တာတေစနေသား အခန်း(၄)

ဆယ်တန်းစာမေးပွဲ အောင်တဲ့အတွက် မောင်နုက ဘာမှ မဖြစ်ဘူး။ သူ့အဖေ ဦးစံထွန်းဟာ ဝမ်းသာလွန်းလို့ ခြေမိကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပြီး မိတ်ဆွေရင်းချာတွေကို သာမက နဲနဲပါးပါးလောက်သာ သိကျွမ်းဖူးတဲ့ လူတွေကိုပါ။ သူ့သားစာမေးပွဲ အောင်တဲ့အကြောင်း လျောက်ပြောတယ်။ နောက်တနေ့ကျတော့ မောင်နုရဲ့ သူငယ်ချင်း တွေကို အဖိတ်ခိုင်းပြီး သူ့သား စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်နဲ့ အိမ်မှာ ညစာ ထမင်း ကျွေးတယ်။ သူ့သားရဲ့ အောင်ပွဲအတွက် အထူးဟင်း ဆိုပြီး သူကိုယ်တိုင်ချက်တယ်။ ဟင်းတွေက ထူးလည်း ထူးပါတယ်။ ကြက်သားဟင်းကျတော့ ထူးသထက်ထူးအောင် အချိုလည်းမဟုတ်။ အချဉ်လည်း မဟုတ်၊ ငရုပ်သီးထောင်းရော၊ နွားနို့ရော၊ အုံးနို့ရော တပြုံကြီးထည့်တာပဲ၊ ဧည့်သည်တွေ မကြိုက်ကြဘူး ထင်တယ်။ အဲဒီဟင်းကို သိပ်မနှိုက်ကြဘူး။ ဟေ့ကောင်တွေ ထည့်စားကြကွာ၊ ကလျာဏီဟင်းဆိုတာ ဒါပဲ လို့ ဝမ်းသာအားရပြောပြီး မောင်နုသူငယ်ချင်းတွေရဲ့ ပန်းကန် ထဲကို ကလျာဏီ ဟင်းတွေ ဦးစံထွန်း အတင်း လိုက်ထဲ့ပေးတယ်၊ မောင်နုဟာ ကောလိပ်ကျောင်းကို ရောက်တဲ့အခါ ကမ္ဘာ သစ်တခုထဲကို ရောက်လာရသလို ဖြစ်နေတယ်၊ အဆောက်အဦးတွေကလည်း သူအရင်နေခဲ့ရဘူးတဲ့ ဘုန်းကြီးကျောင်း အိုကြီးတွေ စစ်တန်းလျားတွေလို မဟုတ်ဘူး။ အတော်ခမ်းနား သပ်ယပ်တဲ့ အဆောက် အဦးတွေ တွေ့ရတဲ့ ကျောင်းသူကျောင်းသားတွေ အတော်များများကလည်း မြီု့မအထက်တန်း ကျောင်းမှတုန်းက သူတွေ့ခဲ့ရတဲ့ သူလိုငါလို။ ကျောင်းသူကျောင်းသားမျိုးတွေ မဟုတ်ဘူး။ အင်္ဂလိပ်စာ။ မြန်မာစာ။ အက္ခရာ သင်္ချာ။ ကင်မစ္စရီ။ ဖီးဆစ်။ ဥပဒေ အစရှိတဲ့ ဘာသာရပ်အသီးသီးမှာ အင်မတန် ထူးချွန်တဲ့ လူရည်ချွန်တွေ။ စင်မြင့်ပေါ်မှာ စကားပြောကောင်းတဲ့ ကျောင်းသားတွေ။ ဘောကန်ကောင်းတဲ့ ကျောင်းသားတွေ။ တင်းနစ် အရိုက်ကောင်းတဲ့ ကျောင်းသားတွေ။ အတုခိုးစရာ တကယ်ထူးချွန်တဲ့ ကျောင်းသားတွေ ပြည့်နေတာဘဲ၊ အဲဒီကမ္ဘာသစ်ထဲကို ရောက်လာတဲ့အခါ မောင်နုရဲ့စိတ်ဟာ အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲချက်တွေ အများကြီး ဖြစ်နေတယ်။ အရင်တုန်းက အထက်တန်းစားတွေကို ဆက်ပြီးသင်ချင်တဲ့ ဆန္ဒသူ့မှာလုံးဝ မရှိခဲ့ဘူး။ အခုဆိုရင် အများကြီးရှိလာပြီ။ အရင်တုန်းက သူကြီးလာရင် ဘာလုပ်မယ်ဆိုတာ တခုမှ မစဉ်း စားခဲ့ဖူးဘူး။ အခုဆိုရင် အများကြီး စဉ်းစားလာပြီ။ ဆယ်တန်းတုန်းက ရှိတ်စပီးယား ရဲက ပြဇာတ်တွေထဲက ကောက်နှုတ်ချက်ကလေးတွေ ဒီပြဇာတ်တွေကို အင်္ဂလိပ်စကားပြေနဲ့ ပြန်ရေးထားတာတွေကို ကျောင်းစာတွေအဖြစ်နဲ့ သင်ခဲ့ရတယ်၊ အဲဒါကြောင့် မောင်နုဟာ အဲဒီစာတွေထဲမှာ သိပ်စိတ်မဝင်စားလှဘူး။ တက္ကသိုလ်ရောက်တဲ့အခါ ကောလိပ် စာကြည့်ခမ်းထဲမှာ ရှိတ်စပီးယား ရဲ့ ပြဇာတ်တွေ၊ ကဗျာတွေကို အတန်းစာအဖြစ်နဲ့ မဟုတ်ပဲ။ သူ့သဘောနဲ့သူ ဖတ်ရတဲ့အတွက် သိပ်သဘောကျတယ်။ ဒီလိုသဘောကျ တာတွေများလာတော့ မောင်နုဟာ ပြဇာတ်ရေးဆရာ လုပ်ချင်သလိုလို ဖြစ်လာတယ်။ ရှီတ်စပီးယားရေးတဲ့ ဘလင့်ဗါ့စ် (Blank Verse) ကို အတုခိုးပြီး နဲနဲပါးပါး ရေးစမ်းကြည့်တယ်။ ရှိတ်စပီးယားရဲ့ ဆွန်းနက် ကဗျာတွေကို အတုခိုးပြီး ရေးကြည့်တယ်။ အမှန်စင်စစ် ကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့မောင်နုက သူဟာသူ သိပ်ကြိုက်နေတယ်။

မောင်နုကောလိပ်ရောက်လို့ မကြာခင်မှာဘဲ ပြည်ကျောင်းဆောင်နဲ့ တကောင်း ကျောင်းဆောင်တွေဟာ ဘောသင်းတသင်းစီ ထောင်တယ်။ ပြည်ကျောင်းဆေင် ဘောသင်းရဲ့ ကပ္ပတိန်ဟာ စောဓူဝံ၊ တကောင်းဘက်မှာတော့ မောင်ရှင်ဖြစ်တယ်။ မောင်နုဟာ တကောင်းမှာ သုံးယောက်တန်း ဘယ်ဘက်က ကစားတယ်။ မောင်နုဟာ ဆွန်းနက်ကို ရေးတတ်ခါစ သူ့လက်ကို ထိန်းမရ တဲ့ အတွက် စောဓူဝံကို ပြောင်လှောင်တဲ့ ဆွန်းနက်တွေကို မကြာခဏ ရေးရေးပြီး ပြည်ကျောင်းဆောင်ရဲ့ ထမင်းစားခမ်းက နို့တစ်ဘုတ်မှာ ကပ်လေ့ရှိတယ်။ စောဓူဝံဟာ ဒီဆွန်းနက် တွေကို မြင်တိုင်း သိပ်ဒေါပွ တယ်။ တညလသာသာ ၁၁နာရီလောက်မှာ ခပ်လှမ်းလှမ်း နေရာတခုက ကုလားတယောက်ဟာ ဒိုးပတ်ကို တီးနေတာ မောင်နုကြားရတယ်။ ဒီအသံကြားပြီး ဒီလရောင်မြင်ရတဲ့အခါ မောင်နုရဲ့ ရင်ထဲမှာ လှပ်လှပ်။ လှပ်လှပ် ဖြစ်လာတယ်။ အဲဒါကြောင့် Under a Marian tree မရမ်းတပင် အောက်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွန်းနက် ကဗျာ တပုဒ်ရေးတယ်။ နောက်တနေ့ကျတော့ သူ့ကျူတာ တယောက်ကို ဒီဆွန်းနက် ပြကြည့်တယ်။ အဲဒီလိုပြပြီး သူ့ကျောင်းက ထွက်ရင်ပြဇာတ်ရေးဆရာ လုပ်ချင်တဲ့ အကြောင်း ပြောပြတယ်။ ဒီကျူတာဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်။ ဘယ်တပည့်ကိုမှ စိတ်ပျက်သွားအောင်။ ရှက်သွား အောင်။ စိတ်နာသွားအောင် မပြောဘူး။ အဲဒါကြောင့် မောင်နုရဲ့ ဆွန်းနက်ကို ဖတ်ကြည့်ပြီး ကြိုးစားကွာ၊ ကြိုးစားရင် အောင်မြင်ရမှာပေါ့လို့ ချီးမွမ်းတာလည်းမဟုတ်။ ကဲ့ရဲ့တာလည်း မဟုတ် မယုတ်မလွန် ဒီ ကျုတာက ပြောတယ်။ အဲဒီကျုတာရဲ့ တိုက်တွန်းချက်အရမောင်နုဟာ ဘားနတ်ရှောရေးတဲ့ ဂျူးလီးယပ် ဆီဇာနဲ့ ကင်ဒစ်ဒါးဆိုတဲက ပြဇာတ်စာအုပ် နှစ်အုပ်ကို စဖတ်ရတယ်။ စကားပြေဟာ ဘလင့်ဗာစ် နဲ့ ရေးရ တာထက် မောင်နုအတွက် ပိုလွယ်တယ်။ အဲဒါကြောင့် ဘာနတ်ရှောရဲ့ စာအုပ်နှစ်အုပ်ကို ဖတ်ပြီးတာနဲ့ ပြဇာတ်ရေးရင် စကားပြေနဲ့ ရေးဘို့ မောင်နု ဆုံးဖြတ်တယ်။ တနေ့ကျတော့ မောင်နုဟာ ကောလိပ် စာ ကြည့်တိုက်မှာ သူဖတ်ဘို့ စာအုပ်လိုက်ရှာနေတုန်း စပိန်စာရေးဆရာကြီး သာဗင်းတပ်စ်ရေးတဲ့ ဒွန်ကီ ဟိုးတီး ဝတ္တု ကိုသွားတွေ့တယ်။ ဒွန်ကီးဟိုးတီးဟာ မတရားမှုမှန်သမျှကို တိုက်ဖျက်ပစ်မယ် လို့ သူ့ကိုယ်သူ အထင်ကြီးပြီး ဘဝင်မြင့်ရောဂါ စွဲကပ်နေတဲ့ မရူးတရူး၊ ခပ်နှမ်းနှမ်း လူတယောက်ဖြစ်တယ်။ သူ့အဖြစ် အပျက်တွေဟာ အတော်ရယ်စရာ ကောင်းတယ်။ မောင်နုရဲ့ အဖြစ်အပျက်အတော်များများနဲ့ တူလွန်းလို့ မောင်နု ကောလိပ်စာကြည့်ခန်းထဲမှာ အိနြေ္ဒမဆယ်နိုင်ဘူး။ တခိခိ တဝါးဝါးနဲ့ ရယ်ရင်း ဒီဝတ္တုကို သိပ်စွဲနေ တယ်။ ဒီဝတ္တုဟာ မောင်နုအပေါ်မှာ ဘယ်လောက် လွှမ်းမိုးနေတယ်ဆိုတာ ထင်ရှားအောင် သာဓကလေး တခုကို ဖော်ပြချင်တယ်။ ကောလိပ်ကျောင်းကို ရောက်ပြီးလို့ တလလောက်အကြာ မောင်နုဟာ တကောင်းကျောင်းဆောင် အနားမှာ လမ်းလျှောက်နေတုန်း ခွေးကြီးတကောင်က အစာ လုစားချင်တဲ့ အတွက် အစားစားနေတဲ့ခွေးလေး တကောင်ကို အတင်းလှိမ့်ပြီး ကိုက်နေတာ မောင်နု မြင်ရတယ်။ အနားမှာ ရှိတဲ့ ခဲနှစ်လုံးကို ကောက်ပြီး ခွေးကြီးကို အတင်းပြေးပေါက်တာဘဲ။ ခွေးကြီးဟာ ခွေးငယ်ကို လွှတ်ပြီး ထွက်ပြေးတာတောင် မောင်နုရဲ့ဒေါသဟာ မပြေသေးဘူး ခွေးကလေးကို အနိုင်ကျင့်ပြီး သူ့အစာလုစားမဲ့ ခွေးဆိုးကြီးကို နာနာနှက်ပေးရမယ်ဆိုတဲ့ စိတ်ထားနဲ့ ခွေးကြီး နောက်ကို အတော် ကြာအောင် မောင်နုပြေးလိုက်သေးတယ်။ မောင်နုဟာ ဒွန်ကီဟိုတီးကို ဖတ်ပြီးတဲ့အခါ ဒါမျိုးတွေ သိပ် မလုပ်တော့ဘူး။ သူ့ရဲ့ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးကို ထိန်းသိမ်းမှုတွေ အတော်လုပ်လာတယ်။ အဲဒီ ကောလိပ်ကျောင်းကို ရောက်တဲ့ ပထမနှစ်မှာဘဲ နှလုံးကြီးရောဂါ တကြိမ်ထလိုက်သေးတယ်။ အဲဒီရောဂါ ဟာ မောင်နုရဲ့ ဘဝမှာ အရေးပါ အရာရောက်တဲ့ အချက်တချက် ဖြစ်နေတဲ့အတွက် ဒီအချက်ကိုလည်း ဒီနေရာမှာ ဖော်ပြသင့်တယ်။ ဝါးခယ်မမှာ တင်တင်မြင့် ဆိုတဲ့ ကျောင်းသူတဦးရှိတယ်။ သူ့အဖေဟာ အငြိမ်းစား ရာဇဝတ်ဝန် ဦးခင် ဆိုသူဖြစ်တယ်။ တင်တင်မြင့်မှာ အမသုံးယောက်ရှိတယ်။ ညီမ တယောက် ရှိတယ်။ ဒီညီအမ ငါးဦးစလုံးဟာ မိန်းမချောတွေချည်းဘဲ။ မောင်နုဟာ ဝါးခယ်မကျောင်းမှာ တင်တင်မြင့်နဲ့ ပထမတန်းကစပြီး ခုနှစ်တန်းအထိ အတူတူနေခဲ့ဘူးတယ်။ ဒါပေမဲ့ တင်တင်မြင့်ဟာ အိနြေ္ဒကြီးတဲ့ မိန်း ကလေးဖြစ်တဲ့ အတွက် သူကလည်း ဘယ်ယောင်္ကျားလေးကိုမှ စကားမပြောဘူး။ ဘယ်ယောင်္ကျားလေး မှလည်း သူ့ကို စကားမပြောဝံ့ဘူး။

၁၉၂ဝ-ပြည့်နှစ် ပထမကျောင်းသား သပိတ် ဖြစ်တဲ့အခါ တင်တင်မြင့်က ကျောင်းမှာကျန်ရစ်တယ်။ မောင်နုတို့က ထွက်လာတယ်။ အဲဒီအချိန်ကစပြီး တယောက်နဲ့ တယောက် မတွေ့ရတော့ဘူး။ ဒါပေမဲ့ ၁၉၂၄ ခုနှစ်။ ဝါးခယ်မ တန်ဆောင်းတော်ကြီး အတွင်းမှာကျင်းပတဲ့ တန်ဆောင်တိုင် ပွဲမှာ မောင်နုဟာ တင်တင်မြင့်ကို တွေ့လိုက်တဲ့အခါ သူ့စိတ်ထဲမှာ ရှေးတုန်းက တခါမှ မဖြစ်ဘူးတဲ့ ချစ်စိတ်တွေဟာ အလွန်အမင်း ပြင်းပြင်းထန်ထန်ကြီး ဖြစ်လာတယ်။ မောင်နုဟာ တခြားကိစ္စ တွေမှာသာ လူရဲကြီး လုပ်ဝံ့တယ်။ အချစ်နဲ့ ပတ်သက်လာရင်တော့ သတ္တိကြောင်တယ်။ တချို့ ယောင်္ကျားလေးတွေလို သူတို့ချစ်တဲ့ မိန်းခလေးတွေကို လူပျိုစကား လိုက်ပြောတာတို့ မေတ္တာစာ လိုက်ပေး တာတို့ မလုပ်ရဲဘူး။ အဲဒါကြောင့် သူဟာ စာပို့ကုလားကို အားကိုးပြီး နောက်တနေ့ကျတော့ တင်တင်မြင့် ဆီကို စာတိုက်က စာတစောင် ထည့်လိုက်တယ်။ အိနြေ္ဒကြီးလှတဲ့ တင်တင်မြင့်ဆီက စာတစောင်မှ ပြန်မလာဘူး။ ဒါပေမဲ့ မောင်နုမှာ အဓိဌာန်များ ရှိနေသလားမသိဘူး။ ၁၉၂၄ ခုနှစ် နိုဝင်ဘာ လောက်ကစပြီး ၁၉၂၅ ခုနှစ် မတ်လ လယ်လောက်အထိ တင်တင်မြင့် ဆီကို စာပေါင်း၃ဝထက် မနည်း တစောင်ပြီးတစောင် ထည့်ခဲ့တယ်။ နောက်နှစ်ပေါင်း ၃၆နှစ်လောက်ကြာတဲ့အခါ ဒေါ်တင်တင်မြင့်ရဲ့ ခဲအို အင်ဂျင်နိယာချုပ် ဦးကျော်စိန်နဲ့ စကားပြောနေတုန်း၊ ဦးနုဟာ ငယ်ငယ်တုန်းက တင်တင်မြင့်ကို စာပေါင်း ၃ဝကျော် ပေးခဲ့ ဘူးတာ ပြန်ပြီးသတိရတယ်။ အဲဒီအခါကျတော့မှ သူငယ်ငယ်က ဂမူးရှုးထိုး၊ နသိုးကြိုးပြတ် လုပ်ခဲ့မိတာကို နောင်တရပြီး ဒေါ်တင်တင်မြင့်ကို ပြောပေးဘို့ ဦးနုက ခဲအို ဦးကျော်စိန်ကို မေတ္တာရပ်ခံ ခဲ့တယ်၊ ဒေါ်တင်တင်မြင့်ဟာ ဦးကျော်စိန်ကို ပြောတဲ့အချိန်အထိ အပျိုကြီးဘဲ၊ နောင်လည်း အိမ်ထောင်ပြုမဲ့ လက္ခဏာ မရှိပါဘူး။ ဒီကိစ္စကို အတော်စက်ဆုပ်ပုံပေါ်တယ်။

Comments :

0 comments to “တာတေစနေသား အခန်း(၄)”