အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ထိုင်းနိုင်ငံရေးအကြပ်အတည်း

ထိုင်းဝန်ကြီးချုပ် ဆူရာယွတ် ချူလာနွတ် ဆန္ဒမဲပေးနေပုံ


ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံတနိုင်ငံလုံးမှာ ဆန္ဒခံယူပွဲကျင်းပပါတော့မယ်။ ဒါနဲ့ပတ်သက်ပြီး Update ထိုင်းအကြောင်း နဲနဲလောက်မြည်းကြည့်ပါလား၊

သူတို့ ပြည်သူတွေရဲ့ ဘ၀ကလဲ ကျနော်တို့ နဲ့ တူပါ သကောဗျာ။
၂၀၀၆ စက်တင်ဘာ ၁၉ ရက်မှာ စစ်တပ်က အာဏာသိမ်းတယ်။ ၁၉၉၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာ သိမ်းသူတွေက သူတို့အကြိုက် ပြင်ဆင်ရေးဆွဲတယ်။ ဒီနေ့ သြဂုတ်လ ၁၉ ရက်မှာ အတည်ပြုနိုင်ဖို့ ဆန္ဒခံယူပွဲ လုပ်မယ်။မဲပေးခွင့်ရှိတဲ့အသက်ပြည့်သူဦးရေက ၄၅ သန်းလောက်ရှိတယ်။
ဇူလိုင် ၃၁ မှာ အခြေခံဥပဒေမူကြမ်းစာတန်း တွေကို အိမ်ထောင်စု ၁၉ သန်းမှာ ဝေထားတယ်။ ဒါကြောင့် လေ့လာဖို့ အချိန် ၁၈ ရက်ပဲ ရပါမယ်။ အချိန်တိုလွန်းတဲ့အတွက် ဒါကိုလည်း အများက ဝေဖန်ကြ ထောက်ပြကြ ပါတယ်။ အရင်ဖွဲ့စည်းပုံတွေအရဆိုရင် ဆန္ဒခံယူမယ်ဆိုရင် လေ့လာချိန် ၃ လလောက် ပေးရမယ်ဆိုပြီး သတ် မှတ်ထားပါသတဲ့။ အခုတော့ ၁၈ ရက်ပဲ ပေးပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုကထဲက ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၁၇ ခုရှိပြီ။ ဒီတကြိမ်က ၁၈ ခုမြောက်ဖြစ်ပါတယ်။ အာဏာသိမ်းတာတွေကလည်း အဲဒီအချိန်ကစလို့ ၁၇ ကြိမ် ကျော်ပါပြီ။
၁၉၉၇ ဖွဲ့စည်းပုံက ထိုင်းမှာ ဒီလိုခဏခဏဖြစ်နေတဲ့ အာဏာသိမ်းတာတွေကို ကာကွယ်နိုင်ဖို့ ဦးတည်ရေးဆွဲ ထားတာပါ။ ဒါကြောင့် ၉၇ အခြေခံဥပဒေက အာဏာသိမ်းမှုတွေကို ကာကွယ်နိုင်ပြီး ထိုင်းနိုင်ငံဟာ နိုင်ငံရေး တည်ငြိမ်ပြီး စီးပွားရေးတိုးတက်လာတာ အများအသိပါပဲ။ ဒါပေမဲ့ တခြားအန္တရာယ်တခုက ထပ်ပေါ်လာပြန် တယ်။ အဲဒါကတော့ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ လို အရာရာကို ငွေနဲ့ဝယ်ယူလိုက်နိုင်တဲ့ စီးပွား ရေးဘီလူးကြီးတကောင်ပေါ်လာပြန်တယ်။ ထပ်စင်ဟာ သူ့ရဲ့ အာဏာသက်တမ်း ၆ နှစ်အတွင်းမှာတော့ ပိုင်ဆိုင် မှု ၂ ဘီလျံ ရှိလာပါသတဲ့။ အဲဒီပမာဏ ဟာ ထိုင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁ % ရှိပါတယ်။
ဒါကတော့ ၉၇ အခြေခံဥပဒေရဲ့ အားနည်းချက်ပဲ။ အခုတော့ ဒါကိုထပ်ကာကွယ်ဖို့ ပြင်တဲ့ ၁၈ကြိမ်မြောက် အခြေခံဥပဒေမူကြမ်းတခု ထပ်ပေါ်လာပြန်ပါပြီ ဒါကို ထိုင်းပြည်သူတွေက ဘယ်လို အသိအမှတ်ပြုကြမလဲ ဆို တာကတော့ ဒီကနေ့ ဆန္ဒခံယူပွဲမှာ စောင့်ကြည့်ကြရမှာပါ။
ဝေဖန်သူများအဆိုအရ အာဏာသိမ်းစစ်အုပ်စုအတွက် အမြဲတန်း အသာစီးရစေမယ့် ဖွဲ့စည်းပုံလို့ ပြောကြ တယ်။ အချက်အလက်အနေနဲ့ ထောက်ပြကြတာကတော့ ၉၇ အခြေခံဥပဒေအရ အထက်အလွှတ်တော်အမတ် ၂၀၀ ရွေးကောက်တင်မြှောက်ခွင့်ရှိတယ်။ အခု ဆွဲထားတဲ့ ၂၀၀၇ ဥပဒေအရ ဆိုရင် အထက်လွှတ်တော်အမတ် ၇၆ ယောက်ပဲ အရွေးခံနိုင်ခွင့်ရှိပြီး နောက်ထပ် ၇၄ ယောက်ကို ၀ါရင့်ဗျူရိုကရက်အဖွဲ့က ခန့်အပ်ရမှာဖြစ်ပါ သတဲ့။ ဒီဥပဒေရေးဆွဲတာရဲ့ မူလဘူတ ကိုယ်၌ကို က ထပ်စင်ကိုဝိုင်းပယ်ဖို့ အခြေခံထားတာဖြစ်တော့ အာဏာ သိမ်းခံရတဲ့ စီးပွားရေးလက်ဝါးကြီးအုပ် ဘီလျံနာကြီး ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ ရဲ့ လူတွေက အပြင်းအထန်ဆန့်ကျင်ကြတာတော့ အဆန်းမဟုတ်ပါဘူး။ အရင်ရွေးကောက်ပွဲတွေမှာ ထိုင်း ၁၆ သန်းက ထပ် စင်ကို မဲပေးထားကြတာပါ။ ဒါကြောင့် ဒီ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူ ၄၅သန်းမှာ ထပ်စင်ထောက်ခံထားသူ က ၁၆ သန်း ပါပြီးသားဖြစ်နေပါတယ်။
ဆန္ဒခံယူပွဲ မှာ ဆန့်ကျင်ကန့်ကွက်မဲ များရင် အရင်ရှိပြီးသား ဖွဲ့စည်းပုံဟောင်း(၁၇ ခု) တွေထဲက ကြိုက်ရာတခုကို ပြင်ပြီး ယူသုံးလို့ရတယ်လို့ တည်ဆဲဥပဒေက ဆိုထားပါတယ်။ ဒါကလည်း လက်ရှိစစ်အုပ်စုဦးစီးတဲ့ အမျိုးသား လုံခြုံ ရေးကောင်စီနဲ့ သူတို့စိတ်ကြိုက်ခန့်အပ်ထားတဲ့ ၀န်ကြီးအဖွဲ့ သဘောပါပဲ။ ဝေဖန်သူတွေအပြောဆိုရင် သူတို့က ၉၇ အခြေခံဥပဒေကို ပြန်မသုံးဖူး ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အခြေအနေတွေ က နောက်တလှမ်း ပြန်ဆုတ်သွားဖို့ပဲ ဖြစ်မှာပါပဲတဲ့။
ဥပဒေပညာရှင်တယောက်အဆိုအရဆိုရင် ထိုင်းမှာ ဒီမိုကရေစီ ပုံစံ သုံး ရပ်ပဲ ရှိတယ်တဲ့။
ပထမက အရင် ၀န်ကြီးချုပ်ဟောင် ထပ်စင် တို့ စီးပွားရေး သမား အီလစ် တွေအတွက် ပုံစံတခု။
ဒုတိယက လက်ရှိစစ်အုပ်စိတ်ကြိုက် ပုံစံတခု နဲ့
တတိယနဲ့ နောက်ဆုံး တခုကတော့ ပြည်သူလူထု ကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီပုံစံ ဖြစ်ပါသတဲ့။
အဲဒီအထဲမှာ ပြည်သူတွေအတွက် ဒီမိုကရေစီပုံစံကတော့ ၁၉ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာမှပဲ မျှော်လင့်နိုင်မှာ ဖြစ်ပါသတဲ့ဗျာ။ အခုဖွဲ့စည်းပုံကတော့ ၁၈ ကြိမ်မြောက် ဖြစ်ပါတယ်။
Jakrapob Penkair က ထိုင်းလူမျိုးတွေရဲ့ လူ့သဘောလူ့သဘာဝ ကိုလည်း ဟောဒီလို ဖွင့်ဟပြခဲ့ပါသေးတယ်။ "ထိုင်းလူမျိုးတွေက ရှုံးတဲ့သူတွေအပေါ်စာနာတတ်တယ် ၊ ဒါပေမဲ့ နိုင်သူဘက် ကိုပဲ ရပ်ကြတယ်" တဲ့
ကျနော်တို့ တိုင်းပြည်လိုဘဲ ထိုင်းပြည်သူတွေရဲ့ ဘ၀က ထွက်ပေါက်ပိတ်နေပါလား။
နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် ကဲ ဆိုတာ ဒါမျိုး များလားပဲ။
မိုးကြိုးမောင်
၁၉၊ ဩဂုတ်၊ ၂၀၀၇

မှတ်ချက်။ ။မိုးကြိုးမောင်မှကူးယူဖေါ်ပြသည်။

Comments :

0 comments to “အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ထိုင်းနိုင်ငံရေးအကြပ်အတည်း”