တာတေ စနေသားအခန်း (၂) (ဦးနု)

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလထဲမှာ ပထမ တက္ကသိုလ် သပိတ်ပေါ်လာတယ်၊ မကြာခင် ဒီသပိတ်ဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို ကူးစက်သွားပြီး မောင်နုတို့လည်း သပိတ်ထဲ ပါသွားကြတယ်၊ မောင်နုဟာ ဒီအချိန်မှာ ၇ တန်း။
အသက်ကတော့ ၁၃နှစ်ကျော်နေပြီ။ အဲဒိအချိန်မှာ မောင်နုရဲ့ လုပ်ပုံ ကိုင်ပုံ၊ ပြောပုံဆိုပုံတွေဟာ ရှေးကနဲ့ မတူတော့ဘဲ အနည်းငယ် ပြောင်းလဲလာတာ သူ့ကို အကဲခတ်မိ တဲ့လူတွေ တွေ့လာကြတယ်၊ ဒီလိုပြောင်းလဲလာတာဟာ ကျောင်းသားသပိတ်ကြောင့် ဖြစ်တယ်လို့ အဲဒီ အကဲခတ် မိသူတွေက ယူဆကြတယ်၊ တက္ကသိုလ် သပိတ်ခေါင်းဆောင်တွေက ဟောပြောပြသတဲ့၊ လွတ်လပ်ရေးတရားတွေ။ အမျိုးသားကျောင်းမှာ၊ မောင်နုတို့ သင်ရတဲ့ အာဇာနည်များ၊ လွတ်လပ်ရေး တိုက်ပွဲများ၊ အစရှိတဲ့ စာအုပ်တွေဟာ မောင်နုရဲ့စိတ်ကို တမျိုးတဖုံ ပြောင်းပစ်လိုက်တယ်လို့ အဲဒီ အကဲခတ်မိသူတွေက ယုံကြည်နေကြတယ်။ အကယ်လို့ရာခိုင်နှုန်း အပြည့် မှန်တယ်ဆိုရင် ဒီဟောပြော ချက်တွေ၊ ဒီစာအုပ်တွေကြောင့် မောင်နုဟာ ကောင်းတာတွေကိုပဲ လုပ်ရမယ်။ မကောင်းတာတွေကို မလုပ်ရဘူး။ အခုတော့ သူပြောတာဆိုတာတွေ၊ လုပ်တာကိုင်တာတွေထဲမှာ အကောင်းတွေလည်း ပါနေတယ်။ အဆိုးတွေလည်း ပါနေတယ်။ အခုလို ပြောင်းလဲလာတာနဲ့ပတ်သက်ပြီး မောင်နုအကြောင်းကို ကောင်းကောင်းသိတဲ့ သူ့ဆွေမျိုးရင်းခြာတယောက် ပြောပြတာဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ အဲဒီ ဆွေမျိုးရင်းခြာ ပုဂ္ဂိုလ်က မောင်နုနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်။ လူတိုင်းမှာ ဦးနှောက်နဲ့ နှလုံးသားဆိုပြီး အဓိက အစိပ်အပိုင်းကြီး နှစ်ခုရှိတယ်။ အသက်အရွယ် ကြီးမားလာတာနဲ့အမျှ တချို့လူတွေမှာ ဦးနှောက်နဲ့ နှလုံးသားဟာ တညီတညာထဲ ကြီးထွားလာကြတယ်၊ တချို့မှာ ဦးနှောက်က နှလုံးထက် ပိုပြီးကြီးထွား လာကြတယ်၊ တချို့မှာတော့ ဦးနှောက်ထက် နှလုံးက ပိုပြီး ကြီးထွားလာကြတယ်၊ အဲဒီလို လူသုံးစား ရှိတဲ့အထဲမှာ မောင်နုဟာ တတိယ အမျိုးအစားထဲမှာ ရောက်နေတယ်။ အရွယ်ကြီးလာတာနဲ့ အမျှ သူ့နှလုံးဟာ သူ့ဦးနှောက်ထက် အဆမတန် ပိုပြီးကြီးထွားလာတယ်။ ထူးထူးခြားခြား ပိုမိုကြီးထွားနေတဲ့ အတွက် လူများစုက အသေးအဖွဲလို့ ယူဆထားတဲ့ ပြဿနာကလေးတွေဟာ မောင်နုမှာ အကြီးကြီးတွေ ဖြစ်တဲ့အခါဖြစ်ပြီး အကျိုးရှိမဲ့ ကိစ္စမျိုးလဲမဟုတ်ဘူးဆိုတဲ့ အချက်တွေကို သူ့ဦးနှောက်က မစဉ်းစား နိုင်သေးခင် သူ့နှလုံးထိခိုက်တာကို မှီပြီး မောင်နုဟာ တခုခုပြောဘို့ ဒါမှမဟုတ်ရင်လည်း တခုခုကို လုပ်ဘို့ ချက်ခြင်း ဆုံးဖြတ်ချက် ချလေ့ရှိတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘာကြီး ဖြစ်သွားဖြစ်သွား။ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတဲ့အတွက် ဆုံးဖြတ်ချက်တခုကို ချပြီးရင် ပြင်ဘို့ မလွယ်တော့ဘူး။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း တခုခုကို ပြောပြီး လုပ်ပြီးမှ သူ့ဦးနှောက်က ကျကျနန စဉ်းစားနိုင်တဲ့ အခါ သူပြောမိတာ လုပ်မိတာဟာ မှားမှန်းသိရင် မောင်နု အများကြီး ဝမ်းနည်းပက်လက် ဖြစ်နေတတ်တယ်။ အဲဒီလို မှားပြီးရင် နောက်ထပ်မမှားဘို့ မောင်နုဟာ အများကြီးကြိုးစားလေ့ရှိတယ်။ ဒါပေမဲ့ နှလုံးက ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုဟာ ကြိုးစားလို့ မအောင်မြင်နိုင်ဘူး။ မှားမှားပြီးသမှ နောင်တရတာတွေ ဟာ အင်မတန်များတယ်။ အဲဒီလိုဖြစ်တာဟာ ၁၃-၁၄နှစ်သား အရွယ် ငယ်ငယ်တုန်းကသာ ဖြစ်တာ မဟုတ်ဘူး။ အသက်အရွယ် ကြီးပြင်းလာတဲ့အခါမှာလည်း ဖြစ်တုန်းဘဲရှိသေးတယ်။ ငယ်ငယ်တုံးက ဒီလို ဖြစ်ခဲ့ဘူးတာတွေနဲ့ အသက်အရွယ် ကြီးပြင်းလာတဲ့အခါမှာ ဖြစ်ခဲ့ကြတာတွေဟာ အချက်တချက်မှာဘဲ ခြားနားချက်ရှိတယ်။ နှလုံးသားကို ထိခိုက်လာရင် အလျှင်စလိုဆုံးဖြတ်တဲ့အတိုင်း ပြောတာဆိုတာ လုပ်တာ ကိုင်တာမှာတော့ မခြားနားဘူး။ အတူတူပဲ။ ဒီလိုဆိုရင် ခြားနားချက်ဆိုတာ ဘယ်လိုဟာမျိုးလည်း။ ငယ်ငယ်တုံးကဆိုရင် မောင်နုဟာ ကုသိုလ် အကုသိုလ်ကို မသိသေးဘူး။ သုစရိုက်-ဒုစရိုက်ကို ကြားတောင် မကြားဖူးဘူး။ အဲဒီတော့ တခုခုကို လုပ်ချင်လာရင် ကုသိုလ်ကိုပဲဖြစ်ဖြစ်၊ အကုသိုလ်ကိုပဲဖြစ်ဖြစ်။ သုစရိုက်ကိုပဲဖြစ်ဖြစ်။ ဒုစရိုက်ကိုပဲ ဖြစ်ဖြစ်။ မြင့်မြတ်တာကိုပဲဖြစ်ဖြစ်။ ယုတ်ညံ့တာကိုပဲဖြစ်ဖြစ်။ ဇွတ်တရွတ် လုပ်ပစ်လိုက်တာပဲ။ အသက်အရွယ်ကြီးပြင်း လာတဲ့အခါကျတော့ ကျေးဇူးရှင် သူ့ဖခင်နဲ့သူ့ဆရာ ဒီးဒုတ် ဦးဘချိုတို့ရဲ့ သွန်သင် ဆုံးမတာတွေကို ကြားနာရပြီးတဲ့အခါ မောင်နုဟာ ကုသိုလ်နဲ့ အကုသိုလ်၊ သုစရိုက်နဲ့ ဒုစရိုက်၊ မြင့်မြတ်တာနဲ့ ယုတ်ညံ့တာတွေကို အတော်အတန်သိလာတယ်။ ဒီလို သိလာတဲ့ အတွက် အကုသိုလ်တို့ ဒုစရိုက်တို့ ယုတ်ညံ့တာတို့ကို လုပ်ချင်တိုင်း ဇွတ်တရွတ် မလုပ်မိအောင် သူ့ကိုယ်သူ အထူး ထိန်းသိမ်းလာနိုင်တယ်။ ကွာခြားချက်ဆိုတာ ဒါပါဘဲ။ နှလုံးသားဟာ ဦးနှောက်ထက် ကြီးနေတဲ့ မောင်နုဟာ နှလုံးသားကို ထိခိုက်လာတိုင်း စိတ်လိုက်မာန်ပါ လုပ်ခဲ့တာတွေဟာ အများကြီးပါဘဲ။ အဲဒီအများကြီးထဲက စိတ်ဝင်စားစရာ ကောင်းမယ်လို့ထင်တဲ့ သာဓကလေးတွေ အနည်းငယ်ကို သူ့အခန်းနဲ့သူ ဖေါ်ပြသွားချင်တယ်။

(က) သပိတ်ပေါ်လာပြီးလို့ မကြာခင်နေ့တနေ့မှာ သူ့စိတ်ကို ဘယ်လိုထိခိုက်တယ် မဆိုနိုင်ဘူး။ မောင်နုဟာ သူ့သူငယ်ချင်း ၄-၅ယောက်နဲ့ ထိုင်ပြီး စကားပြောရင်း သူ့သူငယ်ချင်း တွေကို ဟေ့ကောင်တွေ ငါတခု လုပ်ချင်တယ်လို့ ရုတ်တရက်ပြောလိုက်တယ်။ အဲဒီနောက် ဆက်ပြီး ဒို့အားလုံး ကတုံးပြောင်အောင်ရိတ် ရမယ်။ ခါးတောင်မြောင်အောင် ကြိုက်ရမယ်။ ကိုယ်တုံးလုံး ချွတ်ထားရမယ်။ တရုတ်ထိုး နောက်ပိတ် ဘိနပ် စီးရမယ်။ လက်တဘက်မှာ ခဲတလုံးစီကိုင်ပြီး ဈေးထဲကို သွားမယ်လို့ မောင်နုက ကျေညာပြန်တယ်။ သူ့သူငယ်ချင်းတွေထဲမှာ ထွန်းရင်ကလွဲပြီး အားလုံးသဘောတူတယ်။ ထွန်းရင်ဟာ ခါးတောင်းမြောင်အောင် ကြိုက်ဘို့နေနေသာသာ လုံချည်ဝတ်ရင် သူ့လုံချည်စဟာ ခြေမျက်စိပေါ် ဘယ်တော့မှ မတက်ဘူး။ သူ့ ဆံတောက်ကိုလည်း ကော့စမတ်တစ်နဲ့ တိုက်ပြီး အမြဲတမ်း သပ်သပ်ရပ်ရပ် ခွဲထားလေ့ရှိတယ်ဆိုတော့ ဘယ်မှာ ကတုံးရိတ်ချင်ပါ့မလဲ။ နောက်ပြီးတော့ ကို့ယို့ကားယားလုပ်ပြီး သူတို့သွားရမဲ့နေရာဟာ အပျို လေးတွေ သိပ်ပေါတဲ့ ဈေးဖြစ်နေပြန်တယ်ဆိုတော့ မိန်းခလေးတွေ ရှေ့မှာ အင်မတန် ရှက်တတ်တဲ ထွန်းရင် အတွက် မောင်နုရဲ့ ကျေညာချက်အတိုင်း လိုက်လုပ်ဘို့ဆိုတာ မပြောနဲ့စဉ်းစားဘို့ ဆိုတာတောင် မဖြစ်ဘူး။ ဒါပေမဲ့ မောင်နုဟာ ဆုံးဖြတ်ပြီးဖြစ်နေတဲ့အတွက် ထွန်းရင် ငြင်းလို့မရတော့ဘူး။ စိတ်မပါ့တပါ ရှက်ကိုးရှက်ကန်းနဲ့ လိုက်လုပ်ရရှာတယ်။ နောက်တခါကျတော့ သူငယ်ချင်းတွေ စကားပြောနေကြရင်း မောင်နုဟာ သူဟာ အရက်ကိုသာ သောက်ဖူးတယ်။ ကုတ်ကင်းကို တခါမှ မပွတ်ဘူးဘူး။ အနည်းဆုံး တခါတော့ ပွတ်ကြည့်ချင်တယ်။ အဲဒါကြောင့် သူ့သူငယ်ချင်းမောင်ဟန်က ကုတ်ကင်းကို သွားဝယ်ချေပါလို့ မောင်နုကပြောတယ်။ သူငယ်ချင်းအချို့က ကုတ်ကင်း ပွတ်တာမကောင်းဘူး။ ရူးတတ်တယ်လို့ ကန့်ကွက် ပါသေးတယ်။ ဒါပေမဲ့ မောင်နုဟာ ဆုံးဖြတ်ပြီးဖြစ်နေတဲ့ အတွက် သူတို့ကန့်ကွက်လို့ မရတော့ဘူး။ မောင်ဟန်က ကုတ်ကင်း ဝယ်ပေးတယ်။ ကုတ်ကင်းရလာတဲ့အခါ ဂနီဆိုတဲ့ ကလားလဘက်ရည်ဆိုင်မှာ မောင်နုနဲ့ သူငယ်ချင်းတွေအားလုံး ဝိုင်းပြီးကုတ်ကင်း ပွတ်ကြတယ်။ ပွတ်ပြီးတဲ့အခါ စကားပြောလို့ မရဘူး။ နှုတ်ခမ်းတွေထူနေတယ်။ မကောင်းဘူးလို့ မောင်နုက မှတ်ချက်ချတယ်။ နောက်တခါမှာတော့ အခုလိုပဲ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး စကားပြောနေကြတုန်း မောင်နုက သူဟာ အရက်လည်း သောက်ဖူးပြီးပြီ။ ကုတ်ကင်းလည်း ပွတ်ဘူးပြီးပြီ။ ဘိန်းကို မရှုဘူးသေးဘူး။ တခါလောက်တော့ ရှုကြည့်ချင်တယ်လို့ ကျေညာပြန်တယ်။ ဘယ်သူမှ ကန့်ကွက်လို့မရဘူး။ ဒါပေမဲ့ ဘိန်းရှုတာကို မကြိုက်တဲ့ သူငယ်ချင်းတွေ ကံကောင်းချင်တော့ ဘိန်းခန်းထဲ ရောက်တဲ့အခါ ဘိန်းရှုမဲ့ လူတွေအတွက် ခင်းထားတဲ့ ဖျာစုတ်တွေ။ ချေးတွေနဲ့ မဲနေတဲ့ ခေါင်းအုံးတွေ၊ ဘိန်းဆီတွေ အလိမ်းလိမ်းကပ်နေတဲ့ ဘိန်းပြောင်းတွေကို ကြည့်ပြီး မောင်နုဟာ အော်ဂလီ ဆန်နေတယ်။ အဲဒါကြောင့် သူတို့ဟာ ဘိန်းမရှုဖြစ်ပဲ ဘိန်းခန်းထဲက ပြန်ထွက် လာကြတယ်။

(ခ) တနေ့သောအခါ သဘောင်္ဆိပ်နားမှာ ကူလီကုလားတယောက်ကို ဗမာ ၄-၅ယောက် ဝိုင်းရိုက်နေတာ မောင်နုတွေ့တယ်။ မောင်နုဟာ ဘိုင်စကယ်ပေါ်က ကဗျာကယာဆင်းပြီး ဗမာတွေကို အတင်းလိုက်ထိုး တယ်။ ဒီဗမာတွေဟာ ဝါးခယ်မမြို့ သုဿန်နဲ့ မျက်စောင်းထိုး မြစ်တဘက်ကမ်း တလိုင်းဟုရွာက လူဆိုး ရန်ရှင်းရဲ့ညီ လူဆိုးဘိုးချစ်နဲ့ သူ့ငယ်သား လူဆိုးတစုဆိုတာ မောင်နုမသိဘူး။ ဝါးခယ်မမှာ ဝါးခယ်မသား တောတော်များများက ဒီကောင်တွေနဲ့သာဆိုရင် မျက်နှာချင်း မဆိုင်ချင်ကြဘူး ဆိုတာလည်း မောင်နု မသိဘူး။ မကြာသေးခင်ကပဲ ဦးဘမြစ် ဆိုတဲ့ ပုလိပ်စာသင်တယောက်ကို ဘိုးချစ်ဆိုတဲ့ လူဆိုးဟာ ကွမ်းခြံကုန်း ဘုန်းကြီးကျောင်းနားမှာ ချောင်းပြီးရိုက်လိုက်တာ ကံကောင်းလို့ မသေတယ်ဆိုတာလည်း မောင်နုမသိဘူး။ ကူလီကုလားက မှားနေသလား၊ ဒီလူဆိုးတွေက မှားနေသလား ဆိုတာကိုလည်း မောင်နုမသိဘူး။ ကူလီကုလားတယောက်ထဲကို ဗမာ အများက ဝိုင်းရိုက်နေတာ မြင်ရတာနဲ့ သူ့နှလုံးသား ဆွေ့ဆွေ့ခုန် ဖြစ်လာပြီး ဗမာတွေကို အတင်းဝင်ထိုးတာပါဘဲ။ ကိုစံထွန်းရဲ့ သားဆိုတာ အဲဒီလူဆိုးတွေ သိနေကြလို့ သူလွတ်သွားတာပဲ။ ဒီလိုသာ မဟုတ်ရင် အဲဒီနေရာမှာ သူအတော်နာမယ်။ နောက်ပြီး တော့လည်း။ ဝါးခယ်မ တဘက်ကမ်း ရွာသစ်ရွာမှာ အောင်သင်းဆိုတာ ရှိတယ်။ အောင်သင်းက မောင်နုထက် နှစ်နှစ်လောက်ကြီးတယ်၊ အရပ်လည်း အတော်ရှည်တယ် အားလည်း သိပ်ကောင်းတယ်။ လက်လည်းသိပ်မြန်တယ်။ သူနဲ့စကားပြောရင် တဘက်သားဟာ အင်မတန် သတိထားပြောရတယ်။ စိတ်မထင်ရင် ဘာမဟုတ်တာလေးနဲက ထချတာပဲ။ သူချလိုက်ရင်လည်း မသက်သာဘူး။ လက်ဝါးရော၊ လက်သီးရော၊ ဒူးရော၊ ဖနောင့်ရော၊ အကုန်သုံးတယ်ဆိုတော့ ချပြီးရင် တဘက်သားကို နှာနှပ်ယူရတာ ချည်းဘဲ။ စိတ်အထိအခိုက် အင်မတန် မြန်တဲ့ မောင်နုဟာ တနေ့သောအခါ၊ အဲဒီအောင်သင်းနဲ့ ကမ်းနားလမ်း ကျောက်မီးသွေးရုံအနားမှာ သွားပြီး ရင်ဆိုင်မိကြတယ်။ မောင်နုနဲ့ပါလာတဲ့ သူငယ်ချင်းကို အောင်သင်းက သူ့စာအုပ်တွေ ပြန်ပေးဘို့တောင်းတယ်။ အဲဒီသူငယ်ချင်းကလည်း အောင်သင်းကို သိပ် ကြောက်ပြီး ပြန်ပေးပါ့မယ်လို့ တုန်တုန်ရီရီနဲ့ ပြန်ပြောတယ်။ ဒါပေမဲ့ အောင်သင်းဟာ ဒေါသထွက်ပြီး မင်းယူသွားတာကြာပြီ၊ ဒီကနေ့ လာပေးချင်ပေး။ မပေးရင် မင်းကို တီးရလိမ့်မယ် လို့စိတ်လိုက်မာန်ပါ ကြိမ်းမောင်းတယ်။ ဒီလို ကြိမ်းမောင်းတာကို မောင်နု မကြိုက်ဘူး။ အဲဒါကြောင့် ဘာစာအုပ်မှန်းလည်း မသိဘူး။ ယူထားတာ ဘယ်လောက်ကြာနေပြီ ဆိုတာလည်း မသိဘူး။ ဟေ့ကောင်-စာအုပ်ကို ပြန်မပေးနဲ့လို့ မောင်နုက သူ့သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။ အင်မတန် လက်မြန်တဲ့ အောင်သင်းဟာ အချေအတင် စကား ပြောနေဘို့ မောင်နုကို ခွင့်မပေးဘူး။ သူ့ဗလနဲ့ မောင်နုရဲ့ ဘယ်ဘက်မေးရိုးကို တအားထိုးလိုက်တာ မောင်နုလည်း အဲဒီနေရာက ဒီခဲလုံးပုံပေါ် ပုံလျက်သားကျသွားတယ်။ မောင်နုဟာ လက်သီးဒဏ်ကြောင့် မူးမူးနောက်နောက် ဖြစ်နေရာက ဆွဲမိဆွဲရာကို ဆွဲလိုက်တာ ဒီခဲလုံးတလုံးကို ဆွဲမိတယ်။ အဲဒါကြောင့် အတင်းကုန်းထပြီး ဒီခဲလုံးနဲ့ အောင်သင်းရဲ့ နားထင်ကို တချက်ဘဲထုနိုင်တယ်။ သူ့ထက် အရပ်နဲ့ ဗလ ကောင်းတဲ့ အောင်သင်းဟာ အပေါ်ကစီးပြီး လက်သီးမိုး၊ ဒူးမိုး၊ ခြေထောက်မိုးတွေ ရွာချနေလိုက်တာ မောင်နုရဲ့ညီ မောင်ဥသာ အဲဒီနေရာကို နှစ်မိနစ်လောက် နောက်ကျပြီး ရောက်လာမယ်ဆိုရင် မောင်နုရဲ့ အသက်ဟာ ထွက်သွားနိုင်စရာ အကြောင်းရှိတယ်။ သူ့ညီမောင်ဥဟာ ရန်ဖြစ်နေရာကို ရောက်လာပြီး ဒီခဲလုံးတလုံးနဲ့ တအားလွှဲပေါက်လိုက်တာ အောင်သင်းလည်း အဲဒီနေရာမှာ ပုံလျက်သားကျသွားတယ် ထင်တယ်။ အောင်သင်းရဲ့ လက်ကလွတ်တဲ့အချိန်မှာ မောင်နုဟာ သတိမရတော့ဘူး။ အတော်နှာနှပ် ယူရတယ်။ နောက်တခုပြောရဦးမယ်။ ၁၉၂၁ ခုနှစ်ထဲမှာ ဝှိုက် (White) ကော်မရှင်လို့ခေါ်တဲ့ စုံစမ်းရေး အဖွဲ့တခုကို ဘိလပ်အစိုးရတို့က ဖွဲ့ပေးလိုက်တယ်။ အဲဒီအဖွဲ့ကို ဂျီစီဘီအေ အသင်းချုပ်က သပိတ် မှောက်တယ်။ အဲဒါကြောင့် ဒီအဖွဲ့ဟာ ဝါးခယ်မကို ရောက်လာရင် သံပုံးတီးပြီး ဆန္ဒပြကြဘို့ ဝါးခယ်မ ဂျီစီဘီအေ အသင်းခွဲရဲ့ ခေါင်းဆောင်တချို့ ကစီစဉ်ကြတယ်။ အဲဒီလို သံပုံးတီးမဲ့လူတွေထဲမှာ နေရှင်နယ် ကျောင်းက မောင်နုတို့ လူစုလည်းပါသတဲ့။ ဝှိုက်ကော်မရှင်ဟာ ၁၉၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ ပုသိမ် ကိုအသွား ဝါးခယ်မမှာ ခဏနားတယ်။ သူတို့ရဲ့ သင်္ဘောဟာ ဝါးခယ်မမြို့ထိပ် ဝင်လာတဲ့အချိန်ကစပြီး တမြို့လုံးဆူညံသွားအောင် သံပုံးတွေ တီးကြတာပဲ။ မောင်နုတို့လူစုဟာ သင်္ဘောဆိပ်နားကပ်ပြီး တာဝန် ယူရတယ်။ အထက်အမိန့်အရ သူတို့ဟာ သံပုံးတွေကိုသာ မရပ်မနားတီးနေရမယ်၊ တခြားဘာမှ မလုပ်ရ ဘူး။ ဒါပေမဲ့ မောင်နုဟာ သံပုံးတီးနေရင်း နှလုံးသားတွေ ဆွေ့ဆွေ့ ခုန်လာတယ်ထင်တယ်။ ဘာမှ မပြောပဲ သူတို့လူစုထဲက ထွက်ပြီး အနားမှာရှိတဲ့ ဆိုင်တဆိုင်က ဘိလပ်ရည်ပုလင်းကို အတင်းဆွဲပြီး ဝှိုက်ကော်မရှင် စီးလာတဲ့ သင်္ဘောကို တအားပေါက်လိုက်တယ်။ ပုလင်းဟာ သင်္ဘောကို ထိပြီး အစိပ်စိပ်ကြေမွသွားတယ်။ မောင်နုလည်း ခဏတော့ အဖမ်းခံလိုက်ရသေးတယ်။

(ဂ) ၁၉၂၂ခုနှစ်။ မတ်လထဲမှာ မောင်နုဟာ နေရှင်နယ်ကျောင်းက ၈ တန်းအောင်တယ်။ အဲဒီအချိန်က မောင်နုမှာ ပညာဆက်သင်ဘို့ ရည်ရွယ်ချက်မရှိဘူး။ ပညာရဲ့တန်ဘိုးကိုလည်း သူမသိဘူး ဒါပေမဲ့ သူ့မိဘ တွေက အထူးသဖြင့် သူ့အဖေက ကျောင်းဆက်ထားချင်တယ်။ ဖြစ်နိုင်ရင်သူ့သားကို ဝတ်လုံဖြစ်စေ ချုင်တယ်။ အဲဒါကြောင့် ရန်ကုန် သရက်တောကျောင်းတိုက်ထဲမှာ ဖွင့်ထားတဲ့ အမျိုးသာကျောင်းမှာ ပညာ ဆက်သင်ဘို့ သူ့အဖေ ကိုစံထွန်းက စီစဉ်တယ်။ ရန်ကုန်ကို မသွားခင် လေးငါးရက်လောက် အလိုမှာ ဝါးခယ်မ ကုန်းလမ်းက ကုလားမ ဘမောင် လို့ခေါ်တဲ့ သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ ဘုရားကိုးဆူ ကပ်တယ်။ အဲဒီအိမ်မှာ သူငယ်ချင်းတွေ စုပြီး စကားပြောနေကြရင်း အေးမောင် စက်ကင်းဟာ မောင်နုကို လက်တို့ပြီး အပြင်ခေါ်သွားတယ်၊ မောင်နုတို့အတန်းထဲမှာ အေးမောင် နှစ်ယောက်ရှိတယ်။ အဲဒါကြောင့် ဒီအေးမောင်နှစ်ဦးကို ခွဲခြားတဲ့အနေနဲ့ သူ့ကို စက်ကင်း အေးမောင်လို့ ခေါ်တာဖြစ်တယ်။ အိမ်အပြင်ဘက် ရောက်တဲ့အခါ အေးမောင် စက်ကင်းက မောင်နု မင်းရန်ကုန်မှာ ကျောင်းသွားနေတော့မယ်၊ အဲဒီတော့ မင်းကို ငါအကောင်းဆုံးနဲ့ ဧည့်ခံမယ်လို့ပြောတယ်။ ဘယ်လိုဧည့်ခံမှာလဲလို့ မောင်နုက မေးတဲ့အခါ အိမ်မဲက ကောင်မအသစ်လေးတယောက် ရောက်လာတယ်လို့ ငါကြားရတယ်။ မင်းကို အဲဒီခေါ်သွားမယ်လို့ အေးမောင်စက်ကင်းက ပြန်ပြောတယ်။ အေးမောင်စက်ကင်းဟာ မောင်နုကို ရှေးဦးစွာ သူ့အိမ် ခေါ် သွားတယ်။ မောင်နုဟာ အေးမောင်စက်ကင်းရဲ့ ညွှန်ကြားချက်အတိုင်း ခေါင်းရင်းဘက်က အိမ်ကြားထဲကို သွားပြီး ပြူတင်းပေါက်အောက်မှာ စောင့်နေရတယ်။ အေးမောင် စက်ကင်းဟာ သူ့တာဖက်တာ အပေါ်အင်္ကျီ အသစ်တထည်ကို ဘုရားကြီးလမ်းနားက တရုပ်အပေါင်ဆိုင်မှာ သွားပေါင်ကြတယ်။ ရတဲ့ငွေ လေးကျပ်ယူပြီး ဝါးခယ်မအရှေ့ပိုင်းမှာ ရှိတဲ့ အိမ်မဲက ကောင်မအသစ်ကလေးဆီကို သူတို့သွားကြတယ်။ အဲဒီညက မောင်နု တွေ့ခဲ့ရတဲ့ အတွေ့အကြုံဟာ သူလူလားမြောက်တဲ့ အရွယ်မှာ ပထမဆုံးတွေ့ကြုံရတဲ့ အတွေ့အကြုံ ဖြစ်တယ်။ အဲဒါကြောင့် ထမင်းချက်ပန်းရီရဲ့ တိုက်တွန်းချက်အရ လှကြွေဆိုတဲ့ ကောင်မလေးနဲ့ လင်မယားလုပ်တမ်း ကစားခဲ့ကြစဉ်က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ တခြားစီ၊ တဘာသာစီ ဖြစ်နေတာကို တွေ့ရပြီး မောင်နုရဲ့စိတ်ထဲမှာ ဝမ်းသာတာရော၊ အံ့အားသင့်တာရော။ ကြိုက်တာရော ဗျောင်းဆန်သွားတာပဲ။


ဆက်လက်ဖေါ်ပြပါမည်။

Comments :

0 comments to “တာတေ စနေသားအခန်း (၂) (ဦးနု)”