မဲဆောက်အလုပ်သမား

ကုန်းတွင်းပိတ်မြို့လည်းဖြစ်တောင်ပေါ် မြို့လေးလဲဖြစ်တဲ့ထိုင်းနိုင်ငံမဲဆောက်မြို့လေး ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာတာဟာ များပြားလှတဲ့မြန်မာ ပြည်သား တွေရဲ့ လုပ်အားကြောင့်ဆိုရင်မမှားနိုင်ဘူးလို့ ပြောရပါမယ်။
ဒီ်မြို့လေးမှာရှိတဲ့ လမ်းတံတား၊ တိုက်တာအဆောက်အဦး၊ ကုန်ကြမ်း ကုန်ချောစတဲ့ အရာတော်တော်များများဟာ မြန်မာပြည်သားရဲ့ လုပ်အားမပါတဲ့အရာကရှားပါးပါတယ်။


အမှိုက်သိမ်း တံမြက်စည်းလှည်း၊ အိမ်ဖေါ် စတဲ့အောက်ခြေသိမ်းအလုပ်ကအစ လမ်းတံတား၊ ပန်းရံ၊ လက်သမား၊ လယ်သမား၊ တောင်ယာနဲ့စက်ရုံအလုပ်ရုံများအထိ မြန်မာပြည်သားချည်းပါပဲ။ အိမ်တအိမ်ကို ရက်ကွက်အကူနဲ့ ၀ိုင်းဆောက်လိုက်သလိုမျိုး မြန်မာပြည်သားများရဲ့အင်အားနဲ့မဲဆောက်မြို့လေး တဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာ တာဘာမှ မထူးဆန်းပေမဲ့ မြန်မာပြည်သားတွေရဲ့ဘ၀တွေကတော့ ဒုံရင်းကဒုံရင်းပါပဲ။
အလုပ်များများခိုင်းပြီး လုပ်အားခနဲနဲပဲပေးချင်ကြတဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ များပြားလှတဲ့မြန်မာပြည်သားတွေရဲ့လုပ်အားကတော့ သကာခဲ ကြီးပေါ့။
ပေါလိုက်တဲ့ အလုပ်သမားတွေကလည်း “အလုပ်သမားအလိုရှိသည်”လို့ဆိုင်းဘုတ် တင်လိုက်တာနဲ့စက်ရုံတွေအရှေ့မှာ ပုရွက်ဆိတ်တွေအုံသလို အုံနေတော့တာပဲ။ ဒီတော့လုပ် ငန်းရှင်တွေကလည်း အလုပ်သမားတွေကို စိတ်ကြိုက်ချယ်လှယ်နေတော့တာပေါ့။
ကျနော်လုပ်တဲ့သိုးမွှေးစက်ရုံအပါအ၀င် အခြားစက်ရုံတော်တော်များများမှာပါ တနေ့ ၂၄ နာရီမှာ ၁၄ နာရီလောက်အထိအလုပ်သမားတွေကိုခိုင်းတတ်ကြတယ်။ နေ့စားအလုပ် သမားတွေဆိုရင် ည ၁၁ - ၁၂ နာရီ လောက်အထိအလုပ်လုပ်ကြရတယ်၊ တခါတရံ မိုးလင်း ပေါက်တိုင်အောင်ခိုင်းတတ်ကြသေးတယ်။ တနေ့ကို ၁၁ နာရီ (နံနက်၈း၀၀ မှ ည ၉း၀၀နာရီ) အထိ ပုံမှန်အလုပ်ချိန်အဖြစ်သတ်မှတ်ထားပြီး ည ၉ နာရီကျော်မှ OT ( Over- Time) အဖြစ်သတ်မှတ်ပေးတယ်၊ မဲဆောက်မြို့ကစက်ရုံအလုပ်ရုံတိုင်းဒီအတိုင်းချည်းပဲ။ OT ကြေးကို ၂ နာရီ ၁၅ ဘတ်ပေးပြီး တချို့စက်ရုံတွေမှာဆို ၃ ဘတ်တန် မားမားနှစ်ထုပ်လောက်ပဲ ပေးတယ် OT ကို ၃ နာရီလောက်ခေါ်လိုက်လို့ အလုပ်ရှင်အတွက် ၂၀ ဘတ်နဲ့ နေ့စားခ ၅၀ ဘတ် ပေါင်း ၇၀ ပဲရှိတယ် တန်လိုက်တဲ့လုပ်အား အလကားရသလိုပါပဲ၊ အလုပ်သမားအတွက် တော့ တနေ့ကိုနှစ်ရက်စာနီးပါးလုပ်ရပြီး လုပ်အားခကြတော့ရက်ဝက်စာလောက်ပဲရကြတာ အလွန်နစ်နာပါတယ်။ နေ့စား Sections တွေ၊ မိန်းခလေးအများဆုံးရှိတဲ့စက်ရုံတွေမှာ အားလုံး ဒီပုံစံချည်းပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံထက်စာရင်တော်ပါသေးတယ်ဆိုပြီး ဖြေသိမ့်နေကြရတဲ့ မြန်မာပြည်သားတွေရဲ့ ဒုက္ခကမသေးလှသလို အနာဂတ်တွေကလည်းရင်လေးစရာပါ။
အရင်းစစ်တော့အမြစ်မြေကဆိုသလို အလုပ်လည်းမပေးနိုင်၊ ကုန်ဈေးနှူန်းတွေကကြီး စီးပွားရေးတွေကကြပ်တည်းရတဲ့အထဲ အားအားရှိလုပ်အားပေးခိုင်းလိုက် ကြက်ဆူပင်စိုက်ခိုင်း လိုက်နဲ့ဆိုတော့ ဘယ်သူကနေနိုင်မလဲ၊ နိုင်ငံအတော်များများမှာ မြန်မာပြည်သားအလုပ်သမား တွေအများကြီးပဲ၊ ကမ္ဘာ့အရပ်ရပ်အတွက် မြန်မာနိုင်ငံတွင်အလုပ်သမားများမွေးဖွားပေးနေပါ သည်လို့တောင်ဆိုင်းဘုတ်တင်စရာမလိုအောင် ဖြစ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ်သူတပါးနိုင်ငံမှာ တော့နှစ်ရှည်လများမနေနိုင်ပါဘူး ကိုယ့်နိုင်ငံကိုယ့်ဒေသမှာပဲ အေးအေးချမ်းချမ်းနေချင်ကြ တာပါ။ ဒါပေမဲ့ လမ်းတခု တံတားတစင်းကိုတောင် တမိုးခံအောင်မဆောက်နိုင်ကြတဲ့၊ ရသမျှအိပ်ထဲထိုးထည့်ပြီး တကိုယ်ကောင်းဆန်တတ်ကြတဲ့၊ ၁၀ စုနှစ်တခုအတွင်း ဘဲဥတလုံး ၁၅ ကျပ်ကနေ ၁၅၀ ဖြစ်အောင်စွမ်းဆောင်ပေးတတ်တဲ့ဒီလိုအစိုးရမျိုးရဲ့လက်အောက်မှာ ဘယ်လိုသွားလုပ်စားမလဲ။
မြန်မာပြည်မှာဒီမိုကရေစီဆိုတာကြီးမရသေးရင်လဲနေပါစေ၊ စစ်တပ်နဲ့အုပ်ချုပ်တဲ့စစ် အစိုးရဆိုတာနဲ့ ဒီစနစ်ဆိုးကြီးတွေမရှိတော့ရင်တော်ပါပြီ၊ မြန်မာပြည်ပြည်ကိုပြန်ချင်လှပါပြီ။

Comments :

0 comments to “မဲဆောက်အလုပ်သမား”