလို့ မောင်နုက ထပ်မေးတဲ့အခါ ချာတိတ် မင်းသွားချင်လိုက်ပို့ မယ်၊ ဒါပေမဲ့ ငါပို့တယ်ဆိုတာ မင်းဘယ်သူ့ကိုမှ မပြောရဘူးလို့ ဒီသူငယ်ချင်းက ကတိတောင်းတယ်၊ မောင်နုကလည်း မပြောပါဘူးလို့ ကတိပေးပြီး သူတို့နှစ်ယောက် ထွက်သွားကြတယ်၊ လမ်းမှာ မောင်နု အရက်သောက်ချင်တယ် ဆိုတဲ့အတွက် သူ့သူငယ်ချင်းဟာ မောင်နုကို တရုတ်ပျော်ပွဲစားဆိုင် တဆိုင် ခေါ်သွားတယ်၊ မောင်နုဟာ အရက်ကို မချိန်ဆတတ်ဘူး။ အရမ်းသောက်ချင်တယ်၊ သူ့သူငယ်ချင်းက ထိမ်းထားတဲ့အတွက် နဲနဲသောက်ပြီး ပြည့်တန်ဆာတန်းကို ထွက်သွားကြတယ်၊ အရက်သောက်တာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာ မောင်နုမတွေးမိဘူး။ ပြည့်တန်ဆာတန်းကို သွားတာကလည်း ဘယ်လောက် ဆိုးတယ်ဆိုတာမောင်နု မတွေးမိဘူး။ တွေးနိုင်လောက်တဲ့ ညာဏ်လည်း သူ့မှာမရှိဘူး။ အဲဒါကြောင့် သူဟာ ရန်ကုန်မြို့ကြီးထဲက တရုပ်ပျော်ပွဲစားရုံတရုံမှာ အရက်ကိုလည်း သောက်ဖူးပြီ။ ပြည့်တန်ဆာတန်းမှာ ပြည့်တန်ဆာမ တယောက်နဲ့လည်း ပျော်ပါးဘူးပြီ။ သူဟာ လူလည်တယောက် ဖြစ်လာပြီဆိုပြီး မောင်နုဟာ ဘဝင်မြင့်နေတယ်။ သူ့ကိုယ်သူ အတော်ဟုတ်လှပြီလို့ ထင်ပြီး ကျောင်းပိတ် လို့အပြန် သူ့မြို့က သူငယ်ချင်းတွေကို ဖောက်သည် ချဘို့တောင် သူစိတ်ကူး ထားလိုက်သေးတယ်။ အဲဒီနောက် မောင်နုဟာ ငွေလည်းရှိမယ်။ အဖေါ်လည်းကောင်းမယ်ဆိုရင် အရက်ဆိုင်နဲ့ ပြည့်တန်ဆာမ အိမ်ကို မရှောင်မလွှဲသာတဲ့ အလုပ်တခု အဖြစ်နဲ့ သူ့ကိုယ်သူ ထိန်းသိမ်းခြင်းမရှိပဲ သွားနေတာပဲ။ ၁၉၂၃ခုနှစ်လောက်ရောက်တဲ့အခါ မောင်နုမှာ ရောဂါတခု ရလာတယ်၊ သူ့သူငယ်ချင်းကို မေးကြည့်တဲ့အခါ ဒါဟာ ဂနို ရောဂါလို့ဖြေတယ်။ ပေါင်ထိပ်မှာလည်း အကြိတ်တလုံး ထွက်တယ်လို့ မောင်နုက ထပ်ပြောတဲ့ အခါ ဒီ ရောဂါက ဒီလိုဘဲလို့ သူသူငယ်ချင်းက ပြန်ဖြေတယ်၊ အဲဒီနောက် ဒီသူငယ်ချင်းရဲ့ အကူအညီနဲ့ မဂိုလမ်း၊ ဘင်ဂျမင်ဆေးဆိုင်က ဆေးတပုလင်း ဝယ်တယ်၊ ဆေးနာမည်ကိုတော့ မောင်နု ကောင်းကောင်းကြီး မမှတ်မိဘူး။ ဘဲလဆမ်းအော့ဖ်ကို ပေဘလို့ ခေါ်တယ်ထင်တယ်လို့ ပြောပြဘူးတယ်။ ပေါင်က အကြိတ်ပေါ်မှာတော့ အဲဒီသူငယ်ချင်းက ရေခဲတင်ပေးတယ်၊ လူငယ်တွေရဲ့စိတ်ဟာ ဘယ်လို စိတ်လည်း မဆိုနိုင်ဘူး။ အပြောရ အတော်ခက်တယ်။ ဒီဘဝရောက်နေတာတောင် သံဝေဂ မရနိုင်သေးဘူး။ ဒီဆေးစားပြီး ရေခဲအုံနေရတာကို အောက်ကျနောက်ကျ အခြေအနေက အထက်တန်းကို တိုးတက်လာတဲ့ အထိမ်းအမှတ်တခုအဖြစ်နဲ့ တောင် မောင်နုဟာ ကြိတ်ပြီး ဂုဏ်ယူနေလိုက်သေးတယ်။

အဲဒီနှစ် မတ်လ စာမေးပွဲအပြီး ကျောင်းပိတ်ရက်အတွင်း မောင်နုဟာ ဝါးခယ်မကို ပြန်သွားတယ်။ ဧပြီလ ၁၃ရက် သင်္ကြန်အကြိုရက်ကို ရောက်တဲ့အခါ မောင်နုနဲ့ သူငယ်ချင်း လေးငါးယောက်ဟာ ရယ်စရာ အဝတ်အစားမျိုးစုံတွေကို ဝတ်ပြီး မြို့ထဲမှာ ရေပက်ခံထွက်ဘို့ ဆုံးဖြတ်ကြတယ်၊ အဲဒီ ဆုံးဖြတ်ချက်အရ မြို့ထဲကို မထွက်ခင် ကမ်းနားလမ်းက တရုတ်ခေါက်ဆွဲဆိုင်ကို သွားပြီး မောင်နုတို့ လူစုဟာ အရက်တွေကို သောက်ကြတယ်၊ အသောက်လွန်သွားတဲ့အတွက် ဒီကောင်တွေဟာ မြို့ထဲကို ရေပက်ခံ မထွက်နိုင် တော့ဘူး။ ခေါက်ဆွဲဆိုင်ထဲမှာဘဲ ဝတ်လစ်စလစ် ကြည့်မကောင်း ရှုမကောင်းတွေဖြစ်ပြီး သူတို့ရဲ့ အန်ဖတ်ပုံတွေပေါ်မှာ လဲနေကြတယ်၊ သူတို့ရဲ့ မိဘတွေသိတော့မှ ဒီကောင်တွေကို ထမ်းပြီးခေါ်သွား ကြရတယ်၊ မောင်နုဟာ အဲဒီနေ့ကတဲက မူးနေလိုက်တာ သင်္ကြန် ဘယ်လိုတက်သွားတယ် ဆိုတာ မသိလိုက်ဘူး။ သူ့မိဘတွေလည်း အင်မတန် စိတ်ပူပြီး အမူးပြေအောင် ဧကရာဇ်မြစ်တို့ သံပုရာရည်တို့ အစရှိတဲ့ အိမ်နီးနားချင်းတွေ ပြောသမျှ ဆေးမီးတိုတွေနဲ့ အတော်ဖြေယူရတယ်။ အိမ်မှာနေရင် နောက်ထပ်အရက်မူးနေမှာ စိုးတဲ့အတွက် မောင်နုရဲ့အဖေ ကိုစံထွန်းဟာ ကျောင်းပိတ်ရက်အတွင်း တလိုင်းရွာစုအနားက စပါးကျည်မှာ သွားနေဖို့ သူ့သားကို နားချတယ်။ သူ့သူငယ်ချင်းတွေပါမှ လိုက်သွား မယ်ဆိုလို့ ကိုစံထွန်းဟာ သူ့သားရဲ့အလိုကို လိုက်ပြီး သူငယ်ချင်းတွေကို ခွင့်ပြုခဲ့ရတယ်၊ စပါးကျည်ဟာ ဝါးခယ်မသုဿန်နဲ့ မျက်စောင်းထိုး မြစ်တဘက်ကမ်းမှာ ရှိတယ်၊ အတော်သာယာတဲ့ နေရာလေးပါပဲ။

စပါးကျည်ရဲ့ ရှေ့မှာ နှစ်ထပ်အိမ်ကလေး တအိမ်ရှိတယ်၊ အဲဒီအိမ်မှာ မောင်နုနဲ့ သူငယ်ချင်းတွေ နေကြတယ်၊ ကိုစံထွန်းဟာ သူ့သားနဲ့ သူငယ်ချင်းတွေ စားဖို့ဆိုပြီး စားစရာတွေ အပြည့်အစုံ ဝယ်ပေး ထားတယ်၊ အဲဒီနောက် စပါးကျည်ကိုစောင့်နေတဲ့ သူ့ရဲ့ညီ ဝမ်းကွဲ ကိုဘဝိုင်းကို ခေါ်ပြီး၊ ဟေ့ ဘဝိုင်း ဒီကောင်တွေကို ဒီမှာ ပျော်အောင်ထားနော်။ မြို့ဖက်ကမ်းကို မသွားစေနဲ့လို့ မှာသွားတယ်၊ ညီဘဝိုင်းဟာ အကိုရဲ့အမိန့်ကို အဓိပါယ်ပြန်တာလွဲနေတယ်။ ဒီအချက်အရ ဒီကောင်တွေ လိုချင်တာ ဘာမဆို လုပ်ပေးလိုက်။ ဒီကောင်တွေ မြို့ဘက်ကမ်းကို ကူးမသွားရင် ပြီးရောလို့ မှတ်ထားလိုက်တယ်၊ အဲဒါကြောင့် နှစ်ရက်လောက်ကြာတော့ မောင်နုက မြိုဖက်ကို ကူးချင်တယ် လိုက်ပို့စမ်းပါလို့ ပြောတဲအခါ မင့်အဖေ င့ါတီးလိမ့်မယ်။ ငါမပို့နိုင်ဘူးလို့ ကိုဘဝိုင်းက ပြန်ပြောတယ်။ ဒီလိုဆိုရင် အရက်သောက်ချင်တယ် ရှာပေး ပါလို့ မောင်နုကပြောတဲ့အခါ အေးဒါတော့ ငါရှာပေးမယ်ဆိုပြီး ချက်အရက်တပုလင်းကို ကိုဘဝိုင်း ရှာပေး တယ်။ နောက်နှစ်ရက်လောက်ကြာလို့ မောင်နုက ဦးလေး မိန်းမ မရှိဘူးလား၊ ရှာပေးစမ်းပါလို့ ပူဆာ တဲ့ အခါမှာလည်း ကိုဘဝိုင်းက အေး ဒါတော့ ငါရှာပေးမယ်ဆိုပြီး မိန်းမတယောက်ကို ခေါ်လာတယ်၊ ကိုဘဝိုင်းကလည်း တူတော်မောင် ပျော်ပါစေဆိုတဲ့စေတနာနဲ့ မရမက ဆွဲလာတယ် ထင်ပါရဲ့၊ မျက်နှာ ကလည်း သနပ်ခါးဘဲကြား လူးလာပြန်ဆိုတော့ အတော်ကြည့်ရ ဆိုးတာဘဲ။ ဒါပေမယ့် ဒီကောင် ကလေးတွေက စောက်ငတ်ကလေးတွေ အဲဒါကြောင့် တော်သလင်းလထဲမှာ ခွေးမကို မမြင်ဘူးတဲ့ ခွေးသိုး အုပ်တအုပ်လို ထိုးထိုးထန့်ထန့်ဖြစ်နေကြတယ်၊ သူတို့ဟာ အကြာကြီး စဉ်းစားမနေဘူး။ ရောက်လာတာနဲ့ အိမ်ပေါ်ခေါ်သွားပြီး ဘယ်သူပြီးဘယ်သူ ဆိုတာ မဲချတယ်၊ သူငယ်ချင်း ငါးယောက်ရှိတဲ့အနက် မောင်နုက နံပါတ်ငါးကျတယ်။ နောက် နေ့တွေကျတော့ ကောင်ကလေးတွေကိုစုပြီး ဟေ့ကောင်တွေ၊ ဝယ်တဲ့အရက်က မကောင်းဘူး။ မင်းတို့ကို ငါကိုယ်တိုင် အရက်ကောင်းကောင်း ချက်တိုက်မယ်လို့ ဦးလေးကိုဘဝိုင်းက ကြေညာတယ်၊ ဒီကြေညာချက် အတိုင်း ရေနံဆီပုံး အလွတ်တခုထဲကို ရှေးဦးစွာ ထန်းလျှက်ထည့်တယ်၊ ရေကို ပုံးတဝက်လောက် ထည့်တယ်။ အဲဒီပုံးကို စပါးကျီထဲက စပါးပုံတွေထဲမှာ မြုပ်ထားတယ်၊ သုံးရက် လောက်ကြာလို့ ဖွင့်ကြည့်တဲ့အခါ ထန်းလျှက်တွေ ဟာ အချဉ်ပေါက်နေပြီ။ အဲဒီသံပုံးပေါ်မှာ ပေါင်းချောင်အိုး တင်ပြီး ထန်းလျှက်ရေရဲ့ ရေခိုးရေငွေ့တွေဟာ အပြင်ဘက်မထွက်ရအောင် ပေါင်းချောင်အိုးရဲ့ အပေါက် ကလေးတွေထဲကို အကုန်ဝင်အောင် သံပုံးနဲ့ အိုးနဲ့ထိတဲ့နေရာတွေကို အဝတ်စုတ်တွေနဲ့ အလုံ လျောက် ပတ်တယ်၊ အဲဒီပေါင်းချောင်အိုးထဲမှာ ပန်ကန်လုံး အကြီးတလုံးထည့်တယ်၊ ဒီလို အချဉ်ပေါက်နေတဲ့ ပုံးကို အောက်က မီးပြင်းပြင်းမြိုက်တဲ့ အခါ အငွေ့တွေဟာ ပေါင်းချောင်အိုးရဲ့ အပေါက်တွေထဲကို ဝင်ပြီး ဒယ်အိုး ဖင်ကို ထိတယ်။ အဲဒီဒယ်အိုးဖင်ကမှ ချွေးအဖြစ်နဲ့ အောက်က ပန်းကန်လုံးကြီးထဲကို ကျလာတယ်။ အဲဒါဟာ ချက်အရက်ဖြစ်လာတယ်၊ ချက်အရက်ဟာ သိပ်ပြင်းတယ်၊ အဲဒါကြောင့် ကိုဘဝိုင်းဟာ သူတူနဲ့ သူငယ်ချင်းတွေကို အဲဒီအတိုင်း မတိုက်ဘူး။ ဖန်ခွက်ထဲမှာ အရက် လက်တလုံးလောက် ထည့်ပြီး သကြားရေတွေ အများကြီး ရောတိုက်တယ်၊ လွန်ခဲ့တဲ့ သင်္ကြန်တုန်းက လူမှန်းမသိအောင် မူးခဲ့တာကို သတိရ ကြပြိး မောင်နုတို့ လူစုကလည်း အရင်လို အရမ်း မသောက်ကြတော့ဘူး။ ဦးလေးဦးဘဝိုင်း တိုက်သလောက်ဘဲ သောက်ကြတယ်၊ ဘဲကြားမကြီးကို ကိုဘဝိုင်းခေါ်လာတဲ့နေ့က စပြီး မြို့ဘက်ကို ပြန်ကြတဲ့အထိ ဆယ်ရက်လောက်အတွင်း သူတို့ရဲ့ လုပ်ငန်းစဉ်က ထူးထူးခြားခြား တွေမဟုတ်ပါဘူး။

ခပ်ရိုးရိုး ကလေးပါဘဲ။ အိပ်ယာက ၇ နာရီလောက်ထပြီး မြစ်ထဲမှာ ရေကူးတယ်။ တံတားပေါ်က ဒိုက်ဗင် ထိုးတယ်။ လှေလှော်တယ်။ ကမ်းခြေက လတာတွေပေါ်မှာ လူနှစ်စုခွဲ၊ ရွံ့ခဲတွေနဲ့ပေါက်ပြီး စစ်တိုက်တမ်း ကစားကြတယ်၊ အတော်လေးမောလာတဲ့အခါ အိမ်ပေါ်တက်လာပြီး ဦးလေးကိုဘဝိုင်း ကျွေးတဲ့အစာကို ချက်အရက်နဲ့ စားကြသောက်ကြတယ်။ စားလို့ ဝပြီဆိုရင် မဲကျတဲအတိုင်း ဦးလေးဘဝိုင်း ခေါ်လာတဲ့ ဟာမကြီးရဲ့ အခန်းထဲကို စောက်ငတ်ကလေးတွေ တယောက် တလှဲ့စီဝင်တာ ညနေအထိပါပဲ။ ကြားထဲမှာ ဟာမကြီးကို ရေချိုးဘို့။ သနပ်ခါးလူးဘို့၊ ဆေးလိပ်သောက်ဘို့။ ထမင်းစား၊ ကော်ဖီသောက်ဘို့၊ လောက်ဘဲ အနားပေးတယ်၊ ညနေ ငါးနာရီ လောက်ကြတော့ ဒီဘဲကြားမကြီးကို ကိုဘဝိုင်းဟာ ရွာထဲပြန်ပို့ ရတယ်၊ ဝါးခယ်မကို ပြန်ရောက်ပြီး နှစ်ရက်လောက်ကြာတော့ မောင်နုနဲ့ သူငယ်ချင်း တယောက်ဟာ ရှန်ကာတွေ ပေါ်လာတယ်။ ဗဟုသုတရှိတဲ့ မိတ်ဆွေတယောက်ကို ချဉ်းကပ်ပြီး ဆေးထည့်တဲ့အခါ မိတ်ဆွေက ရှန်ကာကို ဟိုက်ဒရိုဂျင်ပါရိုဆိုက် ဆိုတဲ့ ဆေးရေနဲ့ ဆေးပြီး တရုတ်မျက်နှာတမျိုးကို ဖြူးပေး ဘို့ သြဝါဒပေးတယ်၊ ဒီသြဝါဒအတိုင်း လိုက်နာတဲ့အခါ မောင်နုမှာ အတော်သက်သာသွားတယ်၊ ဒါပေမဲ့ လုံးဝ မပျောက်သေးခင် ကျောင်းဖွင့်တဲ့အတွက် ရန်ကုန်ကို ပြန်လာခဲ့ရတယ်၊ ရန်ကုန်ရောက်တော့ သူ့မိတ်ဆွေကို အကျိုးအကြောင်း ပြောပြတဲ့အခါ သူ့မိတ်ဆွေဟာ မောင်နုကို ဆရာဝန်တယောက်ဆီ ချက်ချင်း ခေါ်သွားတယ်။ ဆရာဝန်က နိယိုဆာလဗာဆင် ဆေးကို ထိုးပေးတယ်၊ အားလုံးပေါင်း ခြောက်ကြိမ်လောက် ထိုးလိုက်ရတယ်၊ သောက်ဆေးအဖြစ်နဲ့လည်း ချင်ဒူရွိုင်ဆေးဆိုင်က ဆေးရေကို တိုက်တယ်၊ ရှန်ကာပျောက်သွားတဲ့အခါ အဲဒီမိတ်ဆွေက မောင်နု မင်းဆင်ခြင်တော့ ဒီကာလသားရောဂါ ဟာ မင်းကိုရော၊ နောင်အခါ မင်းရလာမဲ့ သားသမီးတွေကိုရော၊ အကြီးအကျယ် ဒုက္ခ ပေးနိုင်တယ်လို့ အစချီပြီး ကာလသားရောဂါရဲ့ ကြောက်စရာကောင်းပုံတွေကို လျောက်ပြောပြတယ်။ မောင်နုဟာ အစက ဒါတွေကို ဘာမှ မသိဘူး။ သိရတဲ့အခါ သိပ်လန့်သွားတယ်။ သိပ်လန့်နေတာကို တွေ့တဲ့အတွက် သူ့မိတ်ဆွေက မင့်ကို အလိုလိုက်မိတာ ငါမှားသွားတယ်။ အဲဒီနေ့ည မင်းပြောတုန်းက ငါငြင်း လိုက်ရင် မင်းဒီလို ဖြစ်ရမှာ မဟုတ်ဘူးလို့ မောင်နုကို ပြောတယ်။ ခင်ဗျား အလိုမလိုက်ရင်လည်း ကျွန်တော့်ဟာ ကျွန်တော် တနည်းနည်းနဲ့ ရောက်အောင်သွားခဲ့တာဘဲ။ ခင်ဗျားနဲ့ မသွားခင် ဝါးခယ်မမှာ ကတည်းက ကျွန်တော် သွားဖူးနေပြီ။ အဲဒီတော့ ဒီလိုဖြစ်ရတာ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး။ ဒါဟာ ကျနော့ အပြစ်ဘဲလို့ မောင်နုက ပြန်ပြောတယ်။ အဲဒီတော့ မောင်နုရေ မင်းမနေနိုင်ရင် မိန်းမယူပါလားကွာ။ ဒီပြည့်တန်ဆာမ တွေဆီတော့ မသွားပါနဲ့ ခင်ဗျားပြောတာကို ကြားရပြီးကတည်းက ဒီဟာတွေဆီကို ထပ်ပြီး သွားရမှာ ကျွန်တော် သိပ်ကြောက်နေတယ်။ အဲဒီတော့ ဒါတွေဆီကို မသွားတော့ဘူးလို့ မင်းငါ့ကို ကတိပေးမလား။ ကတိတော့ မပေးသေးဘူး။ ကျွန်တော်စဉ်းစားဦးမယ်။ မိန်းမလိုက်ချင်တဲ့စိတ်ကို တခြားဘက် လှည့်ပေး ပါလားကွာ။ ဘယ်လို လှည့်ပေးရမလည်း။ လက်ဝှေ့သင်ကွာ။ နောက်ပြီးတော့ ဘောကန်ကွာ။ ဒါတွေ လုပ်နေရင် မိန်းမ လိုက်ချင်တဲ့စိတ်တွေ ပျောက်ကုန်မှာဘဲ။ နောက်တနေ့ကစပြီး မောင်နုဟာ လက်ဝှေ့ထိုး တာလည်းသင်တယ်။ ဘောလုံးလည်း ကစားတယ်။ လက်ဝှေ့ထိုးတဲ့အခါ ဘောလုံးကစားတဲ့ အခါ အားရှိအောင် အမောခံနိုင်အောင်ဆိုပြီး အပြေးကျင့်ရတယ်။ ကြိုးခုန်ရတယ် ဘားတန်းပေါ်မှာ ကစားရ တယ်။ အဲဒီလို လုပ်ရတဲ့အတွက် မိန်းမလိုက်တဲ့ ဘက်ကို သူ့စိတ်တွေ လွင့်နေတာ အတော်ကြီး နည်း သွားတယ်။

(ခ) ရန်ကုန် နေရှင်နယ်ကျောင်းကို ရောက်တဲ့အခါ အနိုင်ကျင့်ခံ လူတန်းစားဘက်က လူရဲကြီးလုပ်ချင်တဲ့ စိတ်ဟာ ရှေးတုန်းကထက် မောင်နုမှာ ပြင်းထန်လာတယ်။ ဒါပေမဲ့ သူ့ နှလုံးသားဟာ သူ့ဦးနှောက်ထက် ပိုပြီး ကြီးနေတဲ့အတွက် သူသွားပြီး ကာကွယ်တဲ့သူဟာ တကယ် အနိုင်ကျင့်ခံရတဲ့သူ ဟုတ်သလား။ မဟုတ်ဘူးလား ဆိုတာ သူမစဉ်းစားနိုင်ဘူး။ စွာတယ်လို့ သူယူဆတဲ့သူဟာ တကယ့် လူစွာဟုတ်သလား မဟုတ်ဘူးလား ဆိုတာ သူမတွေးတတ်ဘူး။ အနိုင်ကျင့်နေတယ်လို့ သူသတင်းရတဲ့ သူဟာ အနိုင်ကျင့်တဲ့ သူဟုတ်သလား မဟုတ်ဘူးလားဆိုတာ သူမတွေးတတ်ဘူး။ ကျောင်းသား တယောက်ဟာ သိပ်ပြီးစွာတယ် လို့သူ့စိတ်ထဲက ထင်ရုံနဲ့ သူနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းဝင်ပြီး ရန်ဖြစ်တာပဲ။ အဲဒီလိုပဲ ကျောင်းသားတယောက်ဟာ ဘယ်သူ့ကို အနိုင်ကျင့်လိုက်တယ်လို့ တယောက်ယောက်က လာပြော ရင်လည်း သူနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သွားပြီးရန် ဖြစ်တာပဲ။ ရန်ဖြစ်တဲ့အခါ သူကချည်း နိုင်တာမဟုတ်ပါဘူး။ သူနှံတဲ့အခါ နှံခဲ့ရတယ်။ ခံတဲ့အခါ ခံခဲ့ရတယ်။ ဘယ်လောက်ပဲခံရခံရ သူသံဝေဂမရဘူး။ ဖြစ်ချင်လာရင် ဇွတ်တရွတ်ဖြစ်တာပဲ။ ဒီလိုဖြစ်ခဲ့တာတွေ လျှောက်ပြောရရင် ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒါတွေထဲက လူသိအတော်များတဲ့ အဖြစ်အပျက် တခုနှစ်ခုလောက်ကို ပြောပြရဦးမယ်။ ၁၉၂၃ ခုနှစ်ထဲမှာ နေရှင်နယ် ကျောင်းတွေကို အစိုးရက အသိအမှတ်ပြုတယ်။ အဲဒါကြောင့် အသိအမှတ် ပြုတဲ့ ကျောင်းနဲ့ အသိအမှတ် မပြုတဲ့ ကျောင်းဆိုပြီး။ နေရှင်နယ်ကျောင်းတွေဟာ နှစ်ခြမ်းကွဲသွားကြတယ်၊ သရက်တော ကျောင်းတိုက် က ရဟန်းတော်တွေဟာ အသိအမှတ် အပြုမခံရတဲ့ နေရှင်နယ်ကျောင်းကို ထောက်ခံတယ်။ အဲဒါကြောင့် အသိအမှတ် အပြုခံရတဲ့ နေရှင်နယ်ကျောင်းဟာ အထက်တန်းကို ရွှေတိဂုံစေတီ အနောက်ဘက် စောင်းတန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အင်္ဂလိပ်စစ်သားတွေရဲ့ စစ်တန်းလျားတခုမှာ ဖွင့်ရတယ်၊ အဲဒီ စစ်တန်းလျားရဲ့ အနောက်ဘက်ခြမ်းမှာ ကျောင်းအိပ် ကျောင်းစားတွေနေတယ်။ မောင်နုဟာ အဲဒီမှာ ကျောင်းအိပ် ကျောင်းစား အဖြစ်နဲ့နေတယ်။ သူ့အတန်းက ဆယ်တန်း။ သူ့အသက်က တဆယ့်ခြောက်နှစ် ရှိသွားပြီ။ အဲဒီဘော်ဒါမှာ ဘော်ဒါဆရာက ဆရာတင့်ဖြစ်တယ်။ ဆရာတင့်ဟာ ကျောင်းအိပ် ကျောင်းစား တွေကို သိပ်ဂရုစိုက်တယ်။ အဲဒါကြောင့် ကျောင်းအိပ် ကျောင်းစားတွေက သူ့ကို သိပ်ချစ်တယ်။ ဒါပေမဲ့ ဆရာတင့်ဟာ သိပ်စည်းကမ်းကြီးတဲ့အတွက် စည်းကမ်း ဖောက်ဖျက်လာရင် ဘယ်သူကိုမှ ညှာလေ့မရှိဘူး ဧရာမ ကျောင်းသားကြီးတွေကိုလည်း တီးတာပဲ။ ငပုတောက ကျောင်းသားကြီး တယောက်ဟာ အသက် ၂ဝလောက်ရှိပြီ တညမှာ ခွင့်ပြုထားတဲ့အချိန်ထက် နာရီဝက်လောက် နောက်ကျပြီး ပြန်ရောက်လာတယ်။ ဆရာတင့်ဟာ အကြွေးမထားဘူး။ ဒီကျောင်းသားကို စာကြည့်ခန်းထဲက ခုံမြင့်ပေါ်မှာ မတ်တပ်အရပ်ခိုင်းပြီး ကျောင်းအိပ် ကျောင်းစားတွေ မျက်နှာ စုံညီ ရှေ့မှာ ကြိမ်လုံးနဲ့ တအား လွှဲပြီးချတာ ။ ကျောနဲ့တင်ပါးမှာ အရိုးတွေ ပြိုင်းပြိုင်းထသွားတာပဲ။ အဲဒီညက ကျောင်းသားတွေဟာ အသက်ကို ပြင်းပြင်းတောင် မရှုဝံ့ဘူး။

တနေ့ကျတော့ ဆရာတင့်ဟာ သူ့အဖေ နေမကောင်းလို့ မင်းလှကို ခဏပြန်သွားတယ်၊ လက်ထောက် ဘော်ဒါ ဆရာ ဆရာဘကျော်က ဘော်ဒါဆရာ တက်လုပ်ရတယ်။ အဲဒီညမှာပဲ ဆရာဘကျော်ဟာ တခြား ဘယ်ကျောင်းသားကိုမှ ခွင့်မပေးဘဲ သူအချော် (လူကြီးနားတွင် ကပ်၊ နေသောသူ) တယောက်ကို ဂျူဗလီ ဟောမှာ ဖိုးစိန်ပွဲကြည့်ဘို့ ခွင့်ပြုလိုက်တယ်။ ဒါကိုသိတဲ့ ကျောင်းသားတဦးဟာ မောင်နုဆီကို ပြေးလာပြီး သတင်းပေးတယ်။ မောင်နုဟာ ဆရာဘကျော်ရဲ့ အခန်းဝကို သွားပြီး၊ ငါဖိုးစိန်ပွဲ သွားမလို့ဟေ့၊ ဘယ်သူလိုက်မလဲ။ လိုက်ချင်တဲ့သူတွေ လာကြ ။ ငါခွင့်ပေးတယ်လို့ လေးငါးကြိမ်လောက် အော်တယ်။ ကျောင်းအိပ် ကျောင်းစားတွေရဲ့ ခန်းမကြီးထဲမှာလည်း သွားအော်တယ်။ သုံးခွက သိန်းမောင်တယောက်ဘဲ မောင်နုနဲ့ လိုက်ဝံ့တယ်။ တခြားဘယ်သူမှ မလိုက်ဝံကြဘူး။ မောင်နုနဲ့ သိန်းမောင်ဟာ ဖိုးစိန်ပွဲကို မကြည့် ချင်ပါဘူး။ ဆရာဘကျော်ဟာ မတရားလုပ်လို့ သက်သက် အရွဲ့တိုက်တာ။ အဲဒါကြောင့် သူတို့ နှစ်ယောက် ဟာ ဖိုးစိန်ပွဲကို မသွားပဲ ရွှေတိဂုံ စေတီတော်ကို သွားပြီးဖူးကြတယ်။ ည ၁၁ နာရီလောက်မှ ဘော်ဒါကို ပြန်လာကြတယ်။ ဒေါသ အမျက်ချောင်းချောင်း ထွက်နေတဲ့ ဆရာဘကျော်ဟာ သူတို့နှစ်ယောက် ထွက်သွားတာနဲ့ တပြိုင်နက် ကျောင်းသား စာရင်းကိုခေါ်တယ်။ ဒီကောင်နှစ်ကောင်ကိုသာ သိပ်ပြီး မဲနေတဲ့ အတွက် စာရင်းခေါ်တယ်လို့သာ ပြောရတယ်။ အကုန်ခေါ်တာမဟုတ်ဘူး။ မောင်နု၊ သိန်းမောင်ဆိုတဲ့ နံမယ် ၂ ခုထဲကိုသာ ခေါ်၊ သူတို့မရှိဘူးလို့ စာရေးမှတ်ထား လိုက်ပြီး ကျောင်းသားတွေကို သူတို့ရဲ့ အခန်း ပြန်လွှတ်လိုက်တယ်။ ဆရာဘကျော်ဟာ နောက်တနေ့ မနက်ကျရင် သူတို့ နှစ်ယောက်ကိုခေါ်မယ်။ အဲဒီလိုခေါ်ပြီး သူတို့ကိုခေါ်ရင် ဘာဖြစ်လို့ ဆရာ မတရား လုပ်ရသလဲလို့ သူတို့ ပြန်ပြောမယ်။ ဆရာက သူတို့ကို အကြမ်းကိုင်ရင် သိန်းမောင်က ဆရာဘကျော်ရဲ့ ခေါင်းကို ဒုတ်နဲ့ရိုက်ရမယ်။ မောင်နုက မျက်နှာ ကို လက်သီးနဲ့ထိုးရမယ်၊ ပြီးတော့မှ အာဏာပိုင်တွေက သူတို့ကို ကျောင်းက မထုတ်ခင် သူတို့က အရင် ထွက်မယ်။ အဲဒီလို တိုင်ပင်ထားတယ်။ ဒါပေမဲ့ နောက်တနေ့မှာ ဆရာဘကျော်ဟာ သူတို့နှစ်ယောက်ကို မခေါ်ဘူး။ နောက်တနေ့မှာလည်း မခေါ်ဘူး။ အဲဒါကြောင့် ဒီဆရာဟာ သူတို့ကို မခေါ်ရဲပါဘူး ဆိုပြီး သူတို့ နှစ်ဦး စိတ်လျော့လိုက်ကြတယ်၊ နောက် ၃ရက်လောက် ကြာတော့ ဆရာတင့်ဟာ မင်းလှက ပြန်ရောက် လာတယ်။ ညနေ ထမင်းစားပြီးချိန် လောက်ကြတော့ မောင်နုနဲ့ သိန်းမောင်တို့ဟာ စစ်တန်းလျားရဲ့ အရှေ့ မြောက်ဒေါင့်က ဝရန်တာမှာ စကားထိုင်ပြောနေတုန်း။ ဟိုတနေ့ညက ဖိုးစိန်ပွဲကို သွားခွင့်ရတဲ့ ဆရာဘကျော်ရဲ့ အချော်ဟာ ဆရာတင့်က ခေါ်နေတယ်လို့။ မောင်နုနဲ့ သိန်းမောင်တို့ကို အကြောင်းကြား တယ်။ မလာဘူးလို့ မောင်နုက စကားပြန်တယ်။ ဒီအချော်ဟာ လှည့်ထွက်သွားပြီး ဆယ်မိနစ်လောက် ကြာတော့ အခါတခေါက် ရောက်လာပြန်တယ်။ မင်းတို့ကို ဆရာတင့် သိပ်စိတ်ဆိုးနေတယ်။

မင်းတို့နှစ်ယော်က ငါနဲ့ အခု လိုက်ခဲ့ပါလို့ အဲဒီ အချော်က ထပ်ပြောတယ်။ မလိုက်ဘူး။ သွား။ နောက်တခါ ထပ်လာရင် မင်းကို ပါးရိုက်မယ်လို့ မောင်နုက စကားပြန်တယ်။ အဲဒါနဲ့ အချော်လည်း လှည့်ထွက်သွား ပြန်တယ်။ နောက် ၁၅မိနစ်လောက် ရှိတဲ့အခါ ကိုမောင်ကလေးဆိုတဲ့ ကျောင်းသားကြီး တယောက် ရောက်လာပြီး မောင်နုနဲ့သိန်းမောင်ရေ ဆရာတင့်ဆီ သွားလိုက်ကြပါကွာ။ ဟိုကြတော့ ဆရာဘကျော် မတရားတာတွေကို ရှင်းပြလိုက်ပေါ့လို့ ပြောတယ်။ ကိုမောင်ကလေးဟာ သူတို့နဲ့ ခင်နေကြတဲ့အတွက် သူတို့လည်း ဆက်ပြီး မငြင်းဆန်တော့ဘူး၊ ဆရာတင့် အခန်းထဲကို မောင်နုကရှေ့က။ သိန်းမောင်က နောက်က ဝင်သွားကြတယ်။ သိန်းမောင်ကတော့ သူတာဝန်ယူထားတဲ့ ကိစ္စကို လိုရင် အဆင်သင့် ဆောင်ရွက်ဘို့အတွက် သူ့လုံချည်ထဲမှာ ဝရန်တာက ပြုတ်ကျနေတဲ့ သစ်သားချောင်းကို ဝှက်ပြီး ယူသွားတယ်။ ဆရာတင့်ဟာ မျက်နှာကြီးတင်းပြီး အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတယ်၊ အခန်းရဲ့ တနေရာမှာ ထားဝယ်ကြိမ်လုံးကြီးကို ထောင်ထားတာ အထင်းသား မြင်နေရတယ်၊ မောင်နုဟို နေ့က မင်းဘယ်သွားလဲ။ ဖိုးစိန်ပွဲ။ သိန်းမောင် ဗျာ။ မင်းကောပါသလား။ ပါတယ်။ မင်းတို့ခွင့်ရသလား။ မရဘူး။ မင်းတို့ အပြစ်ရှိသလား။ မရှိဘူး။ ဘာဖြစ်လို့ မရှိသလဲ။ ဆရာဘကျော်ရဲ့ တပည့်ဟာ ဖိုးစိန်ပွဲကို သွားနိုင်တယ်ဆိုရင် တခြားကျောင်းသားတွေလည်း သွားနိုင်ရမယ်။ ဆရာဘကျော်ကို ဆွဲသွင်းမလာနဲ့။ ဆရာဘကျော်မှာ အပြစ်ရှိရင် သူ့ကို တခြားသပ်သပ် အပြစ်ပေးရမယ်။ မင်းတို့ရဲ့ ကိစ္စသာမင်းတို့ ဖြေ။ မင်း တို့မှာ အပြစ်ရှိသလား။ မရှိဘူး။ ဘယ်ကျောင်းသားမဆို အခွင့်မရပဲ ပွဲထွက်ကြည့်တယ် ဆိုရင် အပြစ် ရှိတယ်။ မင်းတို့ အရိုက်ခံရမယ်။ ကျွန်တော်တို့ အရိုက်မခံဘူး။ မင်းတို့ကို မရိုက်ရအောင် မင်းတို့က ရွှေမှုန်စားပြီး မွေးထားတာလား။ ကျွန်တော်တို့ကို ရွှေမှုန်စားပြီး မွေးထားတယ်လို့ ကျွန်တော်တို့ တခါမျှ မပြောဘူးဘူး။ ဒါပေမဲ့ အရိုက်တော့ ဘယ်နည်းနဲ့မှ မခံဘူး။ ဆရာဘကျော် မတရားတာလုပ်တယ် ဆိုရင် ငါပြန်လာအောင် စောင့်ပြီး ငါ့ကို မင်းတို့တိုင်ပါလား။ ဆရာဘကျော်ကို အရေးမယူရင် ငါ့အဆိုးပေါ့။ အခုတော့ မင်းတို့က ဒီလိုအရွဲ့တိုက်တာ ကောင်းသလား။ မောင်နုလည်းဘာမှ ပြန်မပြောဘူး။ ခပ်တည် တည် ရပ်ကြည့်နေတယ်။ အတော်လေးကြာတဲ့အခါ ဆရာတင့်က သွားကြ။ သွားကြ။ ဒါဟာ နောက်ဆုံးပဲ။ နောက်တခါ ဒါမျိုးဖြစ်ရင် မင်းတို့နဲ့ ငါနဲ့တွေ့မယ်လို့ မောင်နုနဲ့ သိန်းမောင်ကို ကြိမ်းမောင်းလွှတ်လိုက်တယ်။ နောက်တခုကတော့ အတော်ရယ်စရာ ကောင်းတယ်။ အဲဒီအဖြစ်အပျက်ကို သတိရတိုင်း သူမှားလေခြင်း လို့ တွေးမိပြီး မောင်နုဟာ နောင်တရနေတယ်။ ၁၉၂၄ခုနှစ်မှာ မေးခွန်းတွေ ပေါက်ကြားတဲ့အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းပစ်ရတယ်။ အဲဒီလို ရွှေ့ဆိုင်းပြီးတဲ့ နောက် စာမေးပွဲ လုပ်ရင် ဖြေဘို့ မောင်နုဟာ ကျောင်းမှာ အသင့်စောင့်နေရတယ်။ ဆယ်တန်းမှာ မောင်နုဟာ သုံးနေရာ ပြောင်းခဲ့ရတယ်။ ရှေးဦးစွာ ရွှေတိဂုံစေတီတော်နားက အင်္ဂလိပ်စစ်သား စစ်တန်းလျားကို ပြောင်းရတယ်။

ခြောက်လကြာတဲ့အခါ အဲဒီနေရာက ပြည်လမ်း ဂေါ်ရခါး စစ်တန်းလျားကို ပြောင်းရတယ်။ စာမေးပွဲ နှစ်ကြိမ် ရွှေ့ပြီးနောက်တကြိမ်အတွက် စောင့်ရတဲ့အခါ ပြည်လမ်း ဂေါ်ရခါး စစ်တန်းလျားကနံပါတ်၁ ဗွိုင်းလမ်း အဆောက်အဦးကို ပြောင်းရတယ်။ အဲဒီ နံပါတ်၁ ဗွိုင်းလမ်း ကို ပြောင်းတဲ့အချိန်မှာ ၁၉၂၄ခုနှစ် အတွက် ကျောင်းတောင် ပြန်ဖွင့်နေပြီ။ ကျောင်းသားအသစ်တွေလည်း ရောက်လာ ကုန်ကြပြီ။ အဲဒီကျောင်းသား အသစ်တွေ ထဲမှာ မော်လမြိုင်က ကျောင်းသား တဦးပါလာတယ်။ သူဟာ တရုပ်ကပြား၊ မောင်နုဟာ အဲဒီအချိန်မှာ ကျောင်းအိပ် ကျောင်စားသာဖြစ်တယ်။ ကျောင်းသားမဟုတ်တော့တဲ့ အတွက် အဲဒီ ကျောင်းသားအသစ်နဲ့ မသိကြသေးဘူး။ တနေ့တော့ သူငယ်ချင်းတယောက်ဟာ မောင်နုဆီကိုလာပြီး မောင်နုရယ် ဒီကောင်ကြီးဟာ သိပ်အစားကြီးတယ်။ သူများတွေ အားလုံး စားပြီးတာတောင် သူမပြီး သေးဘူး။ တခြားခုံတွေမှာ ကျန်နေတဲ့ ထမင်းတွေ ဟင်းတွေကို သူ့ခုံကို ရွှေ့ပြီး အကုန်တုပ်ပစ်တာပဲ။ အဲဒါကြောင့် သူရောက်လာမှ တံမြက်စည်း လှည်းသမားတွေ ထမင်းဝအောင် မစားကြရတော့ဘူးလို့ ပြောပြတယ်။ တံမြက်စီးလှဲသမားတွေ ကို ဒီလို အနိုင်ကျင့်ရပါ့မလား ဆိုပြီး မောင်နု ဟာ ဒီကောင်ကြီးကို ထိုးဖို့ ချက်ခြင်း ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ထိုးရမှာမလွယ်ဘူး။ ဒီကောင်ကြီးက သိပ်ကြီးတယ်။ အဲဒါကြောင့် မောင်နုဟာ ကျောင်းသားတွေ အိပ်တဲ့ အခန်းဝရှေ့မှာ စားပွဲခုံတခု ရွှေ့ထားပြီး အဲဒီ စားပွဲခုံပေါ်မှာ တက်ရပ်နေတယ်။ ဒီကောင်ကြီးဝင်လာတာနဲ့ တပြိုင်နက် မောင်နုဟာ အဲဒီစားပွဲခုံပေါ်ကနေ ဆီးပြီးကန်တာပါပဲ။ မောင်နုရဲ့ သူငယ်ချင်း မောင်ဟန်ဆိုသူကလည်း ဒီကောင်ကြီးကို ဘေးက ဝင်ထိုး လိုက်သေးတယ်။ ဘေးကကျောင်းသားတွေ ပြေးလာပြီး ဝိုင်းဖျင်ကြတယ်။ ပြီးတော့မှ ဒီလို ရှင်းပြကြတယ်။ ဒီကောင်ကြီးဟာ အစားကြီးတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သိပ်သဘောကောင်းတယ်။ ကျောင်းဝင်တဲ့ နေ့ကစပြီး သူဟာ အစားကြီးတယ်။ ထမင်းဝဝ စားပါရစေ။ နှစ်ယောက်စာအတွက် ထမင်းလခ ပေးပါ့မယ်လို့ ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ ဆရာကြီးက ဝအောင်စားနိုင်တယ်။ နှစ်ယောက်စာ ပေးဘို့မလိုဘူး။ လို့ခွင့်ပြုထားတဲ့အတွက် အခုလိုစား နေတာဖြစ်တယ်။ တံမြက်စီးလှဲ သမားတွေ ထမင်း မဝ ဆိုတာလည်းမမှန်၊ တံမြက်စီးလှဲသမားတွေ စားပြီးတဲ့နောက် ထမင်းကျန်ဟင်းကျန် တွေ မြူနီစပါယ် အမှိုက်ပုံးထဲကို အများကြီး သွန်ပစ်ရသေးတယ်လို့ ကျောင်းသားတွေက ရှင်းပြကြတယ်။ အဲဒါတွေကို ကြားပြီးတဲ့အခါ။ မောင်နုဟာ ရှက်လည်းရှက်နေတယ်။ သူတော်ကောင်း တယောက်ကို စော်ကား မိလေခြင်း လို့နောင်တရပြီးတော့လည်း ငိုချင်သလိုလို ဖြစ်နေတယ်။ နောက်တနေ့ ဆရာကြီး ဦးဘလွင်က မောင်နုနဲ့ အဲဒီသူငယ်ကို ရုံးခန်းထဲခေါ်ပြီး မောင်နု-မင်းသူ့ကို ကန်တယ်လို့ ငါကြားတယ်။ ဟုတ်သလားလို့ မေးတယ်။ ဟုတ်ပါတယ် ဆရာကြီး။ ကျနော်ကန်ပါတယ်။ အဲဒီအတွက် ကျွန်တော် အများကြီး ဝမ်းနည်းပါတယ်။ ကျွန်တော်ကို ဆရာကြီး ကြိုက်သလို ဆုံးမပါ။ ဆရာကြီး ဦးဘလွင်ဟာ မောင်နုရဲ့ တင်ပါးကို ငါးချက်ရိုက်ပြီး လွှတ်လိုက်တယ်။

အဲဒီအရွယ်တုန်းက တနေ့မှာ သူ့အဖေ ကိုစံထွန်းနဲ့ ဖြစ်ကြတဲ့ အဖြစ်အပျက်ဟာ ပိုပြီးတောင် ရယ်စရာ ကောင်းသေးတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ နည်းနည်းလောက် ဖေါ်ပြသင့်တယ်။ ကိုစံထွန်း မန္တလေး ကပြန်လာတဲ့အခါ ရွက်လှပင် ပါလာတယ်။ ဒီအပင်ကို သူသိပ်မြတ်နိုးတယ်။ အဲဒါကြောင့် ဒီအပင်ကို တခြား သစ်ပင်တွေနဲ့ ရောမထားဘူး။ သီးသန့် စင်ကလေးတခုပေါ်မှာ ပန်းအိုးကို တင်ထားတယ်။ ရေလောင်းတဲ့ အခါမှာလည်း တခြားသစ်ပင်တွေနဲ့ အတူတူ ရောမလောင်းဘူး။ ဒီရွက်လှပင်ကို လောင်းဘို့က ရေအိုးတခု ထားရတယ်။ ရေလောင်းတဲ့ အခါမှာလည်း သူများကို အလောင်းမခိုင်းဘူး။ သူကိုယ်တိုင် ငွေခွက်နဲ့ လောင်းတယ်။ ကိုစံထွန်းဟာ အဲဒီလောက် မြတ်နိုးနေတဲ့ သစ်ပင်ပေါ်ကို တနေ့ကြတော့ မောင်နုဟာ သူ့ ပါးစပ်မှာ ငုံထားတဲ့ ရေနဲ့ အမှတ်တမဲ့ ထွေးချလိုက်တယ်။ ကိုစံထွန်းဟာ အနားမှာ ရှိနေတဲ့အတွက် သူ့ရင်ဘတ်ကို ဘုတ်ကနဲ မြည်အောင်ထုပြီး ဒီကောင်ဟာ သိပ်မိုက်တဲ့ အကောင်ဘဲလို့ မောင်နုကို ဟောက်လိုက်တယ်။ မောင်နုဟာ ပထမအကြိမ်တုန်းကတော့ အမှတ်တမဲ့ ထွေးချလိုက်တာပါဘဲ။ ဒါပေမဲ့ သူအဖေဟာ သူ့ကို ငေါက်ပြီးတဲ့ အခါကျတော့ မောင်နုဟာ နောက်ထပ် ရေတွေ အများကြီးငုံလာပြီး တမင်သက်သက် အဲဒီ ရွက်လှပင်ပေါ်မှာ အကုန်ထွေးချ လိုက်ပြန်တယ်။ ကိုစံထွန်းလဲ နောက်ထပ်ဘာမှ မပြောတော့ဘူး။ ငိုမဲ့မဲ့ မျက်နှာကလေးနဲ့ သူ့ရွက်လှပင် ပေါ်က မောင်နုထွေးချလိုက်တဲ့ ရေတွေ စင်သွားအောင် သူ့ဟာသူ ဆေးပစ်နေတယ်။ အဲဒီတော့မှ မောင်နုဟာ အများကြီးနောင်တရပြီး သူ့အဖေရဲ့ ခါးကို သွားဖက်တယ်။ ချော့တဲ့အနေနဲ့ သူ့အဖေရဲ့ ခါးကို ဟိုရမ်းဒီရမ်း ရမ်းတယ်။ တအောင့်လောက် ကြာတဲ့အခါ မောင်နုဟာ သူ့အဖေခါးကို ဖက်ပြီး အိမ်ထဲ ဆွဲသွင်းသွားတယ်၊ အိမ်ထဲရောက်တာနဲ့ တပြိုင် နက် သူတို့သားအဖ ကစားနေကြအတိုင်း နပမ်းလုံးကြတယ်။ နှစ်ယောက်စလုံး ချွေးဖြိုင်ဖြိုင် ထွက်ပြီး ခြေကုန် လက်ပမ်းကျတော့ မှပဲ အဲဒီ နပမ်းလုံးတဲ့နေရာမှာ တယောက်ကို တယောက်ဖက်ပြီး အိပ်ပျော် နေကြတယ်။

(ဂ) နှလုံးဟာ ဦးနှောက်ထက် ပိုကြီးတဲ့သူတွေ ဖြစ်တတ်တဲ့ စိတ်ရောဂါ တခုဟာ ငုပ်လျှိုးနေရာကနေ မောင်နု ဆယ်တန်းကို ရောက်စအချိန်မှာ ဗျုံးကနဲ ပေါ်လာတယ်။ တနေ့မှာ မောင်နုဟာ ဘာကိစ္စနဲ့ မှန်း မသိဘူး။ ရန်ကုန်က ဝါးခယ်မကို ပြန်လာတယ်။ သင်္ဘောပေါ်မှာ အိပ်ပျော်နေတုန်း ဝါးခယ်မက ဒေါ်အိမ်ငြိမ်းရဲ့ သမီး မဧကျော် နဲ့ လက်ထပ်ရတယ်လို့ အိပ်မက်မက်တယ်။ မောင်နုဟာ မဧကျော်ကို မြင်ရုံ သာမြင်ဘူးတယ်။ တခါမျ စကားမပြောဖူးဘူး။ ပိုးလည်း မပိုးဖူးဘူး။ သူကိုသာ မဟုတ်ဘူး။ အဲဒီ အချိန်အထိ မောင်နုဟာ ဘယ်မိန်းကလေးကိုမှ ချစ်လည်း မချစ်ဘူး။ ပိုးလည်းမပိုးဘူး။ ဒါပေမဲ့ အိပ်ယာက နိုးလာတဲ့ အခါ သူ့မျက်စိထဲမှာ အိပ်မက်ထဲက အဖြစ်အပျက်ကိုမြင်ပြီး သူရင်ထဲမျာ ဧကနဲ၊ ဧကနဲ ဖြစ်သွားတဲ့ အတွက် သူဟာ မဧကျော်ကို စွဲလမ်းနေပြီဆိုတာ သိလာတယ်။ မောင်နုဟာ ထူးထူးထွေထွေ လေးလေးနက်နက် စဉ်းစားမနေဘူး။ ရန်ကုန်ု မပြန်ခင် မဧကျော်ကို ချစ်တဲ့အကြောင်း စာတစောင်ရေးပြီး စာတိုက်က ထဲ့လိုက်တာဘဲ။ ရန်ကုန်ကို သူပြန်ရောက်ပြီး တနင်္ဂနွေ တပတ်လောက်ကြာရင် မဧကျော်ဆီက ပြန်စာ လာလိမ့်မယ်လို့ သူမျှော်လင့်တယ်။ ဒါပေမဲ့ တနင်္ဂနွေ တပတ် ကြာလည်းမလာ။ သုံးလေးပတ် ကြာလည်း မလာတဲ့အခါ၊ မောင်နုဟာ စာတစောင်ထပ်ရေးပြီး စာတိုက်က ပို့လိုက်ပြန်တယ်။ မောင်နုဟာ စိတ်မပျက်တဲ့ အပြင်။ သီတင်းကျွတ်လ၊ ကျောင်းပိတ်လို့ ဝါးခယ်မကို ပြန်ရင် မဧကျော်တို့ အိမ်ရှေ့မှာ အော်ဟစ်ပြီး ဆိုဘို့အတွက် သူငယ်ချင်း တယောက်ဆီက သူအင်မတန်ကြိုက်တဲ့ ဦးဖိုးစိန် ဆိုတဲ့ 'လင်မောင်စိန်ချိုသာတဲ စကားရယ်နဲ့' အစချီတဲ့ သီချင်းကိုတောင် ကြိုးစားပမ်းစား အလွတ်ကျက်လိုက်သေးတယ်။ မောင်နုဟာ ကျောင်းပိတ်ရက်အတွင်း ဝါးခယ်မမှာ ရှိတုန်း သူဆောင်ရွက်ရမဲ့ ဝတ္တရားမပျက်ဘူး။ သူငယ်ချင်း မောင်ဟန် နဲ့အတူ လင်မောင်စိန်ချိုသာတဲ့ စကားရယ်နဲ့ ဆိုတဲ့သီချင်းကို မဧကျော်တို့ အိမ်ရှေ့မှာ ညတိုင်း အချိန်မှန်မှန် လေးငါး ခြောက်ခေါက်လောက် ခေါက်တုန့်ခေါက်ပြန် လျှောက်ပြီး အသံကုန် ဟစ်ဆိုတာပဲ။ ကျောင်းဖွင့်လို့ ရန်ကုန်ပြန်ရောက်ပြီး သုံးလေးရက်လောက် ကြာတော့ ခပ်လွမ်းလွမ်းနဲ့ မဧကျော်ဆီကို နောက်ထပ် စာတစောင် ရေးမယ်လုပ်နေတုန်း ဘော်ဒါဆောင်မှာ မောင်နုနဲ့ အတူနေတဲ့ မောင်ဝမ်းကွဲ တယောက် မောင်နုဆီကို ရောက်လာတယ်။ အဲဒီ မောင်ဝမ်းကွဲက မောင်နုရေ၊ ဟောဒီမှာ မဧကျော်ဆီက စာ ဖတ်ကြည့်ပါဦး လို့ပြောပြီး မောင်နုကို သူ့လက်ထဲမှာ ကိုင်ထားတဲ့စာ လှမ်းပေးတယ်။ မဧကျော်ဆီက ပြန်စာရပြီဆိုပြီး မောင်နုဟာ သိပ်ဝမ်းသာသွားတယ်။ စာကိုကဗျာကယာ ဖတ်ကြည့်တဲ့အခါ မဧကျော်က သူ့ဆီကို ရေးတဲ့စားမဟုတ်ဘူး။ သူ့မောင်ဝမ်းကွဲဆီ ရေးတဲ့စာ ဖြစ်နေတာကို တွေ့ရတဲ့အတွက် မောင်နုရဲ့ ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားတယ်။ စာကို ဖတ်ကြည့်တဲ့အခါ မောင်နု သူ့ဆီကို စာခဏခဏ ရေးတယ်။ မရေးဘို့ ပြောပေးပါ။ လူကြီးတွေသိသွားရင် မကောင်းဘူး။ သူလည်း လူတယောက်နဲ့ စေ့စပ်ပြီးဖြစ်နေ တယ်။ မကြာမီ လက်ထပ်တော့မယ် ဆိုတာကို တွေ့ရတယ်။ စာဖတ်ပြီးတဲ့အခါ မောင်နုဟာ အဲဒီ မောင်ဝမ်းကွဲကို ပြုံးကြည့်ပြီး ငါနောက်တီးနောက်တောက် လုပ်တာမဟုတ်ဘူး၊ သိပ်ချစ်လို့ ရေးတာပဲ။ ဒါပေမဲ့ သူ့စာထဲက အတိုင်းဆိုရင် ငါရေးမိတာ မှားသွားပြီ။ အများကြီး တောင်းပန်တဲ့အကြောင်း မဧကျော်ကို ပြောပြလိုက်ပါကွာ၊ နောက်ထပ် ငါမရေးတော့ဘူး။ အဲဒါကိုလည်း ဆက်ဆက်ပြောပြ လိုက်ပါလို့ မောင်နုက ပြောလိုက်တယ်။ သူ့တသက်မှာ ဦးဦးဖျားဖျား ချစ်မိလို့ သူ့အချစ်ဦး ဖြစ်နေတဲ့ မဧကျော်ကို မရတဲ့အတွက် မောင်နုဟာ အတော်ဆွေးတယ်။ ဒါပေမဲ့ အချစ်ပြဿနာမှာ ကိုယ်ချစ်ယုံနဲ့ မပြီးဘူး။ သူကလည်း ချစ်ဦးမှ ပြီးတယ်ဆိုတဲ့ သဘောတရားကို မောင်နုဟာ ကြိုတင်ပြီး သိနေတဲ့အတွက် သူ့စိတ်ကို ဖြေနိုင်တယ်။ အဲဒါကြောင့် မဧကျော်ရဲ့ မောင်ဝမ်းကွဲ ထွက်သွားတဲ့အခါ မောင်နုဟာ အိပ်ယာ ပေါ်မှာ လှဲပြီး မဧကျော်ရဲ့ အိမ်ရှေ့မှ ခြေအေး ဝမ်းယောင်၊ ခွေးဟောင်ပြန်ပြေး အဖြစ်နဲ့ အကြိမ်ပေါင်း များစွာ အသံကုန်ဟစ်ခဲ့ဘူးတဲ့ လင်မောင်စိန်ချိုသာတဲ့ စကားရယ်နဲ့ ဆိုတဲ့ နှစ်ပါးသွား သီချင်းကလေးကို တယောက်ထဲ မတိုးမကျယ် သီဆိုနေတယ်။ နှလုံးဟာ ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုရဲ့ ရောဂါဟာ အဲဒါလောက် ထရုံနဲ့ မပြီးသေးဘူး။ နောက်ထပ်ပြီး အများကြီး ထစရာရှိသေးတယ်။ နောက်တခန်း တွေရောက်မှ ပဲ သက်ဆိုင်သလို ကြည့်ပြီး ဖေါ်ပြသွားပါ့မယ်။

(ဃ) မောင်နုဟာ စာဘက်မှာ ညံ့တယ်။ ကျောင်းကစစ်တဲ့ စာမေးပွဲတွေဟာ အဲဒီအချိန်တုန်းကတော့ တင်းတင်းကြပ်ကြပ် မရှိလှသေးဘူး။ အဲဒီတော့ အဲဒီလျော့ရဲရဲ ကျောင်းစာမေးပွဲတွေ မှာ အောင်ဘို့ မောင်နု အတွက် အခက်အခဲ မရှိလှဘူး။ ဆယ်တန်း စာမေးပွဲကတော့ အစိုးရစစ်တဲ့ စာမေးပွဲ ဖြစ်နေပြီ။ အဲဒါကြောင့် ဒီစာမေးပွဲမှာ အောင်ဘို့ မောင်နု အတွက်ခက်တယ်။ တတန်းတည်းသားချင်း မောင်နုရဲ့ သူငယ်ချင်းတွေ ကလည်း မောင်နုဟာ ဆယ်တန်းမှာ မအောင်နိုင်ဘူးလို့ သြဘာပေးကြတယ်။ ဆယ်တန်းပြ ဆရာတွေ ကလည်း ဒီလိုပဲနိမိတ် ဖတ်ကြတယ်။ မောင်နုကိုယ်တိုင်လည်း အတန်းသားတွေ သူ့ဆရာတွေ နိမိတ် ဖတ်တဲ့အတိုင်း သြဘာပေးတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့ မမှိတ်မသုံ ယုံကြည်နေတယ်။ ဒါပေမဲ့ မောင်နုမှာ အထက်တန်း ပညာတွေ ဆက်သင်ဘို့ ဒီပညာတွေကို သင်ပြီးတဲ့နောက် ဘယ်အလုပ်ကြီး အကိုင်ကြီး တွေကို လုပ်ဘို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ၊ စိတ်ကူးတွေ ဆန္ဒတွေ ဘာမှ မရှိ သေးတဲ့အတွက် ဆယ်တန်း စာမေးပွဲမှာ အောင်တာ၊ ကျတာတွေကို သူသိပ်စိတ်မဝင်စားဘူး။ စာမေးပွဲကျရင် ဘာအရေးကြီးသလည်း။ ကျောင်းကထွက်ပြီး အိမ်ပြန်မှာပေါ့လို့သာ သူစိတ်ကူးထားတယ်။ ၁၉၂၄ ခုနှစ်ဇန်နဝါရီ အလယ်လောက်ကို ရောက်တဲ့အခါ အစမ်းစာမေးပွဲတခု ကျင်းပတယ်။ ဒီစာမေးပွဲမှာ အောင်တဲ့ ကျောင်းသားတွေကိုသာ မတ်လ စာမေးပွဲကြီးမှာ ဖြေဆိုဘို့ စာရင်းသွင်းမယ်။ အဲဒီ စာမေးပွဲရဲ့ အောင်စာရင်းကို မကြေညာခင် တရက်မှာ ဆယ်တန်း ကျောင်းသားတွေကို ခေါ်ပြီး မင်းတို့မနက်ဖြန်ခါ စာမေးပွဲဝင်ခ ၁၂ကျပ်စီ ယူခဲ့ကြ၊ အောင်တဲ့ လူတွေ ၁၂ကျပ်စီ ပေးပြီး စာမေးပွဲအတွက် လျှောက်လွှာသွင်းရမယ်။ ကျတဲလူတွေကိုယ့် ငွေကိုယ်ယူပြီး အိမ်ပြန်ကြလို့ ဆရာကြီးက ကျေညာတယ်။ ဆရာတယောက်က တိတ်တိတ်ပြောလို့ သူကျတယ်ဆိုတာ မောင်နု သိပြီးနေပြီ။ ဒါပေမဲ့ အဲဒီနေ့ ညနေဘက် ရောက်တော့ ဆရာတွေက ဆရာကြီးကို ဝိုင်းပြီး တိုက်တွန်းတဲ့အတွက် ဆယ်တန်းကျောင်းသားအားလုံး စာမေးပွဲဝင်ခွင့် ပြုလိုက်တယ်။ ဆယ်တန်း စာမေးပွဲကြီးအတွက် အောင်စာရင်း ထွက်လာတဲ့အခါ အစမ်းစာမေးပွဲမှာ ကျတဲ ကျောင်းသားတွေထဲက မောင်နုနဲ့ မော်လမြိုင်က ကျော်စိန်တို့ရဲ့ နံမယ်တွေ ပါလာတယ်။ ကျော်စိန်က (က) တန်းက အောင်တယ်။ မောင်နုက (ခ) တန်းက အောင်တယ်။ အဲဒီအစမ်း စာမေးပွဲမှာ ပထမရတဲ့ ငသိုင်းချောင်းက မောင်သိန်း ဆိုတဲ့ ကျောင်းသား ကျကျန်နေရစ်တယ်။

Read More...

တမ်းပလိပ်များ

လှပသောတမ်းပလိပ်များကို စုစည်း၍တင်ထားပေးပါသည်။

မဂ္ဂဇင်းစတိုင်လ် တမ်းပလိပ်


လိုချင်ပါက အောက်ကလင့်များတွင် ဒေါင်းလုပ်လုပ်ယူပါ။

၇ ကော်လံ(1)
ဒီမှာယူ

၇ ကော်လံ(2)
ဒီမှာယူ

၇ ကော်လံ(3)
ဒီမှာယူ

၇ ကော်လံ(4)
ဒီမှာယူ

၇ ကော်လံ(5)
ဒီမှာယူ

၈ ကော်လံ
ဒီမှာယူ


မဂ္ဂဇင်းစတိုင်လ်(1)
ဒီမှာယူ

မဂ္ဂဇင်းစတိုင်လ်(2)
ဒီမှာယူ

ready made လိုချင်ပါက e-mail ဖြင့်မှာကြားနိုင်ပါတယ်။

Read More...

ရွှေ နှင့် အေး

Read More...

ဗိုလ်သန်းရွှေအတွက် ဟာသများ (၂)

ပညာရေးစနစ်သစ်
ဘန်းကျော် ရွှေနိုင်ငံကြီးတွင် တက္ကသိုလ်ကြီး ၁ဝဝ၁ ခုတည်ပြီး၊ ပညာရေးကို စလုံး၊
ယပက်လက် တို့ကိုသာမက ဆလိမ် (ဆိုမာလီယာ) ရကောက် (ရဝမ်ဒါ)
တို့ကိုအမှီလိုက်နိုင် ကြိုးစားနေချိန် ..
ဂျုပ်ကြီး။ ။ အိမ်း .. ငါ့နိုင်ငံတော်တဝှမ်းက တက္ကသိုလ်ကြီး ၁ဝဝ၁ ခုမှာ
မျိုးဆက်သစ် မီးခဲပြာဖုံးလေးတွေ ပေါ်ထွက်ရဲ့လား ပညာဝန်ကြီး။
ပညာဝန်ကြီး။ ။ “ဂျုပ်ကြီးတို့ဖုန်း မိုးသို့ချုန်း ပွေးပုန်းပေါင်မှာ မနေသာ” ဆိုသလို
မီးခဲပြာဖုန်းလေးတွေ အမြောက်အများ တွေ့ရှိထားကြောင်းပါ ..
ဂျုပ်ကြီး။ ။ အေး ... အေး ... တွေ့ရင် ရေလောင်းထားလိုက်၊ မတော်
ထတောက်နေဦးမယ်။
(ဤတွင် မီးခဲရေလောင်း ပညာရေးစနစ်ကြီး ပေါ် ထွန်းလာသတည်း။ )
( တင်ပြသူ- cohtet )

ဗေဒင်ဟောခြင်း
ဗေဒင်ဆရာ ဦးရွှေသည် နာမည်ကျော်တစ်ဦး ဖြစ်သည်။ တပည့်လေးများစွာ၏
ဝိုင်းဝန်းပညာယူမှုကို ခံရသူဖြစ်သည်။
တနေ့ - လူတဦး ဝင်လာသည်။
ဆရာ ။ ။ ကဲ နာမည်လေး ပြောပါဦး ...
မေးသူ။ ။ '' ----''
ဆရာ။ ။ သြော် ... တနင်္ဂနွေသားပဲ ... ခင်ဗျား ကြီးပွားကိန်းမြင်တယ်။
တနင်္ဂနွေနံ နဲ့ စတဲ့ နိုင်ငံကြီး တစ်နိုင်ငံရဲ့ သံရုံးရှေ့ မှာ စာရွက်တရွက်ကို ကိုင်ပြီး
လမ်းလျှောက်ရင် ငွေ အစုလိုက် အပြုံလိုက်ဝင်ပြီး နာမည်ကျော်မယ်။ အကြီးအကဲ
တွေရဲ့ ကြည့်ရှု စောင်မမှုကို ရလိမ့်မယ် ....
ထိုသူ ထွက်သွားပြီး နောက်တစ်ဦး ဝင်လာပြန်သည်။
ဆရာ။ ။ ကဲ နာမည်လေး ပြောပါဦး ...
မေးသူ။ ။ '' -----''
ဆရာ။ ။ သြော် ... တနင်္ဂနွေသားပဲ ... ခင်ဗျား သတိထားရမယ်။
တနင်္ဂနွေနံ နဲ့ စတဲ့ နိုင်ငံကြီး တစ်နိုင်ငံရဲ့ သံရုံးရှေ့ မှာ စာရွက်တရွက်ကို ကိုင်ပြီး
လမ်းလျှောက်ရင် အကြီးအကျယ် ဒုက္ခတွေ့လိမ့်မယ်။ အဖမ်းအဆီးမြင်တယ်။
ထောင်တန်း ကျကိန်းရှိတယ်။ အကြီးအကဲတွေ အမျက်ရှလိမ့် မယ် ....
ထိုသူ ထွက်သွားပြီးနောက် ....
တပည့်များက ဝိုင်းပြီး မေးကြလေသည်။
တပည့်များ။ ။ဆရာ နာမည်လေးပဲ မေးပြီး ဘယ်လို ဟောလိုက်တာလဲ ...
တနင်္ဂနွေသားချင်း အတူတူ ဟောချက်က လုံးဝ ဆန့်ကျင်နေတယ်နော် ...
ဂြိုလ်စီး ဂြိုလ်နင်းကြောင့်များလား။
ဆရာ။ ။ အင်း - မင်းတို့နဲ့မလဲ ခက်ပါတယ်။ ဗေဒင်ဟောတယ်ဆိုတာ
ပြင်ပဗဟုသုတလေးလဲ ရှိရတယ်ကွ ... ပထမလူ နာမည်က ကိုအေးလွင် တဲ့ ။
ဒုတိယလူက ဦးအုန်းသန်း တဲ့ကွာ .... ငါ ဘာမှ မတွက်ဘူး .. နာမည်ကြည့်ပြီး
ဟောလိုက်တာပဲ .....
( တင်ပြသူ- Clinton )

နိုင်ငံတော်ဆိုတာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်နေ့တိုင်း မိန့်ခွန်းပြောကြားမြဲဖြစ်လေ၏။
“ရဲဘော်တို့ ငါတို့ဟာ နိုင်ငံတော် တိုးတက်ကြီးပွားဖို့ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်း
ရှိသမျှ ဆောင်ရွက်ကြရမှာပဲ ဖြစ်တယ်။”
နှစ်ပေါင်းများစွာ ကြာလာ၏။
ထိုအတောအတွင်း ဗိုလ်ချုပ်မှူးကြီး၏တပည့်သားမြေးများမှာ ဆယ်သက်စားမကုန်
အောင်၊ ချမ်းသာသွားကြလေ၏။ တိုင်းပြည်ကား ဆင်းရဲမွဲတေလျက်ပင်။
နောက်ဆုံးတွင် ပြည်သူတို့မှာ အောက်ပါအတိုင်း ငြီးငြူလို့သာ နေရပါတော့သည်။
“ အော် ... နိုင်ငံတော်ဆိုတာ သူတို့ကိုယ်ကိုသူတို့ ပြောတာကိုး ...”
( တင်ပြသူ- mgpo )

ဘာသာ ပျက်မှာစိုး
ဘဘကြီးတစ်ယောက် အမေရိကန်ရဲ့ရန်က ပြေးရင်းနဲ့ အာဖဂန်နစ္စတန်တွင်
နိုင်ငံရေးခိုလှုံခွင့်ယူရန် ဆုံးဖြတ်လိုက်ပါတယ်တဲ့။ အမေရိကန်နဲ့ ရန်သူဖြစ်တာချင်း
တူနေသဖြင့် အာဖဂန်နစ္စတန်ကဖြင့် သူ့အတွက် လုံခြုံမှုပေးနိုင်မယ်ထင်မပေါ့။
ဒါနဲ့ ဘဘကြီးနဲ့ အိုဆာမာ ဆွေးနွေးကြတော့ အဆင်တော်တော် ပြေပါတယ်တဲ့။
အိုဆာမာကလည်း အာဖဂန်နစ္စတန်မှာ လာနေရင် အမေရိကန်က လက်ဖျားနဲ့တောင်
မထိစေရဘူး၊ အာမခံတယ် ဘာညာပေါ့။ ဘဘကြီးကလည်း သူ့မှာ ပါလာမယ့်
ဒေါ်လာ သန်းပေါင်းများစွာကို အိုဆာမာကို စိတ်ကြိုက် ခွဲပေးပါ့မယ်ပေါ့။
ဒါပေမယ့် နောက်ဆုံးတစ်ချက်မှာ အိုဆာမာက ဘယ်လိုမှ လက်မခံနိုင်လို့
ဆွေးနွေးပွဲ ပျက်သွားရပါသတဲ့။
အဲဒါကတော့ ဦးမြင့်မောင်ကို သာသနာရေးဝန်ကြီးခန့်ပေးရမယ် ဆိုတာပါပဲ။
( တင်ပြသူ- botchan )

ဒါတော့မဖြစ်ဘူး
အိုဆာမာဘင်လာဒင် တစ်ယောက် အမေရိကန်ရဲ့ရန်က ပြေးရင်းနဲ့ မြန်မာနိုင်ငံ
တွင် နိုင်ငံရေး ခိုလှုံခွင့်ယူရန် ဆုံးဖြတ်လိုက်ပါတယ်တဲ့။ အမေရိကန်ရဲ့ ရန်သူ
ဖြစ်တာချင်း တူနေတဲ့အတွက် မြန်မာပြည်ကဖြင့် သူ့အတွက်တော့ လုံခြုံမှု
ပေးနိုင်မယ် ထင်မပေါ့။
အဲဒါနဲ့ အိုဆာမာနဲ့ ဘဘကြီး ဆွေးနွေးကြတော့၊ အဆင်တော်တော် ပြေပါတယ်တဲ့။
ဘဘကြီးကလည်း မြန်မာပြည်မှာလာနေရင် အမေရိကန်က လက်ဖျားနဲ့တောင်
မထိစေရဘူး၊ အာမခံတယ် ဘာညာပေါ့။ ဒါပေမယ့် နောက်ဆုံးတစ်ချက်မှာ
အိုဆာမာက ဘယ်လိုမှ လက်မခံနိုင်လို့ ဆွေးနွေးပွဲ ပျက်သွားရပါသတဲ့။
အဲဒါကတော့ အိုဆာမာက ကြံ့ဖွံ့အသင်းထဲ ဝင်ရမှာဆိုတာပါပဲ။
( တင်ပြသူ- မောင်ဘတ် )

Read More...

ဗိုလ်သန်းရွှေအတွက် ဟာသများ (၁)

အကောင်းဆုံးဝါဒ
တစ်ခါက ကမ္ဘာပေါ်မှာ နိုင်ငံရေးဝါဒ အစည်းအဝေးပွဲကြီးကျင်းပတယ်။
(ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာကောင်ဆုံးဝါဒကိုရွေးမယ်ပေါ့။)ကမ္ဘာပေါ်က
နိုင်ငံခေါင်းဆောင်အားလုံးနှင့် ဝါဒရှင်အားလုံး တက်ရောက်ကြတာပေါ့။
(မှက်ချက်။ ။ မြန်မာနိုင်ငံက ဦးသန်းရွှေကြီး နှင့် တစ်ဆွေတစ်မျိုးလုံး တက်ရောက်
သည်ဟုသတင်းရရှိပါသည်။)
အပြိုင်အဆိုင်ပဲ ဟစ်တလာတို့၊ မူဆိုလီနီတို့၊ တိုနီဘလဲတို့၊ လင်ကွန်းတို့ စသည်ဖြင့်
နိုင်ငံပေါင်းစုံက ခေါင်းဆောင်နှင့်ဝါဒရှင် အားလုံးဟာ သူတို့ဝါဒကောင်းကြောင်း
ဟောပြောငြင်းခုန်ကြတာပေါ့။
အားလုံးတစ်ယောက်နှင့်တစ်ယောက် အရှံးမပေးကြသလို ဘယ်သူမှလဲဘယ်ဝါဒ
ကောင်းတယ်လို့ မဆုံးဖြတ်နိုင်ကြဖူးပေါ့။ နောက်ဆုံး အားလုံးသတိထားမိတာက
မြန်မာနိုင်ငံက ဦးသန်းရွှေကြီးနှင့် အပေါင်းပါများဟာ ဘာမှမပြောဘဲ ငြိမ်သက်နေ
ကြတာကိုတွေ့ရတယ်ပေါ့။ အားလုံးက ဒီလိုငြိမ်နေပုံထောက်ရင် ဦးသန်းရွှေကြီးဆီ
မှာ အားလုံးနှင့်မတူပဲ အားလုံးထက် ကောင်းတဲ့ဝါဒတစ်ခု ရှိမယ်လို့ ထင်ကြတာပေါ့။
လာတုံးကတော့ ဆွေမျိုးတွေ ရောက်ဖူးအောင် အလည်သဘောမျိုးနဲ့ ဘာမှမပြောဘူး
လို့ စဉ်းစားထားပေမဲ့ အားလုံးက တောင်းဆိုလာတာနဲ့ ဦးသန်းရွှေကြီးက စင်ပေါ်
တက်သွားပါတယ်။
စင်ပေါ်ရောက်ရောက်ချင်းပဲ အားလုံးက ဦးသန်းရွှေကြီးကို မြန်မာနိုင်ငံကို
ဘယ်ဝါဒနှင့် အုပ်ချုပ်သလဲလို့မေးပါတယ်။ ဒီတော့ ဦးသန်းရွှေကြီးက သူများ
တွေလို ရှည်ရှည်ဝေးဝေးမပြောပဲ တစ်ခွန်းထဲပြောပြီး ဆင်းလာခဲ့တဲ့အခါမှာ....
လူပေါင်းများစွာရှိတဲ့ အစည်းအဝေးခန်းမကြီးဟာ အပ်ကျသံတောင်ကြားရအောင်
တိတ်ဆိတ်သွားပါတော့တယ်။ အားလုံးဟာ အာစေးထည့်ခံရသလို အလန့်တကြား
နှင့် ဘာမှမပြောနိုင်တော့ပါဘူး။
ဦးသန်းရွှေကြီး ပြောလိုက်တာကတော့ တစ်ခွန်းထဲပါ။

''မုသာဝါဒ''

တဲ့ဗျာ.....။ (တင်ပြသူ- peterhein1983 )

မြန်မာပြည် ပြဿနာ ဖြေရှင်းနည်း
တနေ့သောအခါ အလ္လါအရှင်မြတ်ရယ်၊ ယေရှုခရစ်တော်ရယ်၊ သကြားမင်းဦးမာဃ
တို့က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ သဘောတူညီချက်
တွေ ရခဲ့ကြတယ်။ အလ္လာအရှင်မြတ်က အိုစမာဘင်လာဒင်ကို သွားတွေ့မယ်။
ခရစ်တော်က သမ္မတ ဘုရှ်ကို ဖျောင်းဖျမယ်။ ဦးမာဃ ကတော့ ဗိုလ်ချုပ်မှူးကြီးကို
တာဝန်ယူရမယ်တဲ့။
ဒါနဲ့ ဘာသာကြီး (၃)ခုရဲ့ တန်ခိုးရှင်တွေက ရက်ကောင်းရက်မြတ် ရွေးပြီးသကာလ
ကမ္ဘာကျော် အကြမ်းဖက်သမား (၃)ဦး နဲ့တွေ့ကြတယ်။ တွေ့တဲ့နေရာက ဟိမဝန္တာ
တောင်ခြေက လှိုဏ်ဂူတစ်ခုမှာပါ။ အနှောင့်အယှက်မရှိ စကားပြောလို့ရအောင်
ဝင်ပေါက်မှာ လုံခြုံရေးအစောင့်တွေ ချထားလိုက်တယ်။
အဲသလိုနဲ့တွေ့ကြပြီး ( ၃ )နာရီအကြာမှာ ခရစ်တော်က သမ္မတဘုရှ်နဲ့အတူ ဂူထဲက
နေ ထွက်လာတယ်။ ခရစ်တော်က ပြုံးနေတယ်။ ဘုရှ်ကတော့ အကျွတ်တရား
ရသွားဟန်ရှိပါတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
ခရစ်တော် ။ အခုအချိန်ကစပြီး စစ်ပွဲတွေ ရပ်စဲတော့မယ်။ သမ္မတဘုရှ်က ငြိမ်းချမ်း
ရေးရဲ့ တန်ဖိုးကို သတိထားမိသွားပြီ။
နောက်ထပ် ( ၃ ) နာရီအကြာမှာ အလ္လာအရှင်မြတ်က ဂူထဲကနေ ထွက်လာတယ်။
ဘင်လာဒင်လည်း ပါလာတယ်။ ဘင်လာဒင်ပုံစံက အလ္လာကို ပို၍ပို၍ ရိုသေ
လေးစားနေဟန် ပေါ်လွင်နေတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
အလ္လာ ။ ဘင်လာဒင်ကို လူကောင်း သူကောင်းဖြစ်အောင် ပြောင်းလဲလိုက်နိုင်ပါပြီ။
အခုအချိန်ကစပြီး သူဟာ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ပါတ်သက်တော့မှာ မဟုတ်
ပါဘူး။
နောက်ထပ် ( ၃ ) နာရီ အကြာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွေ ဂူထဲကနေ
ထွက်လာတယ်။ ဒေါသတထောင်းထောင်းနဲ့ပေါ့။ သူ့နောက်မှာ ဦးမာဃကြီး
စိတ်ပျက်လက်ပျက်နဲ့။
အစောင့်များ ။ ဘယ်လိုဖြစ်တာလဲ အရှင်။
ဦးမာဃ ။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့ လိုပြီဆိုတဲ့အကြောင်း သန်းရွေကို တတ်နိုင်
သလောက် နားချပါတယ်ကွာ။ ဒီတော့ သူက ငါ့ကို ပုဒ်မ ၅(ည) အရ အပြစ်ရှိ
တယ်လို့ စွတ်စွဲပါလေရော။ အခုငါ့ကို အင်းစိန်ထောင်ပို့မလို့ တဲ့ကွာ။
( တင်ပြသူ- exotic )

စကားပြောသော ဗိုလ်ချုပ်
တစ်ခါသော အခါက ဗိုလ်ချုပ်ကြီးခင်ညွန့် ခေတ်ကောင်းစဉ်အခါကပေါ့ဗျာ။
တရက် ဗိုလ်ချုပ်ကြီးက တပ်မတော်နေ့အတွက် ပြင်ဆင်ထားတဲ့ တော်လှန်ရေး
ပန်းခြံကို လှည့်ပတ်ကြည့်ရှု စစ်ဆေးနေတယ်တဲ့။ သူတစ်ယောက်ထဲ စိတ်လွတ်
ကိုယ်လွတ် ကြည့်နေရင်းမှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုရှေ့ ရောက်လာပါသတဲ့။
ရုတ်တရက် ...
“ဟေ့ကောင် .. ခင်ညွန့်”
ဆိုတဲ့အသံထွက်လာတယ်။ ရုတ်တရက် သူလည်း ဒေါသထွက်ပြီး ဘယ်သူ
ခေါ်လည်းဆိုပြီး ဟိုဝေ့ကြည့် .. ဒီဝေ့ကြည့်နဲပေါ့။ နောက်မှ သူ့ကို ခေါ်နေတာ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကြီးက ဖြစ်နေပါပကော။ သူလည်း ရုပ်ထုကြီးကို
ကြောင်တောင်တောင်နဲ့ ငေးကြည့်နေတုန်း ...
“ဟေ့ကောင် ခင်ညွန့် .. ငါအခုလို မတ်တတ်ရပ်နေတာ ကြာတော့ ညောင်းလာပြီ။
မင်းတို့ငါ့ကို လေးစားသေးတယ်ဆိုရင် ငါ့အတွက် မြင်းတစ်ကောင် ရှာပေးပါ ”
လို့ ပြောသတဲ့။
အဲ့ဒါနဲ့နောက်တော့ ဗိုလ်ခင်ညွန့်လည်း ဗိုလ်ချုပ်ကျောက်ရုပ်က စကားပြောတယ်
ဆိုတာကို ချက်ချင်းပဲ တပ်ချုပ်ကြီး ကိုသွားသတင်းပေးတာပေါ့။ တပ်ချုပ်ကြီးက
မယုံရှာဘူးတဲ့။ ကျောက်ရုပ်က စကားပြောတာ မဖြစ်နိုင်ဘူး .. ဘာဘူးပေါ့။
အဲ့ဒါနဲ့ ဗိုလ်ခင်ညွန့်ကလည်း သူ့ဆရာကို . .ဆရာမယုံရင် ပန်းခြံထဲလိုက်ကြည့်ပါ
.. ကျောက်ရုပ်က စကားပြောနေတာကို တွေ့လိမ့်မယ်ပေါ့။ နောက်ဆုံးတော့
တပ်ချုပ်ကြီးလည်း ဟုတ်လိုဟုတ်ညား .. ဗိုလ်ခင်ညွန့်ခေါ်ရာကို လိုက်သွားတယ်။
အဲ .. တပ်ချုပ်ကြီးလည်း ဗိုလ်ချုပ်ရုပ်ထုရှေ့လည်း ရောက်ကော ..
ကျောက်ရုပ်ကြီးက အရင်အတိုင်းပဲ။ စကားလည်း မပြောဘူးတဲ့။ အဲ့ဒါနဲ့
တပ်ချုပ်ကြီးလည်း စိတ်တွေ အရမ်းဆိုးပြီး ဗိုလ်ခင်ညွန့်ကို ချက်ချင်း ရာထူးက
အနားပေးလိုက်တယ် ။ ( မယုံမရှိနဲ့ ။ ဗိုလ်ခင်ညွန့် ပြုတ်တာ အဲ့ဒါကြောင့် .. )
နောက်နေ့ကြတော့ ရာထူးက လောလောလတ်လတ် ပြုတ်ထားတဲ့ ဗိုလ်ခင်ညွန့်
တစ်ယောက် ဒေါနဲ့မောနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဆီကို ရောက်လာပါ
ရောတဲ့။ ရောက်ရောက်ချင်းပဲ ...
ဗိုလ်ချုပ်က ကျွန်တော့်ကို ညာတယ်ဗျာ။ စကားပြောတတ်ရဲ့သားနဲ့ ဘာလို့
မနေ့က စကားမပြောပြတာလဲ
တဲ့။
အဲ့ဒီမှာ ဗိုလ်ချုပ်ပြန်ပြောလိုက်တာက ...
“ခင်ညွန့် .. ငါက မင်းကို မြင်းတစ်ကောင်ပဲ ရှာခိုင်းလိုက်တာ။ မင်းက နွားကြီး
ခေါ်လာတာကိုးကွ ”
လို့ ဆိုပါသတဲ့။
( တင်ပြသူ- exotic )

ဒီနေ့ သူမရူးပါ။
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
ဆေးရုံရှိလူနာများက အကြီးအကဲကို တွေ့သည်နှင့်.. “အကြီးအကဲ ကျန်းမာပါစေ
...နေကောင်းပါစေ....သက်တော်ရှည်ပါစေ...” ဟု ကောင်းချီးပေးကာ ကြိုဆိုကြ
သည်။ သို့သော် လူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအကဲအား မျက်နှာလွှဲပြီး
နေသည်။ အကြီးအကဲက မြင်သော် “ ဒီလူနာက ငါ့ကိုမြင်တာတောင် မကြိုဆို
ပါလား” ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ “ လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်း
နေတယ် ” ဟူသတည်း။
( တင်ပြသူ- xinyaw13 )

ဘက်မှားလို့
တိုင်းပြည်အကြီးအကဲတဦးသည် မိမိ၏နာမည်နှင့်ဂုဏ်ကို မြှင့်တင်ချင်သည့်
အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီး တလ
အကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက်
စုံစမ်းခဲ့သည်။
အကြီးအကဲ..... “ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအားကောင်းလားဟေ့”
စာတိုက်မှူး..... “ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းက၊ ကော် သိပ်မကပ်
ဘူးလို့ ပြောကြတယ်။”
အကြီးအကဲ...... “မဖြစ်နိုင်တာ”
ကိုယ်တိုင် တံဆိပ်ခေါင်းတခုကို ယူပြီး၊ နောက်ကျောကို တံထွေး ထွေးကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ “ကပ်တာမှ မြဲနေတာပဲ”
စာတိုက်မှူး....... “သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ဘက်မှာ ထွေးကြလို့ပါ။”
( တင်ပြသူ- xinyaw13 )
lollol

Read More...

တာတေ စနေသားအခန်း (၂) (ဦးနု)

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလထဲမှာ ပထမ တက္ကသိုလ် သပိတ်ပေါ်လာတယ်၊ မကြာခင် ဒီသပိတ်ဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို ကူးစက်သွားပြီး မောင်နုတို့လည်း သပိတ်ထဲ ပါသွားကြတယ်၊ မောင်နုဟာ ဒီအချိန်မှာ ၇ တန်း။
အသက်ကတော့ ၁၃နှစ်ကျော်နေပြီ။ အဲဒိအချိန်မှာ မောင်နုရဲ့ လုပ်ပုံ ကိုင်ပုံ၊ ပြောပုံဆိုပုံတွေဟာ ရှေးကနဲ့ မတူတော့ဘဲ အနည်းငယ် ပြောင်းလဲလာတာ သူ့ကို အကဲခတ်မိ တဲ့လူတွေ တွေ့လာကြတယ်၊ ဒီလိုပြောင်းလဲလာတာဟာ ကျောင်းသားသပိတ်ကြောင့် ဖြစ်တယ်လို့ အဲဒီ အကဲခတ် မိသူတွေက ယူဆကြတယ်၊ တက္ကသိုလ် သပိတ်ခေါင်းဆောင်တွေက ဟောပြောပြသတဲ့၊ လွတ်လပ်ရေးတရားတွေ။ အမျိုးသားကျောင်းမှာ၊ မောင်နုတို့ သင်ရတဲ့ အာဇာနည်များ၊ လွတ်လပ်ရေး တိုက်ပွဲများ၊ အစရှိတဲ့ စာအုပ်တွေဟာ မောင်နုရဲ့စိတ်ကို တမျိုးတဖုံ ပြောင်းပစ်လိုက်တယ်လို့ အဲဒီ အကဲခတ်မိသူတွေက ယုံကြည်နေကြတယ်။ အကယ်လို့ရာခိုင်နှုန်း အပြည့် မှန်တယ်ဆိုရင် ဒီဟောပြော ချက်တွေ၊ ဒီစာအုပ်တွေကြောင့် မောင်နုဟာ ကောင်းတာတွေကိုပဲ လုပ်ရမယ်။ မကောင်းတာတွေကို မလုပ်ရဘူး။ အခုတော့ သူပြောတာဆိုတာတွေ၊ လုပ်တာကိုင်တာတွေထဲမှာ အကောင်းတွေလည်း ပါနေတယ်။ အဆိုးတွေလည်း ပါနေတယ်။ အခုလို ပြောင်းလဲလာတာနဲ့ပတ်သက်ပြီး မောင်နုအကြောင်းကို ကောင်းကောင်းသိတဲ့ သူ့ဆွေမျိုးရင်းခြာတယောက် ပြောပြတာဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ အဲဒီ ဆွေမျိုးရင်းခြာ ပုဂ္ဂိုလ်က မောင်နုနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်။ လူတိုင်းမှာ ဦးနှောက်နဲ့ နှလုံးသားဆိုပြီး အဓိက အစိပ်အပိုင်းကြီး နှစ်ခုရှိတယ်။ အသက်အရွယ် ကြီးမားလာတာနဲ့အမျှ တချို့လူတွေမှာ ဦးနှောက်နဲ့ နှလုံးသားဟာ တညီတညာထဲ ကြီးထွားလာကြတယ်၊ တချို့မှာ ဦးနှောက်က နှလုံးထက် ပိုပြီးကြီးထွား လာကြတယ်၊ တချို့မှာတော့ ဦးနှောက်ထက် နှလုံးက ပိုပြီး ကြီးထွားလာကြတယ်၊ အဲဒီလို လူသုံးစား ရှိတဲ့အထဲမှာ မောင်နုဟာ တတိယ အမျိုးအစားထဲမှာ ရောက်နေတယ်။ အရွယ်ကြီးလာတာနဲ့ အမျှ သူ့နှလုံးဟာ သူ့ဦးနှောက်ထက် အဆမတန် ပိုပြီးကြီးထွားလာတယ်။ ထူးထူးခြားခြား ပိုမိုကြီးထွားနေတဲ့ အတွက် လူများစုက အသေးအဖွဲလို့ ယူဆထားတဲ့ ပြဿနာကလေးတွေဟာ မောင်နုမှာ အကြီးကြီးတွေ ဖြစ်တဲ့အခါဖြစ်ပြီး အကျိုးရှိမဲ့ ကိစ္စမျိုးလဲမဟုတ်ဘူးဆိုတဲ့ အချက်တွေကို သူ့ဦးနှောက်က မစဉ်းစား နိုင်သေးခင် သူ့နှလုံးထိခိုက်တာကို မှီပြီး မောင်နုဟာ တခုခုပြောဘို့ ဒါမှမဟုတ်ရင်လည်း တခုခုကို လုပ်ဘို့ ချက်ခြင်း ဆုံးဖြတ်ချက် ချလေ့ရှိတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘာကြီး ဖြစ်သွားဖြစ်သွား။ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတဲ့အတွက် ဆုံးဖြတ်ချက်တခုကို ချပြီးရင် ပြင်ဘို့ မလွယ်တော့ဘူး။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း တခုခုကို ပြောပြီး လုပ်ပြီးမှ သူ့ဦးနှောက်က ကျကျနန စဉ်းစားနိုင်တဲ့ အခါ သူပြောမိတာ လုပ်မိတာဟာ မှားမှန်းသိရင် မောင်နု အများကြီး ဝမ်းနည်းပက်လက် ဖြစ်နေတတ်တယ်။ အဲဒီလို မှားပြီးရင် နောက်ထပ်မမှားဘို့ မောင်နုဟာ အများကြီးကြိုးစားလေ့ရှိတယ်။ ဒါပေမဲ့ နှလုံးက ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုဟာ ကြိုးစားလို့ မအောင်မြင်နိုင်ဘူး။ မှားမှားပြီးသမှ နောင်တရတာတွေ ဟာ အင်မတန်များတယ်။ အဲဒီလိုဖြစ်တာဟာ ၁၃-၁၄နှစ်သား အရွယ် ငယ်ငယ်တုန်းကသာ ဖြစ်တာ မဟုတ်ဘူး။ အသက်အရွယ် ကြီးပြင်းလာတဲ့အခါမှာလည်း ဖြစ်တုန်းဘဲရှိသေးတယ်။ ငယ်ငယ်တုံးက ဒီလို ဖြစ်ခဲ့ဘူးတာတွေနဲ့ အသက်အရွယ် ကြီးပြင်းလာတဲ့အခါမှာ ဖြစ်ခဲ့ကြတာတွေဟာ အချက်တချက်မှာဘဲ ခြားနားချက်ရှိတယ်။ နှလုံးသားကို ထိခိုက်လာရင် အလျှင်စလိုဆုံးဖြတ်တဲ့အတိုင်း ပြောတာဆိုတာ လုပ်တာ ကိုင်တာမှာတော့ မခြားနားဘူး။ အတူတူပဲ။ ဒီလိုဆိုရင် ခြားနားချက်ဆိုတာ ဘယ်လိုဟာမျိုးလည်း။ ငယ်ငယ်တုံးကဆိုရင် မောင်နုဟာ ကုသိုလ် အကုသိုလ်ကို မသိသေးဘူး။ သုစရိုက်-ဒုစရိုက်ကို ကြားတောင် မကြားဖူးဘူး။ အဲဒီတော့ တခုခုကို လုပ်ချင်လာရင် ကုသိုလ်ကိုပဲဖြစ်ဖြစ်၊ အကုသိုလ်ကိုပဲဖြစ်ဖြစ်။ သုစရိုက်ကိုပဲဖြစ်ဖြစ်။ ဒုစရိုက်ကိုပဲ ဖြစ်ဖြစ်။ မြင့်မြတ်တာကိုပဲဖြစ်ဖြစ်။ ယုတ်ညံ့တာကိုပဲဖြစ်ဖြစ်။ ဇွတ်တရွတ် လုပ်ပစ်လိုက်တာပဲ။ အသက်အရွယ်ကြီးပြင်း လာတဲ့အခါကျတော့ ကျေးဇူးရှင် သူ့ဖခင်နဲ့သူ့ဆရာ ဒီးဒုတ် ဦးဘချိုတို့ရဲ့ သွန်သင် ဆုံးမတာတွေကို ကြားနာရပြီးတဲ့အခါ မောင်နုဟာ ကုသိုလ်နဲ့ အကုသိုလ်၊ သုစရိုက်နဲ့ ဒုစရိုက်၊ မြင့်မြတ်တာနဲ့ ယုတ်ညံ့တာတွေကို အတော်အတန်သိလာတယ်။ ဒီလို သိလာတဲ့ အတွက် အကုသိုလ်တို့ ဒုစရိုက်တို့ ယုတ်ညံ့တာတို့ကို လုပ်ချင်တိုင်း ဇွတ်တရွတ် မလုပ်မိအောင် သူ့ကိုယ်သူ အထူး ထိန်းသိမ်းလာနိုင်တယ်။ ကွာခြားချက်ဆိုတာ ဒါပါဘဲ။ နှလုံးသားဟာ ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုဟာ နှလုံးသားကို ထိခိုက်လာတိုင်း စိတ်လိုက်မာန်ပါ လုပ်ခဲ့တာတွေဟာ အများကြီးပါဘဲ။ အဲဒီအများကြီးထဲက စိတ်ဝင်စားစရာ ကောင်းမယ်လို့ထင်တဲ့ သာဓကလေးတွေ အနည်းငယ်ကို သူ့အခန်းနဲ့သူ ဖေါ်ပြသွားချင်တယ်။

(က) သပိတ်ပေါ်လာပြီးလို့ မကြာခင်နေ့တနေ့မှာ သူ့စိတ်ကို ဘယ်လိုထိခိုက်တယ် မဆိုနိုင်ဘူး။ မောင်နုဟာ သူ့သူငယ်ချင်း ၄-၅ယောက်နဲ့ ထိုင်ပြီး စကားပြောရင်း သူ့သူငယ်ချင်း တွေကို ဟေ့ကောင်တွေ ငါတခု လုပ်ချင်တယ်လို့ ရုတ်တရက်ပြောလိုက်တယ်။ အဲဒီနောက် ဆက်ပြီး ဒို့အားလုံး ကတုံးပြောင်အောင်ရိတ် ရမယ်။ ခါးတောင်မြောင်အောင် ကြိုက်ရမယ်။ ကိုယ်တုံးလုံး ချွတ်ထားရမယ်။ တရုတ်ထိုး နောက်ပိတ် ဘိနပ် စီးရမယ်။ လက်တဘက်မှာ ခဲတလုံးစီကိုင်ပြီး ဈေးထဲကို သွားမယ်လို့ မောင်နုက ကျေညာပြန်တယ်။ သူ့သူငယ်ချင်းတွေထဲမှာ ထွန်းရင်ကလွဲပြီး အားလုံးသဘောတူတယ်။ ထွန်းရင်ဟာ ခါးတောင်းမြောင်အောင် ကြိုက်ဘို့နေနေသာသာ လုံချည်ဝတ်ရင် သူ့လုံချည်စဟာ ခြေမျက်စိပေါ် ဘယ်တော့မှ မတက်ဘူး။ သူ့ ဆံတောက်ကိုလည်း ကော့စမတ်တစ်နဲ့ တိုက်ပြီး အမြဲတမ်း သပ်သပ်ရပ်ရပ် ခွဲထားလေ့ရှိတယ်ဆိုတော့ ဘယ်မှာ ကတုံးရိတ်ချင်ပါ့မလဲ။ နောက်ပြီးတော့ ကို့ယို့ကားယားလုပ်ပြီး သူတို့သွားရမဲ့နေရာဟာ အပျို လေးတွေ သိပ်ပေါတဲ့ ဈေးဖြစ်နေပြန်တယ်ဆိုတော့ မိန်းခလေးတွေ ရှေ့မှာ အင်မတန် ရှက်တတ်တဲ ထွန်းရင် အတွက် မောင်နုရဲ့ ကျေညာချက်အတိုင်း လိုက်လုပ်ဘို့ဆိုတာ မပြောနဲ့စဉ်းစားဘို့ ဆိုတာတောင် မဖြစ်ဘူး။ ဒါပေမဲ့ မောင်နုဟာ ဆုံးဖြတ်ပြီးဖြစ်နေတဲ့အတွက် ထွန်းရင် ငြင်းလို့မရတော့ဘူး။ စိတ်မပါ့တပါ ရှက်ကိုးရှက်ကန်းနဲ့ လိုက်လုပ်ရရှာတယ်။ နောက်တခါကျတော့ သူငယ်ချင်းတွေ စကားပြောနေကြရင်း မောင်နုဟာ သူဟာ အရက်ကိုသာ သောက်ဖူးတယ်။ ကုတ်ကင်းကို တခါမှ မပွတ်ဘူးဘူး။ အနည်းဆုံး တခါတော့ ပွတ်ကြည့်ချင်တယ်။ အဲဒါကြောင့် သူ့သူငယ်ချင်းမောင်ဟန်က ကုတ်ကင်းကို သွားဝယ်ချေပါလို့ မောင်နုကပြောတယ်။ သူငယ်ချင်းအချို့က ကုတ်ကင်း ပွတ်တာမကောင်းဘူး။ ရူးတတ်တယ်လို့ ကန့်ကွက် ပါသေးတယ်။ ဒါပေမဲ့ မောင်နုဟာ ဆုံးဖြတ်ပြီးဖြစ်နေတဲ့ အတွက် သူတို့ကန့်ကွက်လို့ မရတော့ဘူး။ မောင်ဟန်က ကုတ်ကင်း ဝယ်ပေးတယ်။ ကုတ်ကင်းရလာတဲ့အခါ ဂနီဆိုတဲ့ ကလားလဘက်ရည်ဆိုင်မှာ မောင်နုနဲ့ သူငယ်ချင်းတွေအားလုံး ဝိုင်းပြီးကုတ်ကင်း ပွတ်ကြတယ်။ ပွတ်ပြီးတဲ့အခါ စကားပြောလို့ မရဘူး။ နှုတ်ခမ်းတွေထူနေတယ်။ မကောင်းဘူးလို့ မောင်နုက မှတ်ချက်ချတယ်။ နောက်တခါမှာတော့ အခုလိုပဲ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး စကားပြောနေကြတုန်း မောင်နုက သူဟာ အရက်လည်း သောက်ဖူးပြီးပြီ။ ကုတ်ကင်းလည်း ပွတ်ဘူးပြီးပြီ။ ဘိန်းကို မရှုဘူးသေးဘူး။ တခါလောက်တော့ ရှုကြည့်ချင်တယ်လို့ ကျေညာပြန်တယ်။ ဘယ်သူမှ ကန့်ကွက်လို့မရဘူး။ ဒါပေမဲ့ ဘိန်းရှုတာကို မကြိုက်တဲ့ သူငယ်ချင်းတွေ ကံကောင်းချင်တော့ ဘိန်းခန်းထဲ ရောက်တဲ့အခါ ဘိန်းရှုမဲ့ လူတွေအတွက် ခင်းထားတဲ့ ဖျာစုတ်တွေ။ ချေးတွေနဲ့ မဲနေတဲ့ ခေါင်းအုံးတွေ၊ ဘိန်းဆီတွေ အလိမ်းလိမ်းကပ်နေတဲ့ ဘိန်းပြောင်းတွေကို ကြည့်ပြီး မောင်နုဟာ အော်ဂလီ ဆန်နေတယ်။ အဲဒါကြောင့် သူတို့ဟာ ဘိန်းမရှုဖြစ်ပဲ ဘိန်းခန်းထဲက ပြန်ထွက် လာကြတယ်။

(ခ) တနေ့သောအခါ သဘောင်္ဆိပ်နားမှာ ကူလီကုလားတယောက်ကို ဗမာ ၄-၅ယောက် ဝိုင်းရိုက်နေတာ မောင်နုတွေ့တယ်။ မောင်နုဟာ ဘိုင်စကယ်ပေါ်က ကဗျာကယာဆင်းပြီး ဗမာတွေကို အတင်းလိုက်ထိုး တယ်။ ဒီဗမာတွေဟာ ဝါးခယ်မမြို့ သုဿန်နဲ့ မျက်စောင်းထိုး မြစ်တဘက်ကမ်း တလိုင်းဟုရွာက လူဆိုး ရန်ရှင်းရဲ့ညီ လူဆိုးဘိုးချစ်နဲ့ သူ့ငယ်သား လူဆိုးတစုဆိုတာ မောင်နုမသိဘူး။ ဝါးခယ်မမှာ ဝါးခယ်မသား တောတော်များများက ဒီကောင်တွေနဲ့သာဆိုရင် မျက်နှာချင်း မဆိုင်ချင်ကြဘူး ဆိုတာလည်း မောင်နု မသိဘူး။ မကြာသေးခင်ကပဲ ဦးဘမြစ် ဆိုတဲ့ ပုလိပ်စာသင်တယောက်ကို ဘိုးချစ်ဆိုတဲ့ လူဆိုးဟာ ကွမ်းခြံကုန်း ဘုန်းကြီးကျောင်းနားမှာ ချောင်းပြီးရိုက်လိုက်တာ ကံကောင်းလို့ မသေတယ်ဆိုတာလည်း မောင်နုမသိဘူး။ ကူလီကုလားက မှားနေသလား၊ ဒီလူဆိုးတွေက မှားနေသလား ဆိုတာကိုလည်း မောင်နုမသိဘူး။ ကူလီကုလားတယောက်ထဲကို ဗမာ အများက ဝိုင်းရိုက်နေတာ မြင်ရတာနဲ့ သူ့နှလုံးသား ဆွေ့ဆွေ့ခုန် ဖြစ်လာပြီး ဗမာတွေကို အတင်းဝင်ထိုးတာပါဘဲ။ ကိုစံထွန်းရဲ့ သားဆိုတာ အဲဒီလူဆိုးတွေ သိနေကြလို့ သူလွတ်သွားတာပဲ။ ဒီလိုသာ မဟုတ်ရင် အဲဒီနေရာမှာ သူအတော်နာမယ်။ နောက်ပြီး တော့လည်း။ ဝါးခယ်မ တဘက်ကမ်း ရွာသစ်ရွာမှာ အောင်သင်းဆိုတာ ရှိတယ်။ အောင်သင်းက မောင်နုထက် နှစ်နှစ်လောက်ကြီးတယ်၊ အရပ်လည်း အတော်ရှည်တယ် အားလည်း သိပ်ကောင်းတယ်။ လက်လည်းသိပ်မြန်တယ်။ သူနဲ့စကားပြောရင် တဘက်သားဟာ အင်မတန် သတိထားပြောရတယ်။ စိတ်မထင်ရင် ဘာမဟုတ်တာလေးနဲက ထချတာပဲ။ သူချလိုက်ရင်လည်း မသက်သာဘူး။ လက်ဝါးရော၊ လက်သီးရော၊ ဒူးရော၊ ဖနောင့်ရော၊ အကုန်သုံးတယ်ဆိုတော့ ချပြီးရင် တဘက်သားကို နှာနှပ်ယူရတာ ချည်းဘဲ။ စိတ်အထိအခိုက် အင်မတန် မြန်တဲ့ မောင်နုဟာ တနေ့သောအခါ၊ အဲဒီအောင်သင်းနဲ့ ကမ်းနားလမ်း ကျောက်မီးသွေးရုံအနားမှာ သွားပြီး ရင်ဆိုင်မိကြတယ်။ မောင်နုနဲ့ပါလာတဲ့ သူငယ်ချင်းကို အောင်သင်းက သူ့စာအုပ်တွေ ပြန်ပေးဘို့တောင်းတယ်။ အဲဒီသူငယ်ချင်းကလည်း အောင်သင်းကို သိပ် ကြောက်ပြီး ပြန်ပေးပါ့မယ်လို့ တုန်တုန်ရီရီနဲ့ ပြန်ပြောတယ်။ ဒါပေမဲ့ အောင်သင်းဟာ ဒေါသထွက်ပြီး မင်းယူသွားတာကြာပြီ၊ ဒီကနေ့ လာပေးချင်ပေး။ မပေးရင် မင်းကို တီးရလိမ့်မယ် လို့စိတ်လိုက်မာန်ပါ ကြိမ်းမောင်းတယ်။ ဒီလို ကြိမ်းမောင်းတာကို မောင်နု မကြိုက်ဘူး။ အဲဒါကြောင့် ဘာစာအုပ်မှန်းလည်း မသိဘူး။ ယူထားတာ ဘယ်လောက်ကြာနေပြီ ဆိုတာလည်း မသိဘူး။ ဟေ့ကောင်-စာအုပ်ကို ပြန်မပေးနဲ့လို့ မောင်နုက သူ့သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။ အင်မတန် လက်မြန်တဲ့ အောင်သင်းဟာ အချေအတင် စကား ပြောနေဘို့ မောင်နုကို ခွင့်မပေးဘူး။ သူ့ဗလနဲ့ မောင်နုရဲ့ ဘယ်ဘက်မေးရိုးကို တအားထိုးလိုက်တာ မောင်နုလည်း အဲဒီနေရာက ဒီခဲလုံးပုံပေါ် ပုံလျက်သားကျသွားတယ်။ မောင်နုဟာ လက်သီးဒဏ်ကြောင့် မူးမူးနောက်နောက် ဖြစ်နေရာက ဆွဲမိဆွဲရာကို ဆွဲလိုက်တာ ဒီခဲလုံးတလုံးကို ဆွဲမိတယ်။ အဲဒါကြောင့် အတင်းကုန်းထပြီး ဒီခဲလုံးနဲ့ အောင်သင်းရဲ့ နားထင်ကို တချက်ဘဲထုနိုင်တယ်။ သူ့ထက် အရပ်နဲ့ ဗလ ကောင်းတဲ့ အောင်သင်းဟာ အပေါ်ကစီးပြီး လက်သီးမိုး၊ ဒူးမိုး၊ ခြေထောက်မိုးတွေ ရွာချနေလိုက်တာ မောင်နုရဲ့ညီ မောင်ဥသာ အဲဒီနေရာကို နှစ်မိနစ်လောက် နောက်ကျပြီး ရောက်လာမယ်ဆိုရင် မောင်နုရဲ့ အသက်ဟာ ထွက်သွားနိုင်စရာ အကြောင်းရှိတယ်။ သူ့ညီမောင်ဥဟာ ရန်ဖြစ်နေရာကို ရောက်လာပြီး ဒီခဲလုံးတလုံးနဲ့ တအားလွှဲပေါက်လိုက်တာ အောင်သင်းလည်း အဲဒီနေရာမှာ ပုံလျက်သားကျသွားတယ် ထင်တယ်။ အောင်သင်းရဲ့ လက်ကလွတ်တဲ့အချိန်မှာ မောင်နုဟာ သတိမရတော့ဘူး။ အတော်နှာနှပ် ယူရတယ်။ နောက်တခုပြောရဦးမယ်။ ၁၉၂၁ ခုနှစ်ထဲမှာ ဝှိုက် (White) ကော်မရှင်လို့ခေါ်တဲ့ စုံစမ်းရေး အဖွဲ့တခုကို ဘိလပ်အစိုးရတို့က ဖွဲ့ပေးလိုက်တယ်။ အဲဒီအဖွဲ့ကို ဂျီစီဘီအေ အသင်းချုပ်က သပိတ် မှောက်တယ်။ အဲဒါကြောင့် ဒီအဖွဲ့ဟာ ဝါးခယ်မကို ရောက်လာရင် သံပုံးတီးပြီး ဆန္ဒပြကြဘို့ ဝါးခယ်မ ဂျီစီဘီအေ အသင်းခွဲရဲ့ ခေါင်းဆောင်တချို့ ကစီစဉ်ကြတယ်။ အဲဒီလို သံပုံးတီးမဲ့လူတွေထဲမှာ နေရှင်နယ် ကျောင်းက မောင်နုတို့ လူစုလည်းပါသတဲ့။ ဝှိုက်ကော်မရှင်ဟာ ၁၉၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ ပုသိမ် ကိုအသွား ဝါးခယ်မမှာ ခဏနားတယ်။ သူတို့ရဲ့ သင်္ဘောဟာ ဝါးခယ်မမြို့ထိပ် ဝင်လာတဲ့အချိန်ကစပြီး တမြို့လုံးဆူညံသွားအောင် သံပုံးတွေ တီးကြတာပဲ။ မောင်နုတို့လူစုဟာ သင်္ဘောဆိပ်နားကပ်ပြီး တာဝန် ယူရတယ်။ အထက်အမိန့်အရ သူတို့ဟာ သံပုံးတွေကိုသာ မရပ်မနားတီးနေရမယ်၊ တခြားဘာမှ မလုပ်ရ ဘူး။ ဒါပေမဲ့ မောင်နုဟာ သံပုံးတီးနေရင်း နှလုံးသားတွေ ဆွေ့ဆွေ့ ခုန်လာတယ်ထင်တယ်။ ဘာမှ မပြောပဲ သူတို့လူစုထဲက ထွက်ပြီး အနားမှာရှိတဲ့ ဆိုင်တဆိုင်က ဘိလပ်ရည်ပုလင်းကို အတင်းဆွဲပြီး ဝှိုက်ကော်မရှင် စီးလာတဲ့ သင်္ဘောကို တအားပေါက်လိုက်တယ်။ ပုလင်းဟာ သင်္ဘောကို ထိပြီး အစိပ်စိပ်ကြေမွသွားတယ်။ မောင်နုလည်း ခဏတော့ အဖမ်းခံလိုက်ရသေးတယ်။

(ဂ) ၁၉၂၂ခုနှစ်။ မတ်လထဲမှာ မောင်နုဟာ နေရှင်နယ်ကျောင်းက ၈ တန်းအောင်တယ်။ အဲဒီအချိန်က မောင်နုမှာ ပညာဆက်သင်ဘို့ ရည်ရွယ်ချက်မရှိဘူး။ ပညာရဲ့တန်ဘိုးကိုလည်း သူမသိဘူး ဒါပေမဲ့ သူ့မိဘ တွေက အထူးသဖြင့် သူ့အဖေက ကျောင်းဆက်ထားချင်တယ်။ ဖြစ်နိုင်ရင်သူ့သားကို ဝတ်လုံဖြစ်စေ ချုင်တယ်။ အဲဒါကြောင့် ရန်ကုန် သရက်တောကျောင်းတိုက်ထဲမှာ ဖွင့်ထားတဲ့ အမျိုးသာကျောင်းမှာ ပညာ ဆက်သင်ဘို့ သူ့အဖေ ကိုစံထွန်းက စီစဉ်တယ်။ ရန်ကုန်ကို မသွားခင် လေးငါးရက်လောက် အလိုမှာ ဝါးခယ်မ ကုန်းလမ်းက ကုလားမ ဘမောင် လို့ခေါ်တဲ့ သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ ဘုရားကိုးဆူ ကပ်တယ်။ အဲဒီအိမ်မှာ သူငယ်ချင်းတွေ စုပြီး စကားပြောနေကြရင်း အေးမောင် စက်ကင်းဟာ မောင်နုကို လက်တို့ပြီး အပြင်ခေါ်သွားတယ်၊ မောင်နုတို့အတန်းထဲမှာ အေးမောင် နှစ်ယောက်ရှိတယ်။ အဲဒါကြောင့် ဒီအေးမောင်နှစ်ဦးကို ခွဲခြားတဲ့အနေနဲ့ သူ့ကို စက်ကင်း အေးမောင်လို့ ခေါ်တာဖြစ်တယ်။ အိမ်အပြင်ဘက် ရောက်တဲ့အခါ အေးမောင် စက်ကင်းက မောင်နု မင်းရန်ကုန်မှာ ကျောင်းသွားနေတော့မယ်၊ အဲဒီတော့ မင်းကို ငါအကောင်းဆုံးနဲ့ ဧည့်ခံမယ်လို့ပြောတယ်။ ဘယ်လိုဧည့်ခံမှာလဲလို့ မောင်နုက မေးတဲ့အခါ အိမ်မဲက ကောင်မအသစ်လေးတယောက် ရောက်လာတယ်လို့ ငါကြားရတယ်။ မင်းကို အဲဒီခေါ်သွားမယ်လို့ အေးမောင်စက်ကင်းက ပြန်ပြောတယ်။ အေးမောင်စက်ကင်းဟာ မောင်နုကို ရှေးဦးစွာ သူ့အိမ် ခေါ် သွားတယ်။ မောင်နုဟာ အေးမောင်စက်ကင်းရဲ့ ညွှန်ကြားချက်အတိုင်း ခေါင်းရင်းဘက်က အိမ်ကြားထဲကို သွားပြီး ပြူတင်းပေါက်အောက်မှာ စောင့်နေရတယ်။ အေးမောင် စက်ကင်းဟာ သူ့တာဖက်တာ အပေါ်အင်္ကျီ အသစ်တထည်ကို ဘုရားကြီးလမ်းနားက တရုပ်အပေါင်ဆိုင်မှာ သွားပေါင်ကြတယ်။ ရတဲ့ငွေ လေးကျပ်ယူပြီး ဝါးခယ်မအရှေ့ပိုင်းမှာ ရှိတဲ့ အိမ်မဲက ကောင်မအသစ်ကလေးဆီကို သူတို့သွားကြတယ်။ အဲဒီညက မောင်နု တွေ့ခဲ့ရတဲ့ အတွေ့အကြုံဟာ သူလူလားမြောက်တဲ့ အရွယ်မှာ ပထမဆုံးတွေ့ကြုံရတဲ့ အတွေ့အကြုံ ဖြစ်တယ်။ အဲဒါကြောင့် ထမင်းချက်ပန်းရီရဲ့ တိုက်တွန်းချက်အရ လှကြွေဆိုတဲ့ ကောင်မလေးနဲ့ လင်မယားလုပ်တမ်း ကစားခဲ့ကြစဉ်က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ တခြားစီ၊ တဘာသာစီ ဖြစ်နေတာကို တွေ့ရပြီး မောင်နုရဲ့စိတ်ထဲမှာ ဝမ်းသာတာရော၊ အံ့အားသင့်တာရော။ ကြိုက်တာရော ဗျောင်းဆန်သွားတာပဲ။


ဆက်လက်ဖေါ်ပြပါမည်။

Read More...

တာတေ စနေသားအခန်း (၁) (ဦးနု)

ကိုစံထွန်းဟာ သူ့သားကြီးသြရသကို အရမ်းချစ်တယ်။ မောင်နုဆိုးတာကို တယောက်ယောက်က ပြောရ ရင် ကျေးဇူးရှင်ဦးရွှေကုန်းက အလိုလိုက်လွန်းလို့။ ဦးရွှေကုန်းရဲ့ ဇနီးက အလိုလိုက်လွန်းလို့ အစရှိသဖြင့် ကိုစံထွန်းဟာ အခြား လူတွေကို လွှဲချလေ့ရှိတယ်၊ သူနဲ့ ဇနီး မစောခင်တို့ အလိုလိုက်တာလဲ ထူးမခြား နားပါဘဲ၊ ကိုစံထွန်းဟာ သူ့သားမောင်နုကို စိတ်ဆိုးရင် မျက်နှာကြီး မှုန်ကုပ်ကုပ်လုပ်ထားတယ်၊ ဒါထက် ပိုပြီး စိတ်ဆိုးလာရင် မောင်နုကို ဘာမှ မပြောဘူး။ အနီးအနားလူတွေကို မဲပြီး အော်လားငေါက်လား လုပ် တယ်။ ဒါထက် မခံမရပ်နိုင်အောင် ပိုပြီးစိတ်ဆိုးလာရင် ရှုးရှုးရှားရှားနဲ့ အိမ်အပြင်ဘက်ကို ထွက်သွား တာဘဲ၊ ဒါပေမယ့် အိမ်ပြန်လာရင် သားစားဘို့ သားကြိုက်တတ်တဲ့ အစားအသောက်တခုခုကို ဝယ်လာတယ်။

သားကြိုက်တတ်တဲ့ ပစ္စည်းတခုခုဝယ်လာတယ်။ ဒါမှမဟုတ်ရင်လည်း ဟင်းချက်စရာ တွေ ဝယ်လာပြီး ဟင်း အထူးအဆန်းတွေကို သူကိုယ်တိုင် ချက်ကျွေးတယ်။ ဘယ်လောက် အလိုလိုက်တယ် ဆိုတာ ထင်ရှားအောင် သာဓကတခု ထုတ်ပြဦးမယ်။ ကိုစံထွန်းဟာ ချမ်းသာကြွယ်ဝသူမဟုတ်ပါဘူး။ ဝါးခယ်မ ဈေးထဲမှာ အထည်ဆိုင်ကလေးနဲ့ သင်္ဃန်း ပရိကရာဆိုင်ကလေး သာရှိတဲ့ ဆိုင်ပိုင်ရှင်ကလေး မျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့ သားမောင်နုအတွက် ရှိစုမဲ့စုကလေးကို ခြစ်ချုပ်ပြီး မြင်းတကောင်နဲ့ အမိုးဖွင့်ရထားတစင်းကို ဝယ်ပေးတယ်။ ဝါးခယ်မမြို့ကလေးက ကျဉ်းကျဉ်းလေး။ ရထားစီးစရာနေရာ မရှိပါဘူး။ ဒါကြောင့် ကိုစံထွန်းထက် အဆပေါင်း များစွာချမ်းသာတဲ့ သူဌေးတွေထဲမှာတောင် အရှေ့ပိုင်းက သူဌေး ဦးဖေကြီး တယောက်ထဲမှာသာ မြင်းရထားတစင်းရှိတယ်။ သူကတော့ အပျော်စီးဘို့ ဝယ်ထားတာ မဟုတ်ပါဘူး။ ဝါးခယ်မအနောက်ဖျားမှာ သူဆောက်ထားတဲ့ ဘုန်ကြီး ကျောင်းကြီးတကျောင်းရှိတယ်။ သူဟာအသက်ကြီးလာတော့ အဲဒီဘုန်းကြီးကျောင်းကို မြင်းရထားနဲ့ဘဲ သွားနိုင်တော့တယ်။ အဲဒါကြောင့် ရထားတစင်းကို ဝယ်ယူထားတာဖြစ်တယ်။ ကိုစံထွန်းကတော့ ဒီလိုသွားစရာ ဘယ်မှာမှ မရှိပါဘူး။ မရှိဘူးဆိုတာလည်း သူသိပါတယ်။ ဒါပေမဲ့ သူချစ်တဲ့သား မောင်နု အတွက် သူတခုခုလုပ်ပေးချင်တဲ့ ဆန္ဒဟာ သူ့မှာ အင်မတန် ပြင်းပြနေပါတယ်။အဲဒီဆန္ဒကို နှစ်သိမ့်တဲ့အနေနဲ့ ရှိစုမဲ့စုကလေး စုဆောင်းပြီး အဲဒီမြင်းရထားကို ကိုစံထွန်း ဇွတ်အတင်းဝယ်လိုက်တာပါပဲ။ သူ့မြင်းကို မိုင်ပျောက်လို့ နံမည်ပေးထားတယ်။ မိုင်ပျောက်ကလည်း အလိုလိုက်ထားလို့ထင်ပါရဲ့ ခပ်ဆိုးဆိုးပဲ။ မြင်းစောင်းထဲက ထုတ်တိုင်း တော်တော်ဆွဲ ဆွဲပြီး ထုတ်ရတယ်။ ဒါတောင် တခြားလူ ထုတ်လို့ မရဘူး။ သူ့ကိုထိမ်းနေတဲ့ ရူးပေါပေါ စောလှိုင် ကိုယ်တိုင်တောင် ချော့မော့ပြီးထုတ်မှ ရတယ်။ တခြားသူဆိုရင် မြင်းစောင်းထဲမှာ အော်ဟစ်ခုံပေါက် ကန်ကျောက်နေတာဘဲ။ မောင်နုရဲ့ အမေ မစောခင်ကတော့ ကိုစံထွန်းလို မဟုတ်ဘူး။ တခါတခါ သူ့သားကို ပြောမရရင် ဒုတ်တွေ့ရင် ဒုတ်နဲ့၊ ဒုတ်မရှိရင်လက်နဲ့ တအားရွယ်ပြီး မောင်နုရဲ့ ကိုယ်ကိုထိတဲ့အခါကြတော့ ရေကိုဂွမ်းနဲ့တို့သလို အသာကလေးတို့တယ်။ အဲဒီလိုရိုက်နေတုန်း မောင်နုရဲ့ အမဝမ်းကွဲ မသိန်းတင် အနားမှာရှိနေရင် အဒေါ်ခလေးကို သိပ်မရိုက်ပါနဲ့၊ ပေါက်ပြဲကုန်ဥိးမယ်လို့ အမြဲတမ်းဝင်ပြောလေ့ ရှိတယ်။ ၁၉၁၂ ခုနှစ်အတွင်း မောင်နုကို ဝါးခယ်မမြို့ အင်္ဂလိပ် -မြန်မာ အလယ်တန်း ကျောင်းမှာ အပ်လိုက်တယ်။ မောင်နုဟာ စာတော်သူလည်းမဟုတ်၊ ဘုတ်ထိုင်းလည်း မဟုတ်၊ နှစ်စဉ်နှစ်တိုင်း အတန်းတင်စာမေးပွဲလုပ်တဲ့အခါ သာမာန်အောင်တဲ့ ကျောင်းသားစာရင်းမှာ အောက်နားက အမြဲတမ်း ကပ်လိုက်နေသူဖြစ်တယ်။ ကျောင်းကို ရောက်တဲ့အချိန်ကစပြီး သူဟာ လူကြီးတွေကို မဆဲတော့ဘူး။ ကော့ပြ တာတွေ တခြားတနည်းနည်းနဲ့ စော်ကားတာတွေလည်း သူ့မှာ မရှိတော့ဘူး။ ဒါဟာ သူ့အတွက် ထူးခြားတဲ့အချက်တခုပဲ။ အဲဒါကြောင့် နေ့တနေ့မှာ ကျွန်တော်ဟာ ကိုစံထွန်းဆီသွားပြီး ခင့်ဗျားသားဟာ အခု လူကြီးတွေကို မဆဲတော့ဘူး။ ကော့လည်း မပြတော့ဘူး။ စော်လည်း မစော်ကားတော့ဘူး။ ခင်ဗျားသတိထားပြီး ကြည့်မိရဲ့လားလို့ ကျွန်တော်မေးတယ်။

ထွန်း ။ ။ အေး။ သတိထားမိတယ်။
နု ။ ။ အဲဒါဟာခင်ဗျားသားအတွက်အရေးကြီးတဲ့ထူးခြားချက်တခုပဲ။
ထွန်း ၊ ။ဘယ်လို အရေးကြီးတဲ့ ထူးခြား ချက်မျိုးလဲကွ။
နု ။ ။ ခင်ဗျားသားရဲ့ နဂိုရ်စိတ်ရင်းထဲမှာ ဆိုးတဲ့စိတ်ရှိရင် လူကြီးတွေကို အခုထက်ထိ ဆက်ပြီး စော်ကား နေဦးမှာဘဲ။ အခုမစော်ကားတော့တာကို ထောက်ကြည့်ရင် အရင်တုန်းက စော်ကားခဲ့တာဟာ သူကိုယ် တိုင်က ဆိုးလို့မဟုတ်ဘူး။ သူ့ဘကြီး မြောက်ပေးခဲ့လို့ဆိုတာ ထင်ရှားနေတယ်။ အဲဒီတော့ ခင်ဗျား သားဟာ လူဆိုးမဟုတ်ဘူး။ ကောင်းတဲ့ပတ်ဝန်းကျင်ထဲမှာ ထားနိုင်ရင် လူကောင်းကလေးဖြစ်လာ လိမ့်မယ်။ ဆိုးတဲ့ ပတ်ဝန်း ကျင်ထဲမှာထားရင် လူဆိုးကလေး ဖြစ်သွားနိုင်စရာ အကြောင်းရှိတယ်လို့ ကျနော်ယူဆတယ်။ ဒါပေမဲ့ အခုပြောတာဟာ အတည်တော့ မဟုတ်သေးဘူး။ ငါးနှစ်သားဆိုတာ ငယ်သေး တယ်။ နောက်ထပ်နဲနဲလောက် စောင့်ကြည့်ချင်သေးတယ်။ ငါးနှစ်သားမှ ကိုးနှစ်သားအထိ မောင်နုမှာ ကောင်းတာကိုလဲ ထူးထူးခြားခြားမတွေ့ရ၊ ဆိုးတာကိုလည်း ထူးထူးခြားခြားမတွေ့ရ။ ကိုးနှစ်သား ဖြစ်လာတဲ့အခါ မောင်နုဟာ လေးတန်းကို ရောက်နေပြီ။ အဲဒီတော့ မောင်နုမှာ ကျောင်းသား သူငယ်ချင်း တွေလည်း ရှေးကထက်ပေါလာတယ်။ အရပ်သား မိတ်ဆွေတွေလည်း ရှေးကထက် ပေါလာတယ်။

ဒီအရပ်သားမိတ်ဆွေတွေထဲက ပန်းရီဆိုတဲ့ မိတ်ဆွေဟာ တခြား မိတ်ဆွေတွေထက် ထူးခြားတယ်။ အဲဒါကြောင့် ဒီနေရာမှာ ပန်းရီအကြောင်းကို နဲနဲလောက် ဖေါ်ပြသင့်တယ်။ ပန်းရီဟာ ပင်လယ်ပိုင်းက အလုပ်ကြမ်းသမား တဦးဖြစ်တယ်။ ပင်လယ်ကုန်လှေ တစင်းမှာ လှေထိုးသားအဖြစ်နဲ့ ဝါးခယ်မကို ရောက်လာတယ်။ ငှက်ဖျားရောဂါ အပြင်းအထန်ဖြစ်တာနဲ့ သူ့လှေသူကြီးဟာ သူ့ကိုဆေးရုံတင်တယ်။ သူဆေးရုံက မဆင်းခင် လှေထွက်သွားတယ်။ ဆေးရုံက ဆင်းတဲ့အခါ ကိုစံထွန်းနဲ့တွေ့ပြီး ထမင်းချက် အဖြစ်နဲ့ အိမ်ကိုရောက်လာတယ်၊ ပန်းရီဟာ မောင်နုထက် (၁၅)နှစ် လောက်ကြီးတယ်။ ပန်းရီဟာ အလုပ် သိပ်လုပ်တယ်။ ထမင်းချက် ဆိုပေမယ့် အားတာနဲ့ တပြိုင်နက် အလကားထိုင်မနေဘူး။ ရေထမ်းတယ်။ အဝတ်ဖွတ်တယ်။ အိမ်မှာသန့်ရှင်းရေး လုပ်တယ်။ အိမ်ရှေ့က ပန်းခြံကလေးထဲမှာ သစ်ပင် ရေလောင်း တယ်။ ဆိုင်ထွက်နေတဲ့ မစောခင်ဆီကို ထမင်းပို့တယ်။ မောင်နုနဲ့သူ့ထက် တနှစ်ငယ်တဲ့ ညီမောင်ဥ တို့ကို ကျောင်းလိုက်ပို့တယ်။ ကျောင်းအပြန်အသွား ကြိုတယ်။ အရပ်စကားနဲ့ပြောရရင် ပန်းရီဟာ 'ဖင်သိပ်ပေါ့တယ်'။ အဲဒီလို ဖင်ပေါ့တာကြောင့် ညဘက်အလုပ်ပြီးတဲ့ အချိန်မှာ သူဟာ ကစော်နဲနဲ သောက်လေ့ရှိတာကို အိမ်သူအိမ်သားတွေ မကြိုက်ပေမဲ့ ဘာမှမပြောကြဘူး လျစ်လျူရှုထားကြတယ်။ တခါမှာတော့ ပန်းရီဟာ ပုညကောသလအသင်းရဲ့ ကထိန်မှာ ပတ်စာခွာ ဖျာသိမ်းတဲ့အထိ မနေမနား သွားပြီး ကူတဲ့အတွက် အသင်းလူကြီး တဦးဖြစ်တဲ့ ဦးလူကလေးက ပန်းရီကို သူတို့လူကြီးတွေ သောက်ပြီးလို့ ပုလင်းထဲမှ နဲနဲ ကျန်နေသေးတဲ့ မြင်းဖြူတံဆိပ် ဘိလပ်အရက်ကို ပေးလိုက်တယ်၊ ပန်းရီဟာ ဘိလပ်အရက်ကို အခွင့်ကောင်းရမှ ကျကျနန သောက်မယ်ဆိုပြီး အိမ်အပြင်ဘက် ထင်းစင်နဲ့ ကပ်ဆောက်ထားတဲ့ သူ့အခန်းလေးထဲမှာ သိမ်းထားလိုက်တယ်။ ညတည ရောက်တဲ့အခါ မန္တလေး ကတရားဟောကောင်းတဲ့ ဆရာတော်တပါး ပုညကောသလ အသင်းမှာ တရားဟောတယ်။ ဒေါ်ကြီးဟာ နားလေးနေတဲ့အတွက် တရားပွဲ မသွားနိုင်ဘူး။ အဲဒါကြောင့် အိမ်မှာ အိမ်စောင့်အဖြစ် ဒေါ်ကြီး၊ မောင်နု၊ မောင်ဥနဲ့ ပန်းရီတို့ပဲ ကျန်ရစ်တယ်။ ညတိုင်း ကိုးနာရီလောက်မှာ မောင်နုနဲ့ မောင်ဥ အိပ်ရာဝင်ကြရတယ်၊ မဝင်ခင် ပန်းရီဟာ သူတို့ကို အိမ်သာထဲခေါ်သွားပြီး သေးတည်ရတယ်။ အဲဒီညမှာ အိမ်သာကအပြန် ပန်းရီဟာ မောင်ဥကို အိပ်ရအောင် လွှတ်လိုက်ပြီး မောင်နုကို သူ့အခန်းထဲ လက်တို့ခေါ်သွားတယ်။ အခန်းထဲ ရောက်တဲ့အခါ အခန်းတခါးကို ပိတ်လိုက်ပြီး ပန်းရီဟာ သခွားသီးတလုံးရဲ့ထိပ်ကို ဒါးနဲ့ဖြတ်တယ်၊ အဲဒီထိပ်နဲ့ သခွားသီးရဲ့ ဖြတ်ထားတဲ့နေရာကို ပွတ်ပေးတဲ့အခါ အစီးတွေထွက် လာတယ်။ အဲဒီအစီးတွေကို ရေစင်အောင် ဆေးပစ်လိုက်ပြီး ပန်းရီဟာ သခွားသီးကို အစိပ်စိပ် လေးတွေဖြစ်အောင် လှီးတယ်။ နောက်ပြီးတော့မှ အသင့်လုပ်ထားတဲ့ ဖန်ခွက်တခွက် ထဲကို ဘိလပ်အရက် လက်တလုံး မရှိတရှိလောက် ထည့်ပေးတယ်။ အဲဒီအရက်ကိုမှ မောင်နုသောက်နိုင်အောင် သံပုရာနဲ့ သကြားရေ ရောထားတဲ့ ဖျော်ရေ တွေနဲ့ ရောပြီး ဖျော်ပေးတယ်။ သူ့ရဲ့ ညွှန်ကြားပြသချက်အရ မောင်နုဟာ အရက်ကို သခွားသီး အမြည်းနဲ့ သောက်ရတယ်။ အဲဒီအချိန်ကစပြီး မောင်နုနဲ့ ပန်းရီတို့ဟာ မိတ်တွေရင်းချာတွေဖြစ်သွားကြတယ်။ ပန်းရီမှာ စေတနာရှိပေတဲ့ လူကြီးတွေ သီသွားမှာစိုးတဲ့အတွက် ပန်းရီဟာ မောင်နုကို သူသောက်သလို ညတိုင်း အရက်မတိုက်နိုင်ဘူး။ လူကြီးတွေ လစ်တဲ့အချိန်မျိုးမှာသာ မောင်နုကို သူရဲ့အခန်းထဲလက်တို့ ခေါ်သွားခွင့်ရတယ်။ ဘိလပ်အရက်ကုန်တဲ့အခါ ပန်းရီနဲ့ မောင်နု တို့ဟာ ကစော်ဘက်ကို လှည့်ကြရ ပြန်တယ်။ မောင်နုအတွက် ကစော်ဟာ သိပ်လဲမများ၊ အဲဒီအထဲမှာ သံပုရာဖျော်ရေတွေ ခပ်များများနဲ့ ရောပေးထားတဲ့အတွက် မောင်နုအဘို့အဝင်မဆိုးလှဘူး။ ပုလင်း မိတ်ဆွေတွေ အဖြစ် ပန်းရီနဲ့မောင်နုတို့ ဟာ အတော်ရင်းနှီးလာတဲ့အခါ ပန်းရီဟာ ရှေ့ကို ခြေတလှမ်း တိုးတဲ့အနေနဲ့ မောင်နုကို သူ့အမေဆိုင်က ပိုက်ဆံ အခိုးခိုင်းတယ်။ မောင်နုက ၂ ရက်တခါ၊ ၃ ရက်တခါ ခိုးခိုးပေးရတယ်။ တခါတလေ တကျပ်၊ နှစ်ကျပ်၊ တခါတလေ ၄-၅ကျပ်။ တခါတလေ တဆယ်ကျော် လောက်အထိ ခိုးလို့ရလာတယ်။ အဲဒါတွေ အားလုံး ပန်းရီကို ပေးလိုက်ရတယ်။ ခိုးတာမှ မက်လုံးရှိအောင် မောင်နုကို ပန်းရီက ဒီပိုက်ဆံနဲ့ ငါဝယ်ပေးမယ်။ ဘာလိုချင်သလဲ လို့မေးတယ်။ မောင်နုက ခလေးတွေကစားတဲ့ ဘောလုံးနဲ့ မောင်းချဒါးကို လိုချင်တယ်လို့ပြောတယ်။ ပန်းရီက လူပါး။ အဲဒီတော့ မောင်နု ခိုးပေးလိုက်တဲ့ ပိုက်ဆံနဲ့မဝယ်ဘူး။ ဘောလုံးနဲ့မောင်းချဒါးကို ခိုးတတ်အောင် မောင်နုကိုသင်ပေးတယ်။ သင်ပုံကဒီလို။ ဝါးခယ်မဈေးက လေးဒေါင့် ပုံသဏ္ဍန်ရှိတဲ့ အထည်ဈေးရုံကြီးထဲကို ဝင်ဘို့ အရှေ့ဘက်မှာ လေးပေါက်။ အနောက်ဖက်မှာ လေးပေါက်။ ဝင်ပေါက်ပေါင်း ၈ပေါက် ရှိတယ်။ အဲဒီအဝင်ဝ တွေမှာကျူလီယာ ကုန်စုံဆိုင်လေးတွေ ရှိတယ်။ အဲဒီ ကျူလီယာလေးတွေဟာ မူဆလင်တွေ ဖြစ်တဲ့အတွက် သောကြာနေ့တိုင်း နေ့လည် တချက်တီးမှ သူတို့ရဲ့ဆိုင်တွေကို ဖွင့်တယ်။ မောင်နုရဲ့အမေ မစောခင် အထည်ဆိုင် တန်းကို ဝင်တဲ့ အပေါက်ဝမှာ ကျူလီယာ ကုန်စုံဆိုင်တဆိုင် ရှိတယ်။ ပန်းရီဟာ မစောခင်ဘို့ နေ့စဉ် ထမင်းသွားပို့ ရတဲ့အတွက် သောကြာနေ့တိုင်းမှာ ဒီဆိုင်ရဲ့ အနေအထားကို လေ့လာခွင့်ရတယ်။ အဲဒါကြောင့် ဒီဆိုင်ရဲ့ ပျော့ကွက်ဟာ ဘယ်နေရာမှာ ရှိတယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ဒီဆိုင်ကလေးတွေရဲ့ နောက် ကျောဟာ အထည်ဈေးရုံကြီးရဲ့ နံရံဖြစ်တယ်။ အဲဒီနံရံကို ကပ်ပြီး အင်္ဂတေ ဆိုင်ခုံကလေးတွေ ဆောက် ထားတယ်။ အဲဒီဆိုင်ခုံတခုပေါ်မှာ ကုန်စုံဆိုင် တခုကျစီ စပ်ထားတဲ့ တံခါးအရှင်ဖြစ်တယ်။ ဆိုင်ပိတ်ချိန် ကျရင် အဲဒီပျဉ်ပြားတွေကို ဆိုင်ခုံအောက်ကထုတ်။ ဆိုင်ရဲ့ ဘေး ၂ ဘက်နဲ့ရှေ့မှာ သူတို့ကို ထိန်းထား ပေးဘို့ တပ်ထားတဲ့ သစ်သားတန်းတွေရဲ့ ကြားထဲကို ထဲ့လိုက်ပြီး မျောက်လက်တပ်ထားတဲ့ ပျဉ်ပြား ၂ချပ်ကို သော့ခတ်လိုက်တာပါဘဲ။ ဆိုင်ဖွင့်ချိန်ကျရင် သော့ခလောက်ကိုဖွင့် ပျဉ်ပြားတချပ်စီ ထုတ်ပြီး ထိုင်ခုံအောက် သွင်းထားလိုက်ကြတယ်၊ နှစ်တွေ ကြာလာတော့ ဒီပျဉ်ပြားတွေထဲမှာ ကျုံ့တဲ့ဟာက ကျုံ့၊ လိမ်တဲ့ဟာက လိမ်၊ ကောက်တဲ့ဟာ ကောက်ကုန်ကြပြီ။ ဒီပျဉ်ပြားတွေထဲက တချို့ပျဉ်ပြားကို အားကောင်း ကောင်းနဲ့ ဖိပြီးတွန်းလိုက်ရင် ခလေးလက် တချောင်းဝင်နိုင်အောင် အပေါက်ကလေးဖြစ်သွားတယ်။ မောင်နု လိုချင်တဲ့ ဘောလုံးတွေကို ပိုက်ကွန်လိုဟာမျိုးနဲ့ အုပ်ပြီး ဆိုင်ရဲ့ မျက်နှာကျက်မှာ ဆွဲထားတယ်။ မောင်းချဒါးကလေးတွေကျတော့ ဆိုင်ခုံပေါ်မှာ တင်ထားတယ်။ အဲဒီတော့ ဘောလုံးကို ခိုးချင်ရင် ပန်းရီဟာ သူ့ဂုတ်ပေါ်မှာ မောင်နုကို ခွထိုင်ခိုင်းပြီး သူက ခွေးခြေတခုပေါ်မှာ ရပ်ရတယ်။ ပြီးတော့မှ တံခါးတချပ်ကို သူက တအားဖိတွန်းတယ်။ ပွင့်လာတဲ့ အပေါက်ကလေးက မောင်နုဟာ ဘောလုံးကိုခိုးရတယ်။ မောင်းချဒါး ကို ခိုးတဲ့အခါကျတော့ ဒီလောက်ခဲခဲယဉ်းယဉ်း မကြံရဘူး။ ပျဉ်ပြားရဲ့ အောက်ပိုင်းကို ပန်းရီက ဖိတွန်း ပေးပြီးမောင်နုက အသာကလေး နှိုက်ယူရတာပါပဲ။ ခိုးရင် ဒီဘဝမှာ ထောင်ကျနိုင်တယ်။ နောက်ဘဝမှာ ငရဲကျနိုင်တယ်။ ဆိုတာတွေကို မောင်နု မကြားဖူးဘူး။ အဲဒါကြောင့် ဒီလိုခိုးရတာကို သိပ်ပျော်ပြီး သွားခိုး ရအောင် ပန်းရီကို ခဏခဏ ပူဆာတယ်။ ဒါပေမဲ့ ခိုးချင်ရင် ဈေးမစည်ခင် ခြောက်နာရီနဲ့ ခြောက်နာရီခွဲ အတွင်းမှာ ခိုးရမယ် အဲဒီအချိန်မှာ မောင်နုရဲ့ အမဝမ်းကွဲ မသိန်းတင်ကိုယ်တိုင် ကွပ်ကဲပြီး အတင်း စာကြည့်ခိုင်းထားတာဆိုတော့ မောင်နုဟာ ခိုးချင်တိုင်း ခိုးခွင့်မရရှာဘူး။ တလနှစ်လ ကြာမှ တခါလောက်ပဲ ရတယ်။ နောက်ထပ် သုံးကြိမ်လောက် ခိုးပြီးတဲ့အခါ ခိုးနေတာကို မြင်ရတဲ့ မိတ်ဆွေတွေက ပြန်ပြော ကြတယ် ထင်ပါရဲ့။ ဆိုင်ရှင် ကျူလီယာကုလားတွေ သိသွားကြတယ်၊ သူတို့က မောင်နုရဲ့ မိဘတွေကို တိုင်ကြတဲ့အတွက် နောက်ထပ်ခိုးခွင့်မရဘူး။ အဲဒါကြောင့် ပန်းရီရဲ့ ခြေဦးဟာ တဘက်ကို ဒီလိုလွှဲ သွား ပြန်တယ်။ ဝါးခယ်မ ကမ်းနားလမ်း ညဈေးတန်းမှာ အသုပ်ရောင်းတဲ့ တရုပ်ဆိုင် တဆိုင်ရှိတယ်။ ဒီဆိုင်ရှင် တရုပ်ဟာ သွပ်လင်ပန်းကြီးထဲမှာ အသားမျိုးစုံ ထည့်ထားပြီး ဝယ်စားသူ လာရင် ကြိုက်ရာအသားကို သုပ်ကျွေးတယ်။ များသောအားဖြင့် ဒီတရုပ်ဟာ ဘိန်းငိုက်နေတယ်။ အဲဒါကြောင့် ပန်းရီနဲ့ မောင်နုဟာ တပဲဘိုးစီလောက် စားပြီး တရုပ်ဘိန်းအငိုက်မှာ သွပ်လင်ပန်းထဲက သူတို့ကြိုက်ရာ အသားတွေကို သူတို့ ပန်းကန်ထဲ ခိုးခိုး ထည့်ကြတယ်။ ဝတော့မှ ထပြန်ကြတာပဲ။ အဲဒီတရုပ်ဆိုင်မှာ ခိုးရတာဟာ ပိုင်ရှင်ကို ရှေ့မှာထားပြီး ခိုးရတာကြောင့် ကျူလီယာကုလားဆိုင်မှာ ခိုးရတာထက် ပိုပြီးကြီးကျယ်တယ်။ ခက်ခဲတယ်။ သတ္တိနဲ့ စွမ်းရည်ပိုလိုတယ်လို့ ပန်းရီက မောင်နုကို လှိမ့်ထားတယ်။ အဲဒီလှိမ့်တာကို အဟုတ်ကြီး ထင်နေ တဲ့ အတွက် သူဟာ ကြီးကျယ်တဲ့ ခက်ခဲတဲ့ အလုပ်ကြီးတခုကို လုပ်ရပေပြီ။ သတ္တိနဲ့ အစွမ်းရှိတဲ့ လူတယောက် ဖြစ်နေပြီလို့ ယူဆပြီး မောင်နုဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။ နဲနဲဘဝင်မြင့်ချင် သလိုလိုလဲ ဖြစ်လာတယ်။

နောက်များမကြာမီ ပန်းရီဦးနှောက်ထဲမှာ အကြံသစ်တခု ပေါ်လာပြန်တယ်။ ဒီအကြံသစ်အရ မီးဖိုချောင်ရဲ့ လက်တလုံးလောက်စီ ကြဲနေတဲ့ ပျဉ်ကြားတွေထဲက ပိုက်ဆံကြိုးကို ဂွင်းလျောလုပ်ပြီး မြေကြီးပေါ်ကို ချထားတယ်။ အဲဒီဂွင်းလျောထဲမှာ ဆန် လေးငါးစေ့ကြဲထားတယ်။ မီးဖိုအောက်ကို ရောက်လာတဲ့ အိမ်နီးချင်းအိမ်က ကြက်တွေဟာ ဂွင်းလျှောထဲကဆန်ကို စားတာနဲ့ တပြိုင်နက်ပန်းရီဟာ ကြိုးကို တအား တုပ်ဆွဲလိုက်တယ်။ မောင်နုက ဂွင်းလျှောထဲမှာ မိနေတဲ့ ကြက်ကို ဆင်းဖမ်းရတယ်၊ ပြီးတော့မှ သူတို့ နှစ်ယောက်ချက်ပြီး တချို့ကို ထမင်းနဲ့စားတယ်။ တချို့ကို ကစော်နဲ့ မြည်းကြတယ်။ ဒီအကြံသစ်ဟာ ဘဲသားသုတ်ရောင်းတဲ့ တရုတ်ကြီး ကုသိုလ်ကောင်းဘို့ ဖြစ်လာရတယ်၊ အိမ်မှာကြက်သားကို ဗိုက်ကား နေအောင် တုပ်နေကြရတဲ့အတွက် မသူတော်နှစ်ယောက်ဟာ ညဈေးတန်းကို ခါတိုင်းလိုသွားပြီး ခိုးစားဘို့ မလိုတော့ဘူး။ နောက်များမကြာခင် ပန်းရီနဲ့ မောင်နုဟာ ထိုင်ပြီး ကစော်သောက်နေကြရင်း ပန်းရီက ဟေ့ကောင် မောင်နု မင်းလင်မယားလုပ်တမ်းကစား ပါလားလို့ အကြံ ပေးလိုက်တယ်။ ဘယ်လိုကစားရ မှာလဲ။ ဒီကောင်ဟာ စောက်အပဲ။ လင်မယားလုပ်တမ်း ကစားတယ်ဆိုတာ ဒီလို လုပ်ရတယ်ကွလို့ အစချီပြီး သူတတ်သော နည်းမျိုစုံကို လျှောက်သင်တော့တာဘဲ။ ဒီလောက်ကြာအောင် ပေါင်းလာပြီးတဲ့ အခါ မောင်နုဟာ ပန်းရီကို အတော်ကြီး ကြည်ညိုနေပြီ။ တော်တော်စွမ်းတဲ့လူ။ အကြံကောင်း ဥာဏ်ကောင်းတွေ အများကြီး ပေးနိုင်တဲ့လူလို့ သူ့စိတ်ထဲမှာ ယူဆထားပြီးပြီ။ အဲဒါကြောင့် ပန်းရီပြောပြီး တဲ့အခါ ခါတိုင်းထက် ပိုပြီးကြည်ညိုနေတဲ့စိတ်နဲ့ ဘယ်သူနဲ့ ကစားရမလဲလို့ မောင်နုက ပြန်မေးတယ်။ အဲဒီအချိန်က မောင်နုတို့အိမ်မှာ အစေခံ မိန်းကလေး ၂ယောက် လောက်ရှိတယ်။ တယောက်က အသက်၂ဝလောက်ရှိနေပြီ။ တယောက်ကတော့ မောင်နုနဲ့ ရွယ်တူလောက်ဘဲ။ ကိုးနှစ် ကျော်ကျော် လောက် သာရှိသေးတယ်။ သူတို့ရဲ့ နာမည်အမှန်ကို မပြောချင်ဘူး။ အဲဒီတော့ အကြီးမကို မယ်တင်။ အငယ်ကို လှကြွေလို့ပဲခေါ်ကြပါစို့။ ပန်းရီဟာ နောက်တနေ့ကျတော့ လှကြွေရဲ့ပန်းကန်ထဲကို ဟင်းတွေ အများကြီး ထည့်ပေးရင်း လှကြွေ ငါ့ပြောတဲ့စကားကို နင်နားထောင်နော်။ နင့်ကို နေ့တိုင်း ဒီလိုပဲ ဟင်းတွေ အများကြီး ထည့်ပေးမယ်လို့ ပြောတယ်။ လှကြွေက ဟုတ်ကဲ့လို့ ဖြေတယ်။ ထမင်းစားပြီးတဲ့အခါ ပန်းရီဟာ လှကြွေကို ပိုက်ဆံတပြားပေးတယ်။ လှကြွေဟာ သိပ်ဝမ်းသာသွားတယ်။ နောက်ကိုလည်း သုံးလေးရက် ဆက်ပြီးပန်းရီဟာ လှကြွေကို ဒီလိုဘဲ လောကွပ်လုပ်တယ်။ စနေနေ့ရောက်လာတဲ့အခါ နေ့လည် တချက်တီးလောက်မှာ ကိုစံထွန်း၊ မစောခင်တို့က ဆိုင်မှာရှိနေတယ်။ ဒေါ်ကြီးက အိပ်နေတယ်။ မသိန်း တင်နဲ့ မယ်တင်တို့က ဈေးထွက်ဝယ်ကြတယ်။ မောင်နုရဲ့ညီ မောင်ဥကလည်း အိမ်ရှေ့မှာ ဖန်ဒိုးပစ်တမ်း ကစားနေတယ်။ ပန်းရီဟာ လှကြွေနဲ့ မောင်နုတို့ကို နင်တို့လင်မယားလုပ်တမ်း ကစားရမယ်လို့ပြောပြီး သူ့အခန်းထဲက ချေးလက်လေးသစ် တက်ချင်စော်နံနေတဲ့ သူ့ခြင်ထောင်ထဲ သွင်းပေးလိုက်တယ်။ သူတို့ နှစ်ဦးစလုံးဟာ ခလေးတွေ ရှိကြသေးတာဘဲ။ အဲဒီလောက်တော့ ပန်းရီက ဘာတွေကို သင်ပေး သင်ပေး၊ သူတို့နှစ်ဦးရဲ့ လင်မယားလုပ်တမ်း ကစားတာဟာ လူကြီးတွေ ကစားတာမျိုးတော့ ဘယ်ဖြစ်မလဲ။ ခလေး ကစားတာမျိုး လောက်ဘဲဖြစ်တာပေါ့။ တနေ့မှာ ပန်းရီဟာ အိမ်ကို တံမျက်စီးလှည်းရင်း အိမ်ခေါင်းရင်းက စားပွဲခုံ တခုပေါ်မှာ ငွေဒင်္ဂါးတွေနဲ့ ငွေစတွေကို တွေ့တယ်။ အားလုံးပေါင်း တစ်ရာဘိုး လောက်ရှိလိမ့်မယ်။ အဲဒီငွေတွေကို သူလိုချင်တယ်။ အဲဒါကြောင့် မောင်နုကို ခေါ်ပြီး ဒီငွေတွေကို အခိုးခိုင်းတယ်။ မောင်နု ကလည်း ပန်းရီပြောတဲ့အတိုင်း လုပ်တာဘဲ။ မောင်နုရဲ့ဦးလေး ကိုဘဟာ မောင်နုတို့ ကျောင်းမှာ လေးတန်း ပြဆရာ လုပ်နေတယ်။ အဲဒီငွေတွေဟာ ကျောင်းပိုင်ငွေတွေ။ လွန်ခဲ့တဲ့နေ့ ကျောင်းစာရေး အိမ်ပြန်သွားတဲ့ အတွက် မအပ်ခဲ့ရသေးဘဲ အိမ်ကိုယူလာတာဖြစ်တယ်။ နောက်တနေ့ ကျောင်းသွား ခါနီးမှာ ငွေတွေကို ရှာမတွေတဲ့အတွက်၊ ကိုဘဟာ မောင်နုနဲ့ မောင်ဥကို ခေါ်ပြီးမေးတယ်။ မောင်ဥ၊ ဒီအပေါ်ကငွေတွေကို ယူသလား။ ကျွန်တော်မယူဘူး ဦးလေး။ မောင်နုမင်းယူသလား။ ယူတယ်။ ဘယ်မှာလဲ။ ကိုပန်းရီဆီမှာ။ ပန်းရီ မောင်နုပေးထားတဲ့ ငွေတွေဘယ်မှာလဲ။ ကျွန်တော်မသိဘူး။ ခလေးက မင်းကိုပေးထားတယ်လို့ ပြောနေပြီ။ မင်းမလိမ်နဲ့။ ကျွန်တော်မလိမ်ဘူး။ ဟေ့ကောင် မောင်နု မင်းဘာမဟုတ်တာတွေ လျှောက်ပြော နေတာလဲ။ (မျက်လုံးပြူးပြီး) မင့်ငါ့ကိုငွေပေးသလား။ ပေးတယ်။ မင်းမလိမ်နဲ့။ မလိမ္ဘူး။ ဟေ့ကောင် ပန်းရီ။ အခုငွေထုတ်ပေးရင် မင်းသက်သာမယ်။ ဂါတ်တိုင်ပြီးမှ ဆိုရင် မင်းဒုက္ခရောက်လိမ့်မယ်။ ကျွန်တော်မှ မသိပဲ။ ကိုဘဟာ ဂါတ်တိုင်တဲ့အတွက် ဂါတ်က စာသင်တယောက်လိုက်လာပြီး ပန်းရီကို ခေါ်သွားတယ်။ ဂါတ်ကိုရောက်တဲ့အခါ ဘေးကို လက်သီးနဲ့ သုံးလေးချက်လောက်ပဲ ထိုးရတယ်။ ဝှက်ထားတဲ့ငွေကို ပြပါမယ် ဖြစ်လာတယ်၊ ငွေပြန်ရပြီးတဲ့နောက် ဦးလေးဟာ သူအစ်ကို ကိုစံထွန်းကို အကျိုးအကြောင်း ရှင်းပြပြီးပန်းရီကို နှင်ထုတ် ပစ်လိုက်တယ်။ အမှု ဆက်မလုပ်တော့ပါဘူး။ ပန်းရီထွက်သွားလို့ သုံးလေးရက် ကြာတဲ့အခါ မီးဖိုထဲမှာ ထမင်းချက်နေရင်း မယ်တင်က မသိန်းတင်ကို ဒီလိုစပြောလိုက်တယ်။ တင်တင် ရယ်၊ ကိုပန်းရီကို နှင်ထုတ်လိုက်တာ ကျမသိပ်ဝမ်းသာတါဘဲ။ ဒီလူဟာ မကောင်းဘူး။ လူယုတ်မာ။ အင်း.....။ မောင်နုကို သူ့အခန်းထဲခေါ်ပြီး အရက်ချော့တိုက်တယ်။ ဘယ်တုန်းကလည်း။ တင်တင်ရယ်။ ဒီလိုတိုက်နေတာကြာလှပြီ။ ညီးငါ့ကိုချက်ချင်း ဘာလို့မတိုင်သလဲ။ မောင်နုအရိုက်ခံရမှာ သနားလို့။ ညီးကလဲအေ။ ချက်ချင်းတိုင်ရောပေါ့။ ဒီထက် ဆိုးတာတောင်ရှိသေးတယ်။ တင်တင့်ကို ကျမ အခုမှ ဖွင့်ပြောမယ်။ ဘာလဲ။ ဒီပန်းရီဆိုတဲ့ကောင်ဟာ ကျမကို လူပျိုစကားပြောတယ်။ ညဘက်မှာ လူကြီးတွေ အိပ်ပျော်နေတုန်း သူ့အခန်းထဲမှာ သူနဲ့ လာအိပ်ဘို့ ခဏခဏ ခေါ်တယ်။ သူခေါ်တိုင်း ကျမက သူ့ကို အမေနဲ့ချည်းပဲ ကလော်တုတ်တာပဲ။ မယ်တင်ရယ်၊ ငါ့ကိုချက်ချင်း တိုင်ရောပေါ့။ တနေ့မှာ မီးဖိုချောင်ထဲမှာ ကျမလက်ကို ဆွဲတယ်။ ကျမက ဘယ်ခံမလဲ။ မအေနဲ့ ကလော်တုပ်ပြီး ပါးပြန်ရိုက်တာပေါ့။ အဲဒီတော့ သူက ကျမကို စောက်ကမြင်းမ လို့လည်း ဆဲတယ်။ နင်ကောင်းကောင်း သတိထား။ နင့်ခြင်ထောင်ထဲကို ငါ မောင်နု လွှတ်လိုက်မယ်လို့ ကျမကို ကြိမ်းတယ်။ နောက် ၂ရက်လောက်ကြာတော့ သန်းကောင် ကျော်ကျော် လောက်မှာ မောင်နု ကျမခြင်ထောင်ထဲ ဝင်လာပြီး ကျမကို အတင်းဖက်ထားတယ်။ ကျမလဲ လန့်နိုးပြီး သူ့ကို တွန်းပစ်လိုက်တယ်။ ပထမတော့ အိမ်မက်မက်သလိုလို ဖြစ်နေတယ်။ နောက်ကို မောင်နု မှန်းသိတော့မှ ဒီကောင်လေး ဒီမှာ ဘာလာလုပ်တာလဲ၊ နင့်အိပ်ယာနင်ပြန်သွား တင်တင့်ကို အော်ပြီး တိုင်လိုက် ရမလားဆိုတော့မှ မောင်နုထွက်သွားတယ်၊ ပန်းရီလွှတ်လိုက်တာဖြစ်မှာပေါ့၊ ဒါပေါ့တင်တင်ရဲ့၊ ဒီအကောင်ဟာ အလုပ်တော့လုပ်ပါရဲ့။ ဒါပေမဲ့ သိပ်ရှုတ်တယ်။ သူ့ကိုနှင်ပစ်လိုက်တာ ကျမသိပ်ဝမ်းသာ တာပဲ။ ဒီလိုဟာတွေ ဖြစ်ဖြစ်ချင်း ငါ့ကို တိုင်ရောပေါ့အေ။ ဒါတွေ ငါ့အိမ်မှာဖြစ်တာ ငါမကြိုက်ဘူး။ ကျောင်းပြန်လာတဲ့အခါ မသိန်းတင်ဟာ မောင်နုကို ခေါ်လိုက်တယ်။ မသိန်းတင်ဟာ အင်မတန်စည်းကမ်း ကြီးတယ်။ အပြစ်ရှိရင်လည်းမညှာဘူး။ ခေါင်းကိုသူ့လက်နဲ့ ခေါက်တဲ့ အခါခေါက်။ ပေါင်ကို ဆွဲလိမ်တဲ့ အခါ လိမ်။ ကြက်မွှေး တံမြက်စီးနဲ့ ရိုက်တဲ့အခါ ရိုက်တဲ့အတွက် အဖေကိုလဲ မကြောက်။ အမေကိုလည်း မကြောက်။ အမေရဲ့ အမကြီး ဒေါ်ကြီးဆိုရင် ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မမှတ်တဲ့၊ မောင်နုနဲ့ မောင်ဥတို့ ညီအကိုနှစ် ယောက်ဟာ မသိန်းတင်ကို သိပ်ကြောက်တယ်။ မောင်နု မင်းပန်းရီတိုက်တဲ့အရက် သောက်သလား။ သောက်တယ်။ ဘယ်နှစ်ခါလောက်ရှိသလဲ။ ခဏခဏပဲ။ မယ်တင် ရဲ့ခြင်ထောင်ထဲကိုလဲ မင်းဝင်တယ်ကြားရတယ်။ ဟုတ်သလား။ ဟုတ်တယ်။ သွား ကြက်မွေးတံမျက်စီး သွားယူချီ။ တင်တင်ရယ်။ မောင်နုဟာ ခလေးပဲ ရှိပါသေးတယ်၊ ဒီတခါတော့ ချမ်းသာပေးပါ။ မယ်တင်ညီး အသာနေ။ (မောင်နုဘက်သို့) သွား၊ ကြက်မွှေး တံမျက်စီးသွားယူချီ။ မောင်နုဟာ ကြက်မွှေးတံမြက်စီး ယူလာရတယ်။ မသိန်းတင်က ကြက်မွှေးတံမျက်စီးကို ကြက်မွှေးဘက်ကကိုင်။ နောက်ကိုဒါမျိုး မလုပ်နဲ့လို့ ဆုံးမပြီး၊ မောင်နုရဲ့ တင်ပါးကို ငါးချက်ရိုက်တယ်။ မောင်နုဟာ မသိန်းတင်ကိုတော့ ကြောက်တယ်။ ဒါပေမဲ့ မသိန်းတင်က ခေါက်ခေါက်လိမ်လိမ် ရိုက်ရိုက် ဘယ်တော့မှ မငိုဘူး။ မသိန်းတင်ရိုက်တာကို ဒေါ်ကြီး သိသွားတဲ့အခါ သူတူချစ်ရဲ့ တင်ပါးက အရှိုးရာတွေကို ကြည့်ပြီး မျက်ရည်ကျရှာတယ်။

ဆက်လက်ဖေါ်ပြပါမည်။

Read More...